ဇွန် ၂၆ – ၂၀၂၆
SS (VOM)
လက်ရှိ ပြည်တွင်းမှာ စက်သုံးဆီခွဲတမ်းရရှိမှု နည်းပါးလာတာကြောင့် ဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရရှိရပါတယ်။
လက်ရှိ နိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ရှားပါးလာမှုကြောင့် အစိုးရအနေနဲ့ ဧပြီလမှစတင်ကာ ‘ရက် ၁၀၀ စီမံချက်’ နဲ့ စက်သုံးဆီခွဲတမ်းတွေကို စတင် လျှော့ချခဲ့တာဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်တွေ အားလုံးရဲ့ တပတ်စာ (ဒါမှမဟုတ်) တကြိမ် PO (Purchase Order) ခွဲတမ်းဟာ ထက်ဝက်ကျော်အထိ လျှော့ချခြင်း ခံထားရတယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ကန်ဒေါ်လာ သန်းထောင်ချီ သက်သာစေဖို့၊ အရံဆီ ပိုပြီး သိုလှောင်နိုင်ဖို့ ဆိုတဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ မူဝါဒအရ စက်ဆီသုံးစွဲမှုကို ၂၉ ရာခိုင်နှုန်းလောက် လျှော့ချထားတယ်။ ဒါကြောင့် ဆိုင်တွေအတွက် ရတဲ့ ခွဲတမ်းတွေကလည်း တော်တော်လေးကို လျော့သွားတယ်။ ဥပမာ ဆီဆိုင်ငယ်တခုရဲ့ ခွဲတမ်းဆို၊ ဓာတ်ဆီ 92 ဆို ၁၈၂၀ လီတာလောက်ပဲ ရတော့တယ်။ ရရှိတဲ့ ခွဲတမ်းပေါ် မူတည်ပြီး ရောင်းချရတာဖြစ်တော့ ဆီပြတ်လပ်တာတွေလည်း ဖြစ်လာတာပါ။ အရင်က ကားအစီးရေ ၁၀၀၀ စာ ဆီရောင်းပေးနိုင်တယ်၊ အခု ၅၀၀ စာလောက်ပဲ ရောင်းပေးနိုင်တော့တယ်။ ဆိုင်သေးတွေဆို အရင်က အစီး ၅၀၀ စာ ရောင်းပေးနိုင်ရင် အခု ၃၀၀ စာပဲ ရောင်းပေးနိုင်တော့တယ်” လို့ သူက ပြောပါတယ်။
နိုင်ငံရဲ့ စက်သုံးဆီ သုံးစွဲမှုနှုန်းကို နေ့စဉ် ပျမ်းမျှ ဂါလန် ၃ ဒသမ ၅၄ သန်းမှ ၂ ဒသမ ၅ သန်းအထိ ၂၉ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ပြီး အဲဒီလို လျှော့ချခြင်းဖြင့် တရက်ကို အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် သက်သာစေဖို့ ရည်ရွယ်ထားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေရှိ စက်သုံးဆီဆိုင်တချို့မှာ 92 နဲ့ 95 ဓာတ်ဆီတွေ ပြတ်လပ်နေပြီး အချိန်အနည်းငယ် တန်းစီစောင့်ဆိုင်း ဝယ်ယူရမှုတွေ ရှိလာနေတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။
“မနေ့ကဆို ဆီဆိုင်တော်တော်များများ 92, 95 မရှိဘူး။ ခွဲတမ်းနည်းနည်းတဲ့ ဆိုင်တွေဆို ဆီကို ခဏပဲ ရောင်းပေးနိုင်တယ်။ ပြီးရင် ပြတ်သွားရော။ Max တို့ Danko တို့ကျတော့ အတန်းက ရှည်သွားရော။ ဒီလိုဖြစ်နေတာ နှစ်ရက်၊ သုံးရက်လောက် ရှိပြီ။ အဓိက က ခွဲတမ်းနည်းတာ။ ခွဲတမ်းများရင် တွေ့တဲ့ဆိုင် ဆီဝင်ထည့်လို့ရတယ်။ ပြီးတော့ အခု မှောင်ခိုဈေးကလည်း ပါးစပ်ဈေးဖြစ်နေတယ်။ ဒီနေ့ဝယ်ရင်တဈေး၊ မနက်ဖြန်ဝယ်ရင် နောက်ထပ် ဈေးတမျိုး။ အရင်လို ကြိုမှာထားလို့လည်း မရတော့ဘူး။ ယူမယ်ဆို ချက်ချင်းဝယ်ရတာ။ တလီတာကို တခါတစ်လေ တသောင်းနှစ်ထောင်၊ တခါတစ်လေ တသောင်းခွဲ ပေးရတယ်” လို့ သူက ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ဇွန် ၂၆ ရက်နေ့ ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးကတော့ 92 ဓာတ်ဆီ တလီတာ ၃၆၁၅ ကျပ်၊ 95 ဓာတ်ဆီ တလီတာ ၃၆၉၅ ကျပ်၊ ဒီဇယ် တလီတာ ၃၅၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာ ၄၁၉၀ ကျပ် ဖြစ်တယ်လို့သိရပါတယ်။
အရင်တပတ် ဈေးနှုန်းထက် 92 တလီတာ ၁၇၀ ကျပ်၊ 95 တလီတာ ၁၃၅ ကျပ်၊ ဒီဇယ် တလီတာ ၃၇၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၅၃၀ ကျပ် ကျဆင်းလာတာ ဖြစ်ပေမယ့် လက်ရှိပေါက်ဈေးဟာ အခု ၂၀၂၆ ခုနှစ်အစောပိုင်း၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ပါက မြင့်မားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“အခု ပြည်တွင်းမှာက ဒေါ်လာလိုအပ်ချက် မြင့်တက်နေတုန်းပဲ။ တင်သွင်းမှုစရိတ်တွေလည်း ကြီးမားနေတယ်။ နောက်တချက်က အစိုးရရဲ့ ဆီချွေတာရေး မူဝါဒတွေကလည်း ရှိနေသေးတော့ စက်သုံးဆီရည်ညွှန်းဈေးက တလီတာ ကျပ် ၂၀၀၀ ကျော်တော့ ရောက်ဖို့က ခက်နေသေးတယ်။ တဖြည်းဖြည်းချင်း ကျလာမလား ဆိုတာက အခြေအနေ စောင့်ကြည့်ရဦးမယ်” လို့ စက်သုံးဆီလုပ်ငန်းရှင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ ရည်ညွှန်းဈေးကို MOPS (Mean of Platts Singapore)၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပင်လယ်ရေကြောင်း ပို့ဆောင်ခ၊ အာမခံ အစရှိတဲ့ အထွေထွေ ကုန်ကျစရိတ်တွေအပေါ် အခြေခံကာ တွက်ချက်တာဖြစ်တယ်လို့ သိရပါတယ်။
Photo – VOM (ပုံဟောင်း)
