“ဝ”ဒေသမှာ နေထိုင်ခွင့်မရှိသူတွေနဲ့ မူးယစ်ဆေးသုံးသူတွေကို နေ့စဉ် ဖမ်းဆီးနေ

ဇွန်၂၀၊ ၂၀၂၆
NN(VOM)
“ဝ” လက်နက်ကိုင်တပ်ဖွဲ့က သူတို့ရဲ့မြို့တော် ပန်ဆန်း အပါအဝင် သူတို့ထိန်းတဲ့ချုပ်မြို့နယ်တွေအားလုံးမှာ နေထိုင်ခွင့်မရှိသူတွေနဲ့ မူးယစ်ဆေးသုံးစွဲတဲ့ သူတွေကို နေ့စဉ်နီးပါး လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၁၅ ရက်နေ့ကနေ ဖမ်းဆီးမှုတွေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီး ခံရသူတွေလည်း များတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စီမံချက်လို့ ပြောတယ်။ အိမ်တွေထဲအထိ ဝင်ရှာ၊ ဝင်ဖမ်းနေတာ။ နေထိုင်ခွင့်မရှိသူတွေဆို ခေါ်သွားတာပဲ” လို့ ပန်ဆန်းမြို့ခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ဟိုတယ်၊ စားသောက်ဆိုင်နဲ့ KTV လို နေရာတွေကိုလည်း ဝင်ရောက် စစ်ဆေးပြီး မူးယစ်ဆေးသုံးတဲ့သူတွေကို ဖမ်းဆီးတာမျိုးရှိတယ်လို့ သိရပါတယ်။
“နေထိုင်ခွင့်က လူတယောက်ကို တလ ယွမ်သုံးဆယ်လောက် ပေးရတယ်။ လုပ်ထားရတာပေါ့။ စီမံချက်နဲ့ မိရင် မလွယ်ဘူး။ အဲဒီထက် ဆိုးတာက မူးယစ်ဆေးပဲ။ နေထိုင်ခွင့်ကမှ မိရင် သူတို့ရုံးမှာ သွားလုပ်လိုက်ရင် ရတယ်။ မူးယစ်ဆေးကျတော့ မိရင် မလွယ်ဘူး” လို့ ဟိုပန်ဒေသခံတယောက်က ပြောပါတယ်။
“ဝ” တပ်ဖွဲ့ဘက်ကတော့ မူယစ်ဆေးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ သူတို့ဒေသမှာ အခုလ ၁၅ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အွန်လိုင်း ငွေလိမ်လုပ်ငန်း၊ မူးယစ်ဆေး၊ နေထိုင်ခွင့်၊ ယာဉ်လိုင်စင်တွေကို စီမံချက်နဲ့ စစ်ဆေးမှာဖြစ်ပြီး စည်းကမ်းမလိုက်နာ သူတွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်ဒေသက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း၊ နမ့်တစ် မြို့တွေဟာ “ဝ” တပ်ဖွဲ့ အဓိကထိန်းချုပ်တဲ့ မြို့တွေဖြစ်ပါတယ်။
အဲဒီမြို့တွေ အကုန်လုံးမှာ စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စီမံချက်အတွင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို “ဝ” တပ်ဖွဲ့ဘက်က တရုတ်နိုင်ငံကို ပြန်လွှဲ ပြောင်း ပေးခဲ့ပါတယ်။
“ဝ” တပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW