ထားဝယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားကျောင်းသူ ၂၁ ယောက် မူးလဲလို့ ဆေးရုံကိုပို့ဆောင်ထား

ဇွန် ၂၇၊ ၂၀၂၆
GG (VOM)
တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၂၆ ရက်နေ့မနက် ၁၁ နာရီလောက်က ကျောင်းကောင်စီအခမ်းအနား ပြုလုပ်နေစဉ် ကျောင်းသားကျောင်းသူ ၂၁ ယောက် မူးလဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မူးလဲတဲ့ ကျောင်းသားကျောင်းသူတွေထဲမှာ ကျောင်းသူက ၂၀ ၊ ကျောင်းသားက တယောက်ဖြစ်ပြီး အဲဒီထဲကမှ ကျောင်းသူနှစ်​ယောက်က အကေခအနေကောင်းမွန်ပြီး သက်သာတာကြောင့် ဆေးရုံကနေ ဆင်းခွင့်ရရှိကာ ကျန်တဲ့ ၁၉ ယောက်ကတော့ ဆေးဝါး ကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
” ကျောင်းသားနှစ်ယောက်ကအရင်မူးလဲကျတယ်။ ကျောင်းကောင်စီအခမ်းအနားပြီးချိန်မှာ နောက်ထပ်ကလေးတွေမူးလဲတယ်။ အသက်ရှုကြပ်တယ်၊မူးဝေတယ်၊အန်ချင်တာတွေဖြစ်ပြီး ဟိုနားတယောက်လဲကျလိုက် ဒီနားတယောက်လဲကျလိုက်နဲ့ အကုန်လုံးဆိုရင် ပထမဖြစ်တာ ၁၉ ယောက်ဖြစ်သွားတယ်။ သူတို့ကို အရေးပေါ် ဌာနကိုပို့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေချိန် လူနာစောင့်နေရင်း ကျောင်းသူလေးတယောက်က ထပ်ဖြစ်တယ်။ ခုဏတုန်းက ကျောင်းက တယောက်ထပ်ဖြစ်လို့ စုစုပေါင်း ၂၁ ယောက်ဖြစ်သွားတယ်။ ” လို့ တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ ၊ ထားဝယ်မြို့ ၊ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ထားဝယ်ပြည်သူ့ ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကျောင်းသား ကျောင်းသူ ၁၉ ယောက်က ဆေးရုံကနေ မဆင်းရသေးပေမယ့် အခြေအနေသက်သာကြောင်း သိရပါတယ်။
“ကျန်တဲ့သူတွေကလည်းဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး ။အကုန်လုံးတော့ ​သက်သာနေပြီ။ ဆရာကြီး လှည့်ပြီးမှ ဆင်းရသူတွေဆင်းရမယ် ထင်တယ်။ မူးလဲတဲ့ အပေါ်ကိုတော့ ဆေးရုံဘက်ကတော့ ဘာမှပြောတာမရှိသေးဘူး ။ ကျွန်တော်တို့ မေးကြည့်တာတော့ ကလေးတွေက မနက်စာစားလာသူရှိသလို စားမလာသူလည်း ရှိကြတယ်။ ကျောင်းထဲကရေ တခုခုများသောက်မိလို့ဖြစ်တာလားမေးကြည့်တော့ သူတို့က ရေဘူးပါတယ်။ ကျောင်းကရေ မသောက်ဘူးလို့ပြောတယ်။” လို့ သူက ထပ်မံပြောပြပါတယ်။
အဆိုပါ.မူးလဲတဲ့ ကျောင်းသားကျောင်းသူ ၂၁ ယောက်ဟာ Grade 6 ၊ Grade 11 ၊Grade 12 အတန်းတွေက ဖြစ်ကြောင်း ၊ အဖြစ်အများဆုံးကတော့ Grade 6 ကဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအထိတော့ ကျောင်းသားတွေ ရုတ်တရက်မူးလဲတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆေးရုံဘက်ကတော့ တစုံတရာ အတည်ပြု ပြောဆိုတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ ၊ ထားဝယ်မြို့ ၊

Related posts

Leave a Comment

VOM News

FREE
VIEW