မိုင်းငေါ့မှာ ရွှေ အလွန်အကျွံ တူးလာ

ဇွန် ၂၀၊ ၂၀‌‌၂၆
Shy V (VOM)
TNLA တပ်ဖွဲ့ ထိန်းချုပ်ရာ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်မှာ ရွှေ အလွန်အကျွံ တူး‌ဖော် လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“စက်ကြီးတွေနဲ့ အလုပ်သမားအများအပြားနဲ့ တူးကြတာတွေ့တယ်။ တချို့ဆို ရွှေထွက်တဲ့နေရာဆို မြေအပြတ် ပိုင်ရှင် ဆီဝယ်ပြီး တူးကြတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လက်ရှိ အဓိက တူးဖော် နေတဲ့ လုပ်ငန်းရှင်တွေက တရုတ်တွေများတယ်လို့ သူက ပြောပါတယ်။
အရင် အစိုးရကတည်းက အဲဒီ ဒေသမှာ ရွှေ တူးဖော်မှုတွေ ရှိခဲ့ပေမယ့် ၂၀၂၁ နောက်ပိုင်း ရွှေတူးဖော်မှုတွေ ပိုမိုများပြားလာတွေ့ရတယ်လို့ သူက ပြောပါတယ်။
“မိုင်းငေါ့မှာ ရွှေတူးတာက အဖွဲ့ပေါင်းစုံပဲဗျ။ TNLA နဲ့ SSPP အဓိက ဖြစ်မှာပါ။ တူးတာက တရုတ်လုပ်ငန်းရှင်တွေ” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
လောလောဆယ်မှာတော့ လယ်စိုက်ချိနိ ရောက်ပြီဖြစ်တာကြောင့် အဓိက ရေထွက်ဦး နေရာ၊ လယ်အထက်ဘက် နေရာတွေမှာ ရွှေတူးတာတွေ ရပ်နားဖို့ TNLA ဖက်က အကြောင်းကြားထားတယ်လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့ အပြားမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက ဒေသတွင်း လက်နက်ကိုင်တွေနဲ့ ချိတ်ဆက်ယူပြီး ရွှေ အပြင် သတ္တု အမျိုးမျိုးကို တူးဖော်ကာ တရုတ်ဘက် သယ်ယူနေတာ ဖြစ်ပါတယ်။
ယမန်နေ့ ဇွန် ၁၉ ရက်‌နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ ဝမ်လန်းကျေးရွာအနီးမှာ တရားမဝင် ရွှေတူးဖော်ဖို့ ပြင်ဆင်နေတဲ့ တရုတ်နိုင်ငံသား ၁၇ ဦးနဲ့ လာအိုနိုင်ငံသား ၂ ဦးကို ရွှေတူးဖော်ရေး စက်ကိရိယာတွေ၊ ရွှေမျောဖောင်တွေ၊ မီးစက်တွေနဲ့အတူ လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။ အစိုးရ အာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ တရားမဝင် သယံဇာတတူးဖော်မှုတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့လည်း ဆိုထားပါတယ်။
Photo from Google

Related posts

Leave a Comment

VOM News

FREE
VIEW