NDAA (မိုင်းလား) နဲ့ UWSA/UWSP (“ဝ”) တပ်ဖွဲ့တို့ကို NSPNC အဖွဲ့ သွားရောက်တွေ့ဆုံ

ပန်ဆန်း၊ ဇွန် ၁၉-၂၀၂၆
Shy V (VOM)
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ FPNCC အဖွဲ့ဝင်ဖြစ်တဲ့ NDAA (မိုင်းလား) နဲ့ UWSA/UWSP (“ဝ”) တပ်ဖွဲ့တို့ကို ဆက်တိုက် သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံတာပါ။ NCA နဲ့လည်း ဆက်စပ်နိုင်ပါတယ်။ ဇွန်လ ၁၇ ရက် ညနေပိုင်းမှာ မိုင်းလားကို ရောက်လာပြီး အဲဒီကနေ ပန်ဆန်းကို ဆက်သွားတာပါ” လို့ ဒေသခံ အမျိုးသားတယောက်က VOM ကို ပြောပါတယ်။
NSPNC အဖွဲ့ဟာ ဇွန်လ ၁၇ ရက် ညနေပိုင်းမှာ အထူးဒေသ (၄) မိုင်းလားကို ရောက်ရှိခဲ့ပြီး NDAA ခေါင်းဆောင်ပိုင်းနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဇွန်လ ၁၈ ရက်မှာတော့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ရဲ့ ဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့ကို ဆက်လက်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရတပ်နဲ့ နီးစပ်သူ တယောက်ကတော့ တွေ့ဆုံမှုမှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အထူးဒေသ (၄) ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းနဲ့ အဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ပြောပါတယ်။
NDAA (မိုင်းလား) ဘက်က ထုတ်ပြန်ချက်အရ နှစ်ဖက်ခေါင်းဆောင်တွေဟာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပန်ဆန်းမှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး WSTV ရဲ့ ထုတ်ပြန်ချက်မှာလည်း ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အခြေစိုက် Wa News Land မှာလည်း ဇွန်လ ၁၈ ရက်က ပန်ဆန်းမြို့မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ NSPNC အဖွဲ့နဲ့ UWSA/UWSP (“ဝ”) တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲကို NSPNC ကိုယ်စားလှယ်အဖွဲ့နဲ့အတူ UWSA/UWSP ဗဟိုကော်မတီမှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ ဒေသခံ အမျိုးသားတယောက်ကတော့ “ကြည့်ရတာ ကိုးကန့် MNDAA နဲ့ TNLA ဘက်ကို ဖိအားပေးနိုင်ဖို့ မိုင်းလားနဲ့ ဝ ကို အရင်သွားတွေ့တာမျိုး ဖြစ်နိုင်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။
နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတချို့ကတော့ အခုတွေ့ဆုံမှုတွေဟာ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲထက် အပြန်အလှန် ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်ထိန်းထားနိုင်ဖို့နဲ့ FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးပမ်းမှုတရပ် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
UWSA နဲ့ NDAA တို့ဟာ ကိုးကန့် MNDAA၊ TNLA၊ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ FPNCC အဖွဲ့ဝင်တွေ ဖြစ်ကြပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ အင်အားစုတွေလည်း ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW