ဇွန် ၂၁ – ၂၀၂၆
SN (VOM)
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မနေ့ ဇွန် ၂၀ ရက် ညပိုင်းကနေစပြီး ဒီကနေ့ ဇွန် ၂၁ ရက်၊ မနက် အစောပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မင်းတပ်မြို့ (အရှေ့ဘက်ခြမ်း) မှာ မနေ့ ဇွန် ၂၀ ရက်၊ ည ၈ နာရီ ၄၂ မိနစ်ဝန်းကျင်ကနေစပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ည ၉ နာရီ၊ မိနစ် ၂၀ အထိ လေကြောင်းဖြစ်စဉ် ၁၅ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မနေ့ ည ၁၁ နာရီ ၂၉ မိနစ်ဝန်းကျင်မှ စတင်ကာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့တာမှာ ဒီကနေ့ မနက် ၁၂ နာရီ ၄ မိနစ်ဝန်းကျင်အထိ လေကြောင်းဖြစ်စဉ် ရှစ်ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခိုက်မှုက ဒီလထဲမှာ အကြိမ်ရေ ပိုစိပ်လာတယ်။ ဇွန်လဆန်းပိုင်းလောက်ကစပြီး နေ့တိုင်း၊ ညတိုင်းလို ဆက်တိုက်ဖြစ်နေတာ။ မြေပြင်တိုက်ပွဲ ပြင်းထန်လေ၊ လေကြောင်းတိုက်ခိုက်တာ ပိုဖြစ်လာလေပဲ။ စစ်ရေးဗျူဟာ အရ အသာစီးရယူဖို့၊ မြေပြင်မှာ စစ်ကူဝင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့အတွက် လေကြောင်းကနေ ဖိအားပေးနေတဲ့ပုံပါ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေ၊ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ အထိုင်ချစခန်းတွေကို အဓိက ပစ်မှတ်ထားထားပုံရတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
မင်းတပ်မြို့ဟာ နာမည်ကျော်ခရီးသွားဒေသ ခေါနုသုမ် (နတ်မတောင်) တည်ရှိရာ ချင်းပြည်နယ်တောင်ပိုင်းရဲ့ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတခုဖြစ်တာကြောင့် အစိုးရတပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကလည်း ညနေ ၄ နာရီ ၃၃ မိနစ်ဝန်းကျင်မှ ညနေ ၅ နာရီခွဲဝန်းကျင်အထိ မင်းတပ်မြို့ အနီးဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ခန့် ဖြစ်ပွားခဲ့သလို အဲဒီနေ့ မနက် ၇ နာရီခွဲဝန်းကျင်ကနေ မနက် ၈ နာရီ ၆ မိနစ်ဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန် ၁၇ ရက်နေ့ကလည်း မင်းတပ်မြို့မှာ တရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ် ပြုလုပ်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့သလို ဇွန် ၁၆ ရက်ကလည်း အဲဒီမြို့ပေါ် တနေရာကို လေကြောင်း နှစ်ကြိမ်၊ ဇွန် ၁၆ ရက်မှာ မြို့အရှေ့ခြမ်း တနေရာကို လေးကြိမ်၊ ဇွန် ၁၅ ရက်မှာ ခုနစ်ကြိမ်၊ ဇွန် ၁၄ ရက်မှာ ငါးကြိမ်၊ ဇွန် ၁၃ ရက်က ငါးကြိမ်၊ ဇွန် ၁၂ ရက်မှာ သုံးကြိမ် လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ မကွေး၊ ယောဒေသ၊ ဆောနဲ့ ကျောက်ထုမြို့တွေကတဆင့် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာမှာ မေလ ၁၈ ရက်မှစတင်ကာ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို မေလ ၃၀ ရက်မှာ မင်းတပ်ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် ချင်းတောင်ပိုင်းမှာ ဒီကနေ့အချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
လက်ရှိ ကန်ပက်လက်မြို့နယ်မှာလည်း တိုက်ပွဲနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားလျက်ရှိတာမှာ ဇွန် ၂၀ ရက်နေ့၊ မနက်ပိုင်းက အဲဒီမြို့ အရှေ့ခြမ်းတနေရာမှာ ၁၀ မိနစ်အတွင်း လေကြောင်း လေးကြိမ် ဖြစ်ပွားခဲ့သလို နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရတပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်ရဖို့ စစ်ရေး ဖော်ဆောင်နေတာမှာ စုစည်း ထိုးစစ်ဆင်ခြင်းမျိုး မဟုတ်ဘဲ စစ်အင်အား အများအပြားကို တမိုင်ကျော်ခန့် ဖြန့်ကျက်ကာ ဝိုင်းပတ်ပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက တန်ပြန်ခုခံနေတယ်လို့ သိရပါတယ်။
တိူက်ပွဲတွေကြောင့် ချင်းတောင်ပိုင်းမြို့တွေနဲ့ ယောဒေသတောင်ပိုင်းရှိ ဆောနဲ့ ကျေးရွာ ၂၅ ရွာဝန်းကျင်က ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရပြီး အဲဒီ စစ်ရှောင်တွေဟာ အစိုးရတပ်ရဲ့ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကိုလည်း ထပ်မံ ရင်ဆိုင်နေရတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Photo – CJ
