ဒလမှာ ကုန်စုံဆိုင်ပိုင်ရှင် လင်မယား နေအိမ်မှာ ဓားဒဏ်ရာအများအပြားနဲ့အသတ်ခံရပြီး ကျူးလွန်သူကို ဖမ်းဆီးရမိ

ဇွန် ၂၆ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက်လုံး နေအိမ်ထဲမှာ ဓားဒဏ်ရာ အများအပြားနဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီက သိရပါတယ်။
ဇွန် ၂၅ ရက်နေ့ ညပိုင်းမှာ နေအိမ်ရဲ့ ဧည့်ခန်းအတွင်းမှာ လင်မယားနှစ်ယောက်လုံးကို ဓားဒဏ်ရာတွေ သေဆုံးနေတာ တွေ့ရှိရတာဖြစ်ကြောင်း ၊ သတ်ဖြတ်သွားတဲ့ ကျူးလွန်သူက အဆိုပါကုန်စုံဆိုင်ရဲ့ အလုပ်သမားဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
” အန်တီကြီးတို့ လင်မယားကို သတ်သွားတာက သူတို့ဆိုင်မှာ အလုပ်လုပ်တဲ့ကောင်လေးက သတ်သွားတာလို့ သိရတယ်။ ပစ္စည်းတခုမှမယူဘဲ လူကိုဘဲသတ်သွားတာလို့ သိရတယ်။ သူက ပိုက်ဆံချေးချင်လို့ဆိုပြီး ညက လာသတ်သွားတာလို့ ပြောတယ်။ သတ်တဲ့သူလည်း မိသွားပြီလို့ သိရတယ်။ ” လို့ ရပ်ကွက်နေထိုင်သူ တယောက်က ပြောပါတယ်။
အသတ်ခံရတဲ့ လင်မယားနှစ်ယောက်ထဲက ဇနီးဖြစ်သူ အမျိုးသမီးမှာ ဓားဒဏ်ရာ ၁၅ ချက်ထက်မနည်း ရရှိခဲ့ပြီး အမျိုးသားဖြစ်သူမှာတော့ ဓားဒဏ်ရာ ၉ ချက်ထက်မနည်း ရရှိခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
လူသတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားကိုတော့ သက်ဆိုင်ရာက ဖမ်းဆီးရမိထားကြောင်း သိရှိရတဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ရာ ” လက်ရှိမှာ စစ်ဆေးနေဆဲဖြစ်လို့ ဖြေကြားလို့မရသေးကြောင်း ” ပြန်လည်ပြောဆိုခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်က နေအိမ်တအိမ်မှာ နေထိုင်တဲ့ အမျိုးသမီးနှစ်ယောက်ကို နေအိမ်အတွင်း ဝင်ရောက်ပြီး သတ်ဖြတ်ခဲ့ရာ အဒေါ်ဖြစ်သူသေပြီး တူမဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW