ဇွန် ၂၆ – ၂၀၂၆
SN (VOM)
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ မနေ့ ဇွန် ၂၅ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နတ်မောက်မြို့နယ် (အရှေ့ခြမ်း) ရှိ သမုန်းကုန်းကျေးရွာမှာ မနေ့ ညနေ ၄ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေအပြင် ပြင်းထန်ဒဏ်ရာရရှိသူ သုံးယောက် ရှိခဲ့သလို နေအိမ် ၁၀ လုံးထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ငါးယောက်လုံးက ပွဲချင်းပြီးသေတာပါ။ လေယာဉ် နှစ်စီးနဲ့လည်း ပစ်တယ်၊ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ အဲဒါလည်း ဖြစ်ပြီးရော ဒေသခံတချို့ကတော့ ရွာထဲမနေရဲကြတော့ဘူး။ တောထဲ ရှောင်တဲ့သူက ရှောင်ကုန်ကြပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ နတ်မောက်မြို့နယ်မှာ အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိပြုကြဖို့နဲ့ နေအိမ်တွေမှာ ပုန်းခိုကျင်းတွေ တူးထားကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက သတိပေးထားပါတယ်။
နတ်မောက်မြို့နယ်ဟာ နေပြည်တော် ပြည်ထောင်စုနယ်မြေနဲ့ မိုင် ၈၀ ကျော်သာ ကွာဝေးပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေ နယ်မြေစိုးမိုးမှု အားကောင်းရာဒေသဖြစ်ကာ လက်ရှိ မြို့နယ်အတွင်း နှစ်ဖက်ညှပ်နေတဲ့ စစ်ကြောင်းတွေကြောင့် နတ်မောက် အရှေ့ဘက်မှ ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက်၊ ကန်လေးကုန်းနဲ့ မြင်းတဲရွာတို့က ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အခု ၂၀၂၆ ခုနှစ်အတွင်း မကွေးတိုင်းက မြို့နယ်တချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့ကလည်း စလင်းမြို့နယ်၊ မြေနီကုန်း (အနောက်ဘက်)၊ ခြင်ထောင်ကျေးရွာမှာ ဒရုန်း နှစ်စီး ကျရောက်မှုကြောင့် သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မြိုင်မြို့နယ်၊ တွင်းမကျေးရွာ အနီးတဝိုက်မှာလည်း ဇွန် ၂၃ ရက်နဲ့၊ ၂၄ ရက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့သလို ဇွန် ၂၂ ရက်နေ့ကလည်း မြိုင်မြို့နယ် (မြောက်ပိုင်း)၊ လက်ယက်မရွာမှာ ဒရုန်း ကျရောက်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန် ၅ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ ရုံးပင်ကွက်ရွာ ဘုန်းကြီးကျောင်းမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းက မိအယ်ရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ငါးယောက် သေဆုံးခဲ့ပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့သလို ဧပြီလ ၁၆ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ဝန်လဲရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ငါးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
