KKA (VOM )
တောင်ပေါ်အပန်းဖြေမြို့တော် ပြင်ဦးလွင်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အခုအခါ ဥပဒေကြောင်းအရ အရေးယူမှုေတွကြောင့် အိမ်ခြံမြေဝယ်ယူသူများနဲ့ရင်းနှီးမြှုပ်နှံသူတွေ သတိထားပြီး ရောင်းဝယ်နေရတဲ့အတွက် မြေအရောင်းအဝယ် နှေးသွားတယ်လို့ ချယ်ရီအောင် မြေအကျိုးဆောင်လုပ်ငန်းက ကိုခင်မောင်ထွန်းက VOMကိုပြောပါတယ်။
“အဝယ်က မေလလောက်ကမှ နည်းနည်းဖြစ်ကြသေးတယ်။ ဇွန်လပထမပတ်ထဲ အရောင်းအဝယ်က မရှိသလောက်အေးသွားတယ်။ အေးသွားတာ နှစ်မျိုးရှိတယ်ဗျ။ တမျိုးက အခုညွှန်ကြားချက်တွေ ထွက်တာတွေ့တယ်မဟုတ်လား။အဲဒီလို ညွှန်ကြားချက်တွေက အခုမှမဟုတ်ဘူး။အရင်ကလည်းထွက်တာပဲ။ ဝယ်မယ့်သူက အဲဒီအချက်တွေကြည့်ပြီးတွန့်သွားကြတယ်။ ကျွန်တော်အကျိူးဆောင်တွေကလည်း ဝယ်ယူသူမနစ်နာအောင် သေချာစီစစ်ပြီးဝယ်ပေးကြတယ်။ တချို့ ကြိုက်ရောင်း ကြိုက်ဝယ်လုပ်နေတဲ့ ပွဲစားအလွတ်တွေရှိတယ်။ သူတို့က ရောင်းရပြီးရော ဘာမြေ ညာမြေလုပ်မနေဘူး။ ရောင်းချပစ်တော့ ကျွန်တော်တို့တကယ် အကျိုးဆောင်တွေ နစ်နာတာပေါ့။အခုဆို တကယ်အဖျက်ခံရ အသိမ်းခံရတော့ ပြီးရော အကုန်ဆုံးရှုံးနစ်နာကုန်တယ်။အဲဒီအဖြစ်တွေကြောင့် မြေအရောင်းအဝယ်မဖြစ်တော့ဘူး။ နောက်တစ်မျိုးက ရွာမြေစစ်စစ်ပါ။ဘာစာရွက် စာတမ်းတွေရှိပါတယ်ပြောပြီး အရပ်စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြ။ အွန်လိုင်းကကြော်ငြာပြီး ရောင်းကြဝယ်ကြ။ အခုအများစု ရွာဘက်အခြမ်းတွေမှာ စီမံကိန်းမြေတွေနဲ့ မလွတ်လို့အသိမ်းခံရတာတွေက အဲလိုဝယ်ခဲ့ကြတာတွေများတယ်။”လို့ ကိုခင်မောင်ထွန်းကပြောပါတယ်။
မြေဝယ်ယူမယ့် သူများအနေနဲ့ အမှန်တကယ်နေဖို့ဖြစ်ဖြစ် ရင်နှီးမြုပ်နှံချင်လို့ပဲဖြစ်ဖြစ် စိတ်ကူးမိတာနဲ့ ဝယ်ယူမဲ့နေရာကို ကိုယ်တိုင်းသွားကြည့်တာ ဒါမှမဟုတ် အမှန်တကယ် မြေအကျိုးဆောင်လုပ်နေတဲ့သူတွေနဲ့တိုင်ပင်ပြီး မြေရာဇဝင်ကြည့်တာတွေလုပ်သင့်ပါတယ်လို့ ကိုခင်မောင်ထွန်းက အကြံပြုပါတယ်။
လတ်တလော မြေပြင်အခြေအနေများအရ ရတနာပုံမြို့သစ်စီမံကိန်းနယ်မြေအတွင်း ကျရောက်နေတဲ့ ပြင်ဦးလွင် သုံးထောင်ကျေးရွာ (မန္တလေးအဆင်းဘက်ခြမ်း) ရှိ ဆိုင်ခန်းနှင့် နေအိမ် ၁၀၀ကျော် ရှင်းလင်းဖယ်ရှားပေးခံခဲ့ရတာ ပြီးခဲ့တဲ့ မတ်လကလည်း ပြင်ဦးလွင်ဘူတာအနီးရှိ လမ်းနယ်နဲ့မလွတ်လို့ နေအိမ်အချို့ ဖျက်ဆီးရှင်းလင်းပေးရတာတွေရှိခဲ့ပါတယ်။တချို့လည်း ကော်ဖီ၊ပိုးစာ စီမံကိန်းနယ်မြေတွေနဲ့မလွတ်လို့ သိမ်းဆည်းခံရတာ ဖယ်ရှားခံရတာတွေလည်း ရှိပါတယ်။
သုံးထောင်ကျေးရွာ လမ်းဘေးက ဖယ်ရှားခံလိုက်ရတဲ့ မသန္တာအောင်ကတော့
“ကျွန်မတို့ အခုဖျက်ပေးလိုက်ရတဲ့ဆိုင်ခန်းက နှစ်ဆက်ပြောင်းပြီးဝယ်ခဲ့တဲ့နေရာပါ။ ရွာမြေ မြေစာရင်းမှာလည်း ရွာမြေပါ။ ဒီမှာ အခြေချနေထိုင်တာ ၁၄နှစ်ထဲတောင်ရောက်ပါပြီ။ သူတို့စီမံကိန်းနဲ့မလွတ်လို့ပဲ ဖယ်ခိုင်း၊ဖယ်ခိုင်း၊ဥပဒေနဲ့ မညီညွှတ်လို့ပဲဖယ်ခိုင်းခိုင်း လက်သင့်ခံပါတယ်။ဒါပေမယ့် ပြန်လည်စိစစ်ပြီး ရွာမြေမှန်တယ်ဆိုင်ရင် သင့်တော်မယ့် နေရာလေးတော့ အစားထိုးပေးသင့်ပါတယ်။”လို့ VOMကိုပြောပါတယ်။
သုံးထောင်က ဖယ်ရှားပေးခဲ့ရသူ တချို့နဲ့ VOM စကားပြောကြည့်ရာမှာတော့ အများစုက နေရာအငှားဖြစ်ဖြစ်၊အစားထိုးမြေဖြစ်ဖြစ် ရချင်ကြတယ်လို့ဆိုကြပါတယ်။အနီးစခန်း လေယာဉ်ကွင်း ဧရိယာနဲ့မလွတ်လို့ ဖယ်ရှားခံရသူများကလည်း အစားထိုးနေရာလေးများ စီမံဆောင်ရွက်ပေးနိုင်လျင် အဆင်ပြေနိုင်ကြောင်းဆိုကြသည်။
“အစားထိုးမြေးတောင်းလို့ အလကားလို့မထင်ပါနဲ့ရှင့်။သက်ဆိုင်ရာအဖွဲ့ စီမံခန့်ခွဲလို့ရမယ့် မြေထဲက သင့်တော်မယ့်ဈေးလေးနဲ့ ပြန်ရောင်းချပေးဖို့ပါပဲ။ တန်ဖိုးမပေးရပဲ အစားရတော့လည်း ကောင်းတာပေါ့။”လို့ ဖယ်ရှားပေးခံခဲ့ရသူ တဦးကပြောပါတယ်။
အစိုးရအနေဖြင့် ဖယ်ရှားခံခဲ့ရတဲ့ အမှန်တကယ်နစ်နာသူတွေကို စီမံခန့်ခွင့်ရှိတဲ့ မြေလွတ်တွေမှာ အကွက်ရိုက်ပြီး စိစစ်ပေးနိုင်ဖို့ သမ္မတကြီးထံ စာတင်ပြီး အသနားခံဖို့လည်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့၂၀၂၆ခုနှစ်၊ ဇွန်လ (၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ဆုံးဖြတ်ချက်များအရ လယ်ယာမြေများပေါ်မှာ တရားမဝင် ကွက်စိပ်ရိုက်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် အွန်လိုင်းပေါ်တွင် ရောင်းချနေခြင်းများကို ထိရောက်စွာ အရေးယူတော့မည်လို့ တရားဝင် ညွှန်ကြားချက် ထွက်ပေါ်လာပါတယ်။
အဲဒီ လမ်းညွှန်ချက်မှာ အရေးကြီးတဲ့ ကန့်သတ်ချက် (၇) ချက် ပါဝင်ပါတယ်။
(၁)အွန်လိုင်းရောင်းဝယ်မှုကို ထိရောက်စွာ အရေးယူခြင်း
လူမှုကွန်ရက်ပေါ်တွင် တရားမဝင် လယ်မြေများကို ကွက်စိပ်ရိုက်၊ အဆောက်အအုံ ဆောက်လုပ်ကာ ရောင်းချနေမှုများကို အရေးယူမည်။
(၂)အတိတ်ပြန်ဆွဲ၍ ဖြိုဖျက်ရှင်းလင်းခြင်း
SOP နည်းလမ်းများအတိုင်း(၁၈.၈.၂၀၂၃) နောက်ပိုင်း လယ်မြေများပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းသွားမည်။
(၃)ခွင့်ပြုချက် လုံးဝပိတ်ပင်ခြင်း
ပုံစံ (၇) ရှိထားခြင်း မရှိသော လယ်ယာမြေများအား အခြားနည်းလျှောက်ထားမှု လက်ခံဆောင်ရွက်ပေးခြင်း မပြုရန်နှင့် ထောက်ခံချက် ပေးခြင်းများ လုံးဝမပြုလုပ်ရန် တားမြစ်ထားသည်။
(၄)မွေးမြူရေးခြံများ စစ်ဆေးခြင်း
ဥပဒေနှင့်မညီသော မွေးမြူရေးခြံများကို ဖယ်ရှားရှင်းလင်းမည်။
(၅)ပြန်လည်ကျူးလွန်မှုနှင့် တာဝန်ရှိသူကိုပါ အရေးယူခြင်း
အောင်ချမ်းသာကျေးရွာတွင် ယခင်က ဖယ်ရှားရှင်းလင်းပြီးသော နေရာများ၌ ပြန်လည်ဆောက်လုပ်ထားသူများကို အရေးယူရုံမက တာဝန်ရှိသူအဆင့်ဆင့်ကိုပါ အရေးယူမည်။
(၆)ပစ်မှတ်ဧရိယာများ စာရင်းပြုစုခြင်း
မြေယာကွက်စိပ်ရိုက်မှု အများဆုံးတွေ့ရှိနေရသည့် ရပ်ကွက်ကြီး (၁၇)၊ နောင်လှိုင်၊ အင်းယား နှင့် အောင်ချမ်းသာကျေးရွာအုပ်စုများရှိ ကျူးလွန်ဆောင်ရွက်နေသည့် စာရင်းများကို ပြုစုတင်ပြရန် ညွှန်ကြားထားသည်။
(၇)အောက်ခြေဝန်ထမ်းများ တာဝန်ပျက်ကွက်မှု အရေးယူခြင်း
ကျေးရွာ (လယ်စီ) အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့မှ အထက်ဌာနသို့ သတင်းပေးပို့ရန် ပျက်ကွက်ပါက တာဝန်ရှိသူများကို အရေးယူမည်။
လက်ရှိ ပြင်ဦးလွင်အိမ်ခြံမြေလောကကို လွှမ်းမိုးနေသည်မှာ ဈေးနှုန်းတစ်ခုတည်း မဟုတ်တော့ဘဲ မြေရာဇဝင်၊ စီမံကိန်း၊ မြေသိမ်းမှုနှင့် ဥပဒေရေးရာ မသေချာမှုများ ဖြစ်လာနေပါတယ်။ အချို့နေရာများမှာ မြေစာရင်းစာရွက်စာတမ်းများလည်း အတုအစစ်ရောထွေးပြီး အရင်က စီမံကိန်းနေရာများမှာ ဂရံတွေထွက်ထားတာတွေရှိပါတယ်။ဂရံတွေရှိပေမယ့် စီမံကိန်းတွေ ပြန်လည်အသက်ဝင်လာတဲ့အခါ အသိမ်းခံရတာတွေလည်းရှိတယ်လို့သိရပါတယ်။
ဒါတွေဟာ အငြင်းပွားစရာဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ သေချာစီစစ်အရေးယူတာတွေလည်း လုပ်သင့်ပြီး စီမံကိန်းနယ်မြေမှန်သိသိကြီးနဲ့ဂရမ်ထုတ်ပေးတာတွေက ဘယ်သူတွေတာဝန်ယူသင့်တယ်ဆိုတာကလည်း စဉ်းစားစရာဖြစ်ပါတယ်။ ဝယ်ယူသူတွေကလည်း ဖြစ်သွားမှ နစ်နာတယ်လို့ဆိုကြပေမယ့် အမှန်တော့ သူတို့လည်း အမှားမကင်းကြပါဘူး။
အများစုက လောဘနဲ့ သေချာမလေ့လာဘဲ ဈေးသက်သာတဲ့ လယ်ယာမြေကွက်စိတ်များကို အလျင်စလို ဝယ်ယူမိရာက ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ေနရတာလည်းဖြစ်ပါတယ်။အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက် နောက်ပိုင်းမှစပြီး လယ်ယာမြေကွက်စိတ်များကို ဝယ်ယူကာ အိမ်ဆောက်မိသူများအနေနဲ့ အိမ်ကော မြေပါ ဆုံးရှုံးနိုင်မည့် အန္တရာယ်နဲ့ရင်ဆိုင်နေရတော့မှာဖြစ်ပါတယ်။
ဒါကြောင့် ပြင်ဦးလွင်ဒေသမှာ မြေယာ ဝယ်ယူလိုသူများအနေနဲ့ မိမိဝယ်ယူမယ့် မြေကွက်ဟာ တရားဝင် အခြားနည်းအသုံးပြုခွင့် (ဥပမာ- ပုံစံ ၁၀၅) ကျပြီးသား မြေ ဟုတ်မဟုတ်၊ ဥပဒေနှင့် ညီညွတ်မှု ရှိမရှိကို သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနများနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှာ သေချာစိစစ်မေးမြန်းပြီးမှပဲ ဝယ်ယူကြဖို့လိုပါတယ်။
