ဆူးငှက်
မအိပ်ဖြစ်ကြတော့တဲ့ ည
—————————
၃လကြာ တွေ့ဆုံရင်းနှီးခဲ့ကြပြီး ထမင်းစားဆောင်ထဲမှာ၊ စာသင်ခန်းထဲမှာ၊ သင်တန်းခန်းမထဲမှာ အတူနေထိုင်ခဲ့ကြရုံမက မောင်ရင်းနှမအသွင် ဇာတ်တိုက် သီချင်းတိုက်ပြီး ဇာတ်ခုံပေါ်တွင် တစ်ညတာ ပျော်ပျော်ရွှင်ရွှင် သီဆို ကခုန်ကြပြီး မကြာမီ နာရီပိုင်းအတွင်း ခွဲခွာကြရတော့မည်။ ထို့ကြောင့် အများစုက သည်တစ်ညကို အိပ်စက်လိုက်ခြင်းဖြင့် အကုန်မခံနိုင်ကြ။ ထို့ကြောင့် ကျောင်းပေါက်က ကော်ဖီဆိုင်လေးမှာပဲ နောက်ဆုံးအချိန်ကို တမြေ့မြေ့ အသုံးချကြတော့မည်။ ကျွန်တော်က ဆိုင်လေး၏ အရှေ့ဘက် အစွန် သရက်ပင်ရိပ်အောက်က စာပွဲခုံလေးမှာ ချောင်ကုပ်ထိုင်ပြီး ကော်ဖီတစ်ခွက်နှင့် အဝါရောင်စာအုပ်လေးကို ဖွင့်ဖတ်ချင်ဇော ကြီးနေဆဲ ကိုဘရီတို့ ကိုတင်အောင်စန်းတို့ အငြိမ့်နှင့် ပြဇာတ်အဖွဲ့က တစ်စုကြီး ရယ်မောပြောဆိုကာ ဆိုင်ထဲ ဝင်လာကြသည်။
ထိုင်နေကျနေရာမှာ ကျွန်တော်မရှိဘဲ ဗန်းမော်တဘက်ကြီး ၁ထည်ကို ၂ယောက်တွဲခြုံကာ ၂ကိုယ့် တစိတ်ဖြစ်နေသော ခင်သီတာတို့ကိုပဲ တွေ့လိုက်တော့ ကိုဘရီက ဟ..ဆိုင်မှာလည်း ဒို့ဇာတ်ဆရာ မရှိပါလားဟု ပြောတော့ ကျွန်တော်က အမှောင်ရိပ်ထဲ ပိုတိုးလိုက်သည်။ သည်အချိန် ကျွန်တော်တစ်ယောက်ထဲ နေပါရစေလေ။ ကိုဘရီက ဆိုင်ထဲ အလင်းရောင်ကျရာ စာပွဲလေးတွေဆီ ကြည့်ရင်း ပြောလိုက်တော့ ကိုတင်အောင်စန်းက ဒါဆို ကျောင်းအုပ်ကြီး ရုံခန်းများ ရောက်နေသလားပဲဗျ၊ အဆောင်မှာတော့ မရှိတာတော့ သေချာတယ် ဟု ပြောသံကြားလိုက်သည်။
သူတို့ ကျွန်တော် ဒီမှာရှိနေတာ မသိကြ။ ခွင့်လွှတ်ပါ ကိုတင်အောင်စန်းတို့ရေ။ ကျွန်တော်က ကာဖီလေး တစ်ငုံသောက်ရင်း အဝါရောင်စာအုပ်လေးကို ဖွင့်ကြည့်လိုက်သည်။ ဖွင့်ဖွင့်ချင်း စာမျက်နှာမှာပဲ သူ့လက်ရေး သီသီလေးနှင့် စာလုံးတွေ စီရေးထားတာ တစ်မျက်နှာလောက်ရှိမှာပေါ့။ ကျွန်တော်က သူ့စာလေးကို ဆုံးအောင် ဖတ်သည်။ ဖတ်ပြီးတာနှင့် သက်ပြင်းချ ခေါင်းရမ်းမိ၏။ ထို့နောက် တခြားဘာတွေများ ရေးထားတာ ရှိဦးမလဲဟု သိလိုစိတ်ဖြင့် စာအုပ်လေးကို ထပ်ပြီး လှန်လှော ကြည့်မိပြန်သည်။ ထိုစာမျက်နှာမှ လွဲလို့ ကျန်စာမျက်နှာတွေမှာ ဘာမှ မပါ၊ ဗလာ..၊ သို့သော် စာအုပ်လေးကို ခပ်မြန်မြန်လှ်ကြည့်စဉ် တစ်နေရာမှာ အနီရောင် အစွန်းအစလေးမြင်လိုက်သလိုမို့ ထိုနေရာကို တစ်ရွက်ချင်း လှန်ကာ ရှာကြည့်မိပြန်သည်။
သေချာတာပေါ့၊ နှုတ်ခမ်းနီဆိုးထားပြီး ထိုစာမျက်နှာမှာ ကပ်ဖိလိုက်တော့ စွန်းထင်းကျန်ရစ်သော နှုတ်ခမ်းရာလေ..။ ရှေ့က ဗွေးဒုတ်ယိမ်းအပြီး အငြိမ့်ခန်းထွက်ချိန် ကပ်နေလို့ မိတ်ကပ်နှင့် နှုတ်ခမ်းနီ ပြန်ဖို့ရင်း အရောင်ညီစေဖို့ စာရွက်မှာ ဖိကပ်လိုက်တာလား၊ ဒါမှမဟုတ် သေချာပဲ စာရွက်ပေါ်ကဆင့် လက်ဆောင် တစ်ခုပေးလိုက်တာလား၊ ကျွန်တော် မဝေခွဲနိုင်တော့။ အခက်သားလားလေ..၊ ထိုပဟေဠိကို မျက်နှာအမူအရာကြည့်ပြီး ဉာဏ်စမ်းဖြေဖို့ ဖြစ်စေ၊ ကာယကံရှင်ကို ပွင့်ပွင့်လင်းမေးဖို့ဖြစ်စေ ရှေ့မလှမ်းမကမ်းမှာ သူ ရှိနေပေမင့် သူက သူ့ချစ်သူရင်ခွင်မှာ ခေါင်းဝှက် အိပ်မောကျ နေသလားလေ။ ရန်ကင်းတောင် တောင်ဖျားစွန်း ဣစ္ဆာသယ ဆုတောင်းရ စေတီဆီမှ လင်းကြက်တွန်သံများ ကြားရပြီးနောက် အရှေ့ဆီက ရောင်နီပြို့လာချေပြီ။ ခပ်လှမ်းလှမ်း တောင်ခြေ ဓမ္မရက္ခိတကျောင်းဆီက ပရိတ်ရွတ်ဖတ်သံများပင် ကြားရပေါ့။ နေ့သစ်လင်းပြီလေ။
ကျွန်တော်က အမှောင်ရိပ်မပြယ်မီ ကာဖီခွက်လေးအောက် ကျပ်တန်လေး ဖိထားခဲ့ပြီး ဆိုင်လေးက ခွာခဲ့ပါပြီ။ သို့သော် အဆောင်သို့ မပြန်သေး၊ ပြန်ဖို့လည်း အရေးတကြီးမရှိ၊ ပစ္စည်းတွေက အရင်ရက်ကတည်းက သိမ်းဆည်းပြီးပေါ့။ ခင်သော်ဇင်က မြောက်ဘက်အိမ်ဦးစိုးဝပ်ရှော့က ဂျစ်ကားလေး အကူအညီတောင်းထားတာတဲ့။ သူက ဂျစ်ကားလေးနှင့် ၈နာရီလောက်ဆို ရောက်လာမည်။ သူလာလျှင် ဂျစ်ကားပေါ် အိတ်တစ်လုံးနှင့် အိပ်ရာလိပ်ကို ပစ်တင်ပြီး ပြန်ရုံပေါ့။ ကိုယ့်မျက်စေ့ရှေ့ မြင်သူ နှုတ်ဆက်ရုံပေါ။ ဒါပါပဲလေ၊ ဒီ ၃လတာက တွေ့ကြုံခံစား တွေ့ထိ သိရှိရသည်များက နောင်ကာလတာရှည်များတွင် ဖျပ်ခနဲ မျက်စေ့တစ်မှိတ် အဖြစ်အပျက်ပဲပေါ့။ အားလုံး မေ့ပျောက်သွားမှာပဲပေါ့။ ကျွန်တော်က ကာဖီဆိုင်လေးက ထပြီး အဆောင်မပြန်သေးဘဲ ရုံးခန်းဘေးရှိ တမာပင်လေးအောက်က ထိုင်နေကျ ခုံဝိုင်းလေးမှာပဲ ထိုင်လိုက်သည်။ အိပ်ရေးပျက်ပေါင်းများလို့ မျက်စေ့တွေ ဝေကာ မျက်ရိုးတွေပင် ကိုက်နေ၏။ မျက်မှန်ကို နှာရိုးပေါ် လျှောချကာ မျက်ရိုးများကို နှိပ်နေမိသည်။ ထွန်းသစ်စ အလင်းရောင်က ရန်ကင်းတောင်ပေါ်အထိ နေရာယူလာပြီ။ ချိုးကူသံ သဲ့သဲ့လေးကလည်း အခါတိုင်း နံနက်တွေလို ကြားနေရပြီလေ။
“………………………………
နေလာသမျှ သွေခွာရ၊
တွဲလက် ခွဲကာ၊
ရွှေချိုးကူသံ၊ ဘယ်ဆီမှန်းကာ..
တမ်းတမျှော်ထောက်
နက်ဖြန်…….”
ဇာတ်ခေါင်းကွဲ ပြည်ဖုံးကားချ ပြန်ကြပြီလေ
———————————————
ကျောင်းအုပ်ကြီး၏ နှုတ်ဆက်စကား ခြွေအပြီး အသံသွင်းထားသည့် တိပ်ခွေကို ပြန်ဖွင့်ထားသည့် ညက သီဆိုခဲ့သည့် သီချင်းသံက လွင့်ပျံလာသည်။ ကျောင်းဝင်းထဲက အဆောင်တွေရှေ့မှာ လမ်းပေါ်မှာ လူသံ ကားသံတွေ ဆူညံလို့၊ ထိုအသံတွေကြာတွင် သီချင်းသံက အားယူ တိုးခွေ့နေသည်။ ကျွန်တော်က လာကြိုသော ဂျစ်ကားကို ခဏစောင့်ခိုင်းပြီး ခင်သော်ဇင်ကို ကားပေါ်က ဆင်းခိုင်းသည်။ ထို့နောက် ထွက်လုလု ဘတ်စ်ကားကြီး တစ်စင်းနောက် ခင်သော်ဇင့် လက်ဆွဲပြီး မပြေးရုံတမယ် လိုက်သည်။ လူတွေကြား ကားတွေကြား တိုးဝှေ့ ရှာမိသည်။ ကျွန်တော့်ကိုမြင်တော့ ကားတွေပေါ်က အော်ဟစ်နှုတ်ဆက်တာကိုပင် ပြန်နှုတ်မဆက်အား။ ဟော.. စက်နှိုးကာ ထွက်ရန် ပြင်နေသော ဇော်ဂျီတံဆိပ်နှင့် ကားတစ်စီးကို မြင်တော့ ထိုကားဆီ အပြေးအလွှားသွားလိုက်သည်။ ကျွန်တော့်နောက်မှ ခင်သော်ဇင်ကလည်း ဘုမသိဘမသိနှင့် ကျွန်တော်ဆွဲထားသည့် လက်ကို မလွှတ်ဘဲ အပြေးလိုက်လာသည်။
မင်္ဂလာဆောင် ဖိတ်ဦးနော်
—————————-
ကားပေါ်မှလည်း ဦးကျော်..၊ ဦးကျော် ဒီမှာ ဟု အော်ရင်း ခဏလေး၊ ခဏလေး ဟု သူတို့ ဒရိုင်ဘာကို လှမ်းပြောနေသည်။ အနားရောက်တော့ ရှာဖွေနေသော ကျွန်တော့် မျက်လုံးအစုံအောက်မှာ ကားပြတင်းပေါက်က ခေါင်းပြူထွက်နေသည့် ခင်သီတာကို မြင်လိုက်မှ သက်ပြင်းချမိသည်။ “ခင်သီတာ.. ခင်သီတာ၊ ကိုညိုမင်းပါလား၊ ကိုညိုမင်း.. ကိုညိုမင်း..” ဟု ကျွန်တော်က လှမ်းအော်တော့ ခင်သီတာ့ဘေး ကြားခုံတွင် ထိုင်နေသည့် ကိုညိုမင်းသည် ထိုင်ရာမှ ထကာ ပြတင်းပေါက်မှ ခေါင်းပြူထွက်လာသည်။
ကျွန်တော့်ကို မြင်တော့ အားတုံ့အားနာနှင့် ပျာပျာသလဲ နှုတ်ဆက်သည်။ ကျွန်တော်က ခင်သော်ဇင့် လက်ကိုဆွဲကာ ရှေ့သို့ ခေါ်လိုက်ပြီး ….
“ကိုညိုမင်း..ခင်ဗျားကို မိတ်ဆက်ပေးမလို့ဗျ၊ ဒါက ကျွန်တော့်ဇနီးပါ၊ ခင်သော်ဇင် တဲ့။ ကျွန်တော်တို့ အိမ်ထောင်ပြုတာ ၂နှစ်တော့ ရှိပြီပေါ့ဗျာ၊ မန္တလေးရောက်ရင်လည်း ဝင်ကြနော်၊ ကျွန်တော့် အိမ်လိပ်စာ ခင်သီတာဆီမှာရှိပါတယ်။ ပြီးတော့ ခင်ဗျားတို့ မင်္ဂလာဆောင်ရင်လည်း ဖိတ်စာပို့ဖြစ်အောင် ပို့နော်၊ ဟေ့.. မင်းသမီး၊ ညီမလေး.. ခင်သီတာ၊ ဖိတ်စာ ပို့ဖြစ်အောင် ပို့နော်၊ ဒို့က လာမှာ သိလား၊..” ဟု ကျွန်တော်က ကားစက်သံတွေ လွှမ်းအောင် အော်ပြောလိုက်သည်။ ကိုညိုမင်းက သူ့နဖူးပေါ် လက်တင်ကာ ဆလံအကြိမ်ကြိမ် သ ပြီး “စိတ်ချ၊ စိတ်ချ၊ ဖိတ်စာပို့မယ် သိလား၊ မကြာတော့ဘူးဗျ၊ လာဖို့သာ ပြင်ထားတော့၊ အစ်မရော လိုက်ခဲ့ရမယ်နော်၊ မင်္ဂလာခန်းဝင်ပစ္စည်း ဝယ်ဖို့ မန္တလေးကို တစ်ခေါက်လာရဦးမှာ၊ အဲ့ဒီကျ ဝင်ဖြစ်အောင် ဝင်မှာ သိလား” ဟု ကားပေါ်က လှမ်းပြောသည်။
ခင်သီတာက ဘာမှဝင်မပြော၊ အံ့အားသင့်သည့် အမူအရာနှင့် ငေးရီကြည့်နေသည်။ သူ၏ ထူထဲသော မျက်ခုံးမွှေးများအောက်မှ မျက်ဝန်းအစုံမှာ သူပြောချင်သည့် စကားတွေ ရှိကောင်း ရှိနေမည်။ သည်မျက်ဝန်း သည် အကြည့်တွေကို ကျွန်တော် နားလည်ခဲ့ဖူးပြီ မဟုတ်ပါလား။ ခင်သီတာက ခေါင်းငုံ့ကာ နှုတ်ခမ်းလေးကို ကိုက်လိုက်တာ လှစ်ခနဲ မြင်လိုက်ရသည်။ ကျွန်တော်က သူ့ကို ခပ်မှေးမှေးကြည့်မိပြီး ခေါင်းညိတ်ပြလိုက်မှ ခုံပေါ် ထိုင်နေရာက ထကာ ကား ပြတင်းပေါက်က ခေါင်းပြူနေရာက ပြန်ထိုင်လိုက်သည်။ ကားက ဂီယာထိုးပြီး တရွေ့ရွေ့ထွက်ပါပြီ။ ကိုညိုမင်းက ခင်သီတာ့ ကိုယ်ပေါ်မှ ကျော်ကာ ခေါင်းတခြမ်းထွက်ပြီး လက်ပြနှုတ်ဆက်သည်။ ခင်သီတာက ခေါင်းလေးငဲ့ကြည့်သည်။ ကျွန်တော်က သံပတ်ကုန်သွားသော အရုပ်တစ်ရုပ်လို လက်ကို မမြှောက်ချင်မြှောက်ပြသည်။ ခင်သီတာကလည်း ကားပေါ်ကနေ နောက်ပြန်လှည့်ရင်း လက်လေး မြှောက်ရုံ မြှောက်၏။
ကားက တဖြည်းဖြည်း ဝေးသွားပါပြီ။ ကားလမ်းဘေးက ဖုံတွေလည်း ကားအိတ်ဇောလေကြောင့် ဝရုန်းသုဉ်းကား ဖြစ်သွားသည်။ လမ်းဘေးတလျှောက် ပေါက်နေသည့် ရှားစောင်းလက်ပတ်ပင်များကိုယ်မှာ ဖုန်ဝတ်ရုံတွေ လွှမ်းသွားသည်။ ခင်သော်ဇင်က “သစ်ပင်ရိပ် သွားရအောင်၊ ခေါင်းပေါ်နေက ပူလိုက်တာ” တဲ့။ ကျွန်တော်က လွယ်အိတ်ထဲက လက်ကိုင်ပုဝါလေး ထုတ်ပြီး “ဒါလေး ဆောင်းထားလိုက်ပါလား” ဟုဆိုတော့၊ တော်ပါပြီ ရတယ်တဲ့။ ထမင်းစားဆောင် ဘေးက ယူကလစ်ပင်ရိပ်မှာ ရပ်နေသော ကျွန်တော်တို့ကို ဖြတ်သွားသည့် ကားတန်းကြီးက “ဟေး..ဟေး..” ဟု အော်ရင်း နှုတ်ဆက်သွားကြသည်။ ခင်သော်ဇင်က ကျွန်တော့် လက်ကို ကိုင်ထားရင်း ကားတန်းကြီးကို မျက်စေ့တဆုံး ကြည့်နေသည်။
အမှတ်တရ ည
—————-
ကျွန်တော်က ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်သော်လည်း ပွဲပြီး အိပ်ပျက်သော်လည်း မျက်စေ့ကြောင်နေ သလိုလိုနှင့် ကိုယ့်အိပ်ရာမှာပင် အသားမကျသလိုဖြစ်နေလို့ အိမ်အောက်က စာအုပ်ဆိုင် စာပွဲလေးမှာဆင်းကာ မဂ္ဂဇင်းတွေကို ဟိုလှန်သည်လှန် ကြည့်နေသည်။ သို့သော် အာရုံမရလေတော့ အဝါရောင်အဖုံးနှင့် စာအုပ်လေးကိုပဲ အိတ်ထဲက ထုတ်ကာ အလွတ်ရလုမတတ် စာကြောင်းလေးတွေကိုပဲ ပြန်ဖတ်နေမိတော့၏။
ဦးကျော်…
တွေ့ကတည်းက ဦးကျော်ကို ခင်ပါတယ်။ စကားလည်း ပြောချင်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က တမျိုးထင်မှာ စိုးလို့ မခေါ်ဝံ့တာပါ။ ကပွဲမှာကျတော့ ဦးကျော်နဲ့ အနီးကပ် ဆက်ဆံရတဲ့အခါ ဦးကျော်ရဲ့ အနုပညာနဲ့ပတ်သက်ရင် စိတ်ရှည်တာ သည်းခံတာ၊ အစွမ်းထက်တာတွေ့ရတော့ လေးစားအံ့သြမိပါတယ်၊
ပြီးတော့ သီတာ့ အမျိုးသား ကိုညိုမင်းနဲ့ ပတ်သက်ပြိး သိတာ ဦးကျော်ကို တောင်းပန်ပါတယ်။ ဦးကျော် ခွင့်လွှတ်ပါနော်။ သီတာနဲ့ ကိုညိုမင်းဟာ ဒီကျောင်းမရောက်ခင်မှာပဲ စေ့စပ်လိုက်ရတယ်။ စေ့စပ်လိုက်ရတယ်ဆိုတဲ့ အသုံးအနှုန်းကို ဥိးကျော်နားလည်မှာပါနော်။ ကံကြမ္မာဟာ သီတာ့ကို မျက်နှာသာ မပေးခဲ့ဘူးလို့ ဆိုရမှာပေါ့။ သီတာတို့မြို့မှာ ကိုညိုမင်း အသိုင်းအဝန်းက သြဇာကြီးသူတွေလေ၊ သူလက်ညှိုးညွှန်ရာ ဖြစ်နေတော့ သီတာလည်း မလွှဲမရှောင်သာ ခေါင်းညိတ်ခဲ့ရသ ူတစ်ယောက်ပါ။ ဒါပေမယ့်လေ…၊ အချိန်နဲ့ ကံကြမ္မာ အလှည့်အပြောင်းကို အားကိုးချင်သေးတယ်။
အို… သီတာ ဘာတွေ လျှောက်ရေးမိနေပါလိမ့်။ သီတာတို့ကိစ္စတွေကြောင့် ဦးကျော်ကို စိတ်အနှောက်အရှက်ပေးမိသလို
ဖြစ်နေပြီလား မသိဘူးနော်။ ဘာပဲပြောပြော သီတာလေ ခင်ပါတယ်။ ဦးကျော်က သီတာ့ကို အမြဲတမ်းမဟုတ်တောင် တိုက်ဆိုင်မှုလေးတွေ ရှိရင် သတိရပါနော်။ စဉ့်ကိုင်ဘက် ရောက်ရင် ဝင်ဖြစ်အောင် ဝင်ခဲ့ပါဦး။ အငြိမ့်ခန်း က တုန်း ကမန်းကမ်းရေးလိုက်ရတာမို့ လက်ရေးခွင့်လွှတ်နော်။
ခင်တဲ့ ခင်သီတာ၊
P. S သီတာ က နေတုန်း ဘာလို့ အပြီးထိ မကြည့်ဘဲ ထ သွားရတာလဲ ဇာတ်ဆရာကြီးရဲ့။
ကျွန်တော်က အသံတစ်သံကြောင့် စာအုပ်လေးကို ဖျပ်ခနဲ အမြန်ပိတ်လိုက်သည်။ အပေါ်ထပ် အိပ်ရာက ခင်သော်ဇင် ဆင်းလာသည်။ မှတ်မှတ်ရရ ထိုနေ့က အိမ်ပြန်ရောက်သည့် ညမှာပဲ ခင်သော်ဇင် ကိုယ်လက် မအီမသာနှင့် နေထိုင်မကောင်း စဖြစ်သည်။
ဆူးငှက်
