ဆူးငှက်
ဇာတ်ဆိုတာ လမိုင်းကပ်ပါမှ
——————————-
ဇာတ်တိုက်ရသည့် အလုပ်က အတော် စိတ်ရှည်ရ၏။ အထူးသဖြင့် ကျွန်တော်ကိုယ်နှိုက်ကလည်း ဂီတကို ထဲထဲဝင်ဝင် တတ်မြောက်တာမဟုတ်ပေ။ အဖွင့်သီချင်းလိုကျ ကျွန်တော်ကလည်း စန္ဒရားဆရာ ကိုအောင်ကြည်ကို ကျွန်တော် ဖြစ်ချင်သည့် အသံကိုပဲ ပြောပြတတ်၏။ ဘယ်နှပေါက်တွေ ဘာကီးတွေ မသိ။ ကိုအောင်ကြည်က စန္ဒရားခလုတ်ပေါ်မှာ အသံရှာပြီး မှတ်သားကာ သူကပဲ သီဆိုမည့် သူများအား ပြန်တက်ပေးသည်။ သို့သော် သီဆိုမည့်သူ လူ၅၀ ထဲက အားလုံးညီညာ တစ်သံတည်းထွက်ဖို့က မလွယ်လှပေ။ သူတို့ ဂီတကောင်စီဝင် အဆိုတော်များမှ မဟုတ်တာ။ သူတို့ နားလည်သလိုပဲ ဆိုကြသည်။ ထို့ကြောင့် ကိုအောင်ကြည်နှင့် ညှိပြီး တကယ်ဆိုနိုင်သူလက်ထဲ မိုက်ထည့်ပေးပြီး မိုက်များ အသံစွဲမည့် နေရာကို ုတွက်ချက်ကာ ဆိုနိုင်မည့်သူများကိုပဲ နေရာချမည်။ မဆိုနိုင်သူများကိုတော့ နောက်တန်းမှာပဲ နေရာပေးမည်ပေါ့။
ဘာပဲပြောပြော အဖွင့်သီချင်းကလည်း အထိုက်အလျောက် အဆင်ပြေနေပါပြီ။ ယိမ်းတွေကတော့ အဆင်ပြေဆုံးလို့ ပြောရမည်။ သူတို့အားလုံးက သဘောပေါက်ထားကြသူများ ဖြစ်၏။ ပြဇာတ်ကိုတော့ စိတ်မချနိုင်သေး။ အထူးသဖြင့် ပထမဆုံးအခန်းက စကားပြောတွေကို ကျွန်တော်က ဇာတ်ညွှန်းထဲကအတိုင်း အတိအကျပြောစေချင်သည်။ တစ်ခါ စာကျက်ထားသလို အတိအကျပြောသော်လည်း အဖိအဖော့ အနိမ့်အမြင့် အဆွဲအငင်မပါလို့မရပေ။ တစ်ခါ အဆွဲအငင် အနိမ့်အမြင့် အဖိအဖော့ပါသော်လည်း ထိုစကားသံအတိုင်း အမူအရာပါရမည်။
ဇာတ်ဆရာအလိုကျ
———————
ထို့ကြောင့် ထပ်တလဲလဲတိုက်ရသည်။ မကြိုက်သည့်နေရာရောက်သည်နှင့် ချက်ချင်း ရပ်ခိုင်းကာ ပြန်ပြင် ပြန်ပြောခိုင်းသည်။ ဇာတ်ကို အကြိမ်ကြိမ်တိုက်တော့ တစ်ကြိမ်တွင် အဓိကနေရာက ပါဝင်သော ကျောင်းသူက ဒီအတိုင်းရနေတာကို ကျွန်တော်က ရစ်တယ်ဟု စိတ်ကောက်သည်။ သည်တော့ နောက်တစ်ကြိမ်ထပ်ပြီး ထိုအခန်းကို ပြန်တိုက်တော့ သူ့နေရာတွင် ကျွန်တော်က ဝင်၍ သရုပ်ဆောင်ပြလိုက်၏။
မထင်မှတ်ဘဲ သေနတ်နှင့် အပစ် သူ့ကိုချုပ်ထားသူလက်က ရုန်းထွက်ပြီး ကြိုးတုတ်ခံထားရသည့် ချစ်သူရှေ့ပြေး၍ ကာသည့် အမူအရာက မေမြို့ရုက္ခဗေဒဥယျာဉ်ထဲ သမီးရည်းစား ၂ယောက် စိမ်ပြေးတမ်းကစားသလို နုနယ်နေလို့မရ။ ချုပ်ကိုင်ထားသည့် လူဆိုး၂ယောက်လက်က ဆောင့်ကန်ရုန်းထွက် မှောက်ရက်လဲမတတ်ပြေး၊ ချစ်သူအနားအရောက် ပစ်လှချ၊ သေတန်ကျည်ဆံမှန်တော့ လဲနေရာက ကော့တက်သွား ခေါင်းထောင်အားယူကြည့် ရင်ဝ လက်တစ်ဖက်နှင့်ဖိ ကျန်လက်တစ်ဖက်က ချစ်သူထံ မမှီတမီကမ်း ကမ်းသည့်လက်က ဝေဒနာကြောင့် တဆတ်ဆတ် တုန်နေ ပြီးတော့ ပြုတ်ကျ။ ထိုအမူအရာကြားတွင် စကားလုံးတွေက သူ့နေရာနှင့်သူ ထည့်ရမည်။
ကျွန်တော်က ထိုအတိုင်း သရုပ်ဆောင် ပြလိုက်တော့ ထိုကျောင်းသူသာမက သရုပ်ဆောင်သူတွေ ထိုင်ကြည့်နေသူတွေအထိ ကျွန်တော့်ကို အတော်အားနာကာ မျက်နှာပူသွားကြသည်။ ထိုကတည်းက သူတို့ ပေါ့ပေါဆဆ မလုပ်ကြတော့။ စိတ်ထည့်ကာ သရုပ်ဆောင်ကြတော့ ပီပြင်သွားသည်။ လမိုင်းကပ်သွားကြသည် ဆိုပါစို့။
ဤဖြစ်ရပ်က ပြဇာတ်သာမက အငြိမ့်ခန်းထိ လမိုင်းကပ်သွားတော့၏။ တာဝန်အရ သို့မဟုတ် အပျင်းပြေသဘော ဇာတ်ခုံပေါ်တက်ကြသည့် ကျောင်းသား အရပ်သားဟူသော ခပ်ပေါ့ပေါ့ စိတ်မျိုး မဖြစ်စေဘဲ သူတို့ကိုယ်တိုင် သဘင်သည် စိတ် အနုပညာရှင်စိတ် ဝင်သွားကြကာ မင်းသား မင်းသမီး လူရွှင်တော် ဟူသည်သာမက ဇာတ်ကောင် တစ်ဦးချင်းစီ၏ စရိုက်အထိ ပူးဝာတ်သူဇာတ်သားတွေလေ။ သင်တန်းသူ သင်တန်းသားများ မဟုတ်တော့။
ဇာတ်အဖွဲ့ကြီး သေတ္တာဖွင့်ပါပြီ
—————————–
ဤသို့ဖြင့် ဝတ်စုံပြည့် အစမ်းကပြကြတော့မည်။ ထိုအစမ်းကပြမည့်ပွဲက ဇာတ်ခုံကအစ ဆက်တင် ကားလိပ်၊ မီးခွင် အသံခွင်၊ တီးဝိုင်းကိရိယာ အစုံနှင့် အပီအပြင် ကကြမည်။ ထို့ကြောင့် ဇာတ်ခုံပိုင်း အပြင်အဆင် မီးခွင် အသံခွင်များအတွက် ကိုတင်အောင်စန်းက တာဝန်ဟူထား၏။ သူက မန္တလေးအငြိမ့်ထောင် ဇာတ်ထောင်များနှင့် ရင်းနှီးသည်။ လိုအပ်သည့် ပြည်ဖုံးကား ရင်ခွဲကား တောကား နန်းကား မြို့ကား ရွာကား အိမ်ကား တိုက်ကား စသည်ဖြင့် ခွင်ပြည့်ဆင်သည်။ မင်းသား မင်းသမီး သရုပ်ဆောင်များအတွက် အဝတ်အစား အဆောင်အယောင်တွေကို မျက်ပါးရပ် ရွှေဆင်မင်းက ငှားကြမည်။
ထိုကိစ္စကတွက် ပျော်ဘွယ်သူ ဒေါ်ကြူကြူနှင့် အမရပူရသူ မြမြဝင်းတို့က တာဝန်ယူကြသည်။ ပစ္စည်းများငှားဖို့ မန္တလေးသွားရမှာမို့ ကျောင်းအုပ်ကြီးက ကျောင်းဂျစ်ကားကို ဒရိုင်ဘာနှင့် သုံးခွင့်ပေးထား၏ ထို့ကြောင့် တာဝန်ယူထားသူ ၃ယောက်က မန္တလေးသွားကြမည်။ ဤသို့ဖြင့် ဝတ်စုံပြည့် အစမ်းကပွဲနေ့ ရောက်ခဲ့ပါပြီ။ ထိုနေ့ကတော့ ကျွန်တော့်အတွက် ၁၀တန်းစာမေးပွဲ အောင်စာရင်းကြည့်ရမည့်နေ့လို ရင်တွေခုန် စိတ်လှုပ်ရှားနေတော့သည်။ ကိုအောင်ကြည်က တီးဝိုင်းအတွက် ကန်တော့ပွဲထိုးရန် ပြင်ဆင်တော့ ကျွန်တော်က ဇာတ်အတွက် မီးအတွက် အသံအတွက်သာမက ရန်ကင်းတောင် ဘိုးဘိုးကြီး အောင်ပင်လယ် ဘိုးဘိုးကြီး မန္တလေးတောင်ဘိုးဘိုးကြီးများအတွက်ပါ ကန်တော့ပွဲ ထိုးပေးပါဗျာဟု တောင်းပန်ရသည်။
ဝတ်စုံပြည့် အစမ်းလေ့ကျင့်ပြီ
——————————–
ဝတ်စုံပြည့် အစမ်းကသည့်နေ့က ကျွန်တော့်မှာ ဇာတ်ခုံပေါ်တက်လိုက် စင်အောက်ဆင်းကြည့်လိုက် ပြင်ဆင်နေကြသည့် ကျောင်းရုံးခန်းထဲပြေးပြီး အဆင်သင့်ဖြစ်ဖို့ အော်ဟစ်လိုက် မင်းသမီးတွေ ဘော်လီဝတ် ထဘီဝတ်သည့် အခန်းထဲလည်း မတတ်နိုင်တော့ ဝင်ပြီး ပြောရပြန်သည်။ ရှေ့ပိုင်း အဖွင့်သီချင်း၊ မြိုင်ကြီးဟေမာယိမ်း စသည်ဖြင့် တင်ဆက်နေသည့် အပိုင်းတွေ အဆင်ပြေနေသည်။ ဆရာဦးခင်ထွန်းကလည်း အစီအစဉ်ဖိုင်ကိုင်ကာ ပြေးလွှားဆော်သြနေသည်။ ကျွန်တော်က အခု ယိမ်းပြီးလျှင် ပြဇာတ်ထွက်ရမည်။ ထို့ကြောင့် ပြဇာတ်အဖွင့် တီးလုံးစကတည်းက စင်အောက်ပြေးကာ ကိုဘရီတို့ ပြဇာတ်အဖွဲ့ အဆင်သင့်ဖြစ်မဖြစ် ပြေးကြည့်တော့ ဇာတ်ခုံ ပုဏ္ဏားကွယ်ကြားမှာ အားလုံးအသင့် ဖြစ်နေကြလို့ စိတ်အေးသွားသည်။ ဆရာဦးခင်ထွန်းက ဝီရိယကောင်းစွာ ပြဇာတ်အပြီး ထွက်မည့် ဗွေးဒုတ်ယိမ်းအတွက် အသင့်ပြင်ခိုင်းကာ စင်နောက်မှာ နေရာယူခိုင်းနေပါပြီ။
သည်လိုနှင့် ပြဇာတ်ကို စင်အောက်က ကြည့်ပြီး ကိုယ့်လူများအတွက် ကျေနပ်နေမိသည်။ အပိုအလိုမရှိ လမိုင်းကပ်နေ၏။ ကျွန်တော့်ကို စိတ်ကောက်ခဲ့သော မြမြဝင်းလည်း တကယ့် ပြဇာတ်မင်းသမီးအလား သရုပ်ဆောင် ကောင်းလှသည်။ ပြဇာတ်မှာ တစ်ခုပါပဲ တောတွင်း လူဆိုးဂိုဏ်းအခန်းမှာ ဆက်တင်နှင့် အသုံးအဆောင်ပိုင်း ဖြည့်ရဦးမည်။ ပြဇာတ်လည်းအပြီး အပိတ်တီးလုံး ဘေ့စ်ဂတ်တာသံ တဒီဒီတွင် ကျွန်တော်က အငြိမ့်ခန်းအတွက် မင်းသမီးများ အဆင်သင့် ဖြစ်မဖြစ် ကြည့်ရဦးမည်။ လူလည်း ဆောင်းတွင်းမှာ ချွေးတွေနစ်လို့ ထို့ကြောင့် တိုက်ပုံကို ချွတ်လိုက်ရသည်။ လွယ်အိတ်ထဲမှာ လက်ကိုင်ပုဝါရှာမိသည်။ မျက်နှာမှာလည်း ချွေးတွေ စီးကျလို့။ လက်ကိုင်ပုဝါက မတွေ့။ ဘယ်မှာ ချခဲ့မိမှန်းမသိ၊ ချွေးတွေကို လက်နှင့်ပဲ သပ်ချရသည်။
မင်းသမီးတွေ ပြင်ဆင်နေသည့် ဆရာများနားနေခန်းတွင် ဝင်ကြည့်တော့ အားလုံး အသင့် ပြင်ဆင်ပြီးနေကြပြီဖို့ အမောပြေသွားသည်။ လက်ကနာရီကို ကြည့်ပြီး ပွဲနေ့ကျရင်လည်း အခုအတိုင်းပဲ ဖြစ်နေပြပေးစေနော်၊ ပြဇာတ်ပြီးတာနဲ့ အဆင်သင့် ဖြစ်ကြရမှာ၊ ပြဇာတ်မှာပါတဲ့ မင်းသမီးကလည်း ပြဇာတ်ပြီးပြီးချင်း ပြေးဆင်းလာပြီး အဝတ်အစားနဲ့ မိတ်ကပ်ကို ၁၅မိနစ်အတွင်း အပြီး ပြင်ရမှာ၊ ဗွေးဒုတ်ယိမ်းက ၁၆မိနစ်ပဲကြာမှာနော် ဟု ပြောပြောဆိုဆို အပြင်ပြန်ထွက်ဖို့ ခြေလှမ်းပြင်လိုက်သည်။ သည်တွင် “ ကိုကျော်၊ ကိုကျော်ဆန်း ခဏနေပါဦး” ဟူသော အသံကြောင့် လှည့် ကြည့်မိသည်။ မင်းသမီးအဝတ်အစားနှင့် လှချင်တိုင်းလှနေသော စဉ့်ကိုင်သူလေးလေ။ ခင်သီတာ ဆိုပါစို့။ သူက ခါးတောင်ကို ဆွဲချကာ ထဘီနား ကို မ ပြီး ထလာသည်။ ကျွန်တော်က ရပ်စောင့်နေသည်။ “ ဒီနေ့တော့ ကျွန်မ ကိုကျော်ဆန်းကို တစ်ခု အပူကပ်ရတော့မယ်” ဟု မပွင့်တပွင့်ဆိုသည်။
သီချင်းတစ်ပုဒ်ဆိုပါ ဇာတ်ဆရာ
——————————–
အငြိမ့်ခန်းကမည့် ကျန်ကျောင်းသူ၂ယောက်နှင့် လူပြက် ၃ယောက်ပါ ကျွန်တော့်နား ဝိုင်းလာကြသည်။ ထို့ပြင် ပြဇာတ်မင်းသား ကိုဇော်လင်းလည်း ပါသည်။ ပြောကြစို့ဆို လျှင် သည်ပွဲ၏ ကြီး၇ကြီး ဆိုပါစို့။ ကျွန်တော်က သူတို့ကို အံ့အားတသင့် ကြည့်နေမိ၏။ စဉ်ကိုင်သူလေးက ကျွန်တော့်ရှေ့ ခပ်ယို့ယို့ ရပ်ပြီး “ ကျွန်မ .. ကျွန်မတို့ စောစောကပဲ ပြောမိကြတယ်။ ဒီပွဲမှာ ကိုကျော်ဆနိးက ဒါရိုက်တာ တစ်ယောက်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကိုကျော်ဆန်းလည်း အစီအစဉ် တစ်ခုခုမှာ ပါစေချင်တယ်။ အဲ့ဒါ ကိုကျော်ဆန်းက သီချင်းတစ်ပုဒ်ဖြစ်ဖြစ် ဆိုပါရှင်၊ ကျွန်မတို့ အားလုံး တောင်းဆိုပါတယ်” တဲ့။
ထိုစကားကို မထင်မှတ်ဘဲ ကြားလိုက်ရတော့ ကျွန်တော်က ပျာပျာသလဲဖြင့် “ဟာ.. ဟာ..၊ ကျွန်တော်က စင်အောက်ကသာ ပေါက်တတ်ကရပြောပြိး ဆရာလုပ်တာ၊ စင်ပေါ်ကျ မတက်ရဲဘူးဗျ။ မလုပ်ကြပါနဲ့။ ပြီးတော့ ရတဲ့သီချင်း တိုက်ထားတဲ့ သီချင်းလည်း မရှိပါဘူးဗျာ” ဟု ငြင်းရသည်။ ထိုအခါ ပြဇာတ်မင်းသား မကွေး ကိုဇော်လင်းက “ ဒါဆိုရင် ကိုကျော်ဆန်း ရတဲ့ သီချင်းဆိုဗျာ၊ ဟုတ်ပြီဗျ၊ ဒီလိုလုပ်ပါ့လား၊ ကျွန်တော်တို့ဆိုမယ့် သက်ဝေသီချင်းမှာ ကျွန်တော့်နေရာ ကိုကျော်ဆန်း ဆိုပေါ့ဗျာ၊ မဟုတ်ဘးလား၊ တီးလုံးတိုက်စရာမလိုဘူလေ..” ဟု စဉ်ကိုင်သူ ကို ရည်ညွှန်းရင်း ကျွန်တော့်ကို လှမ်းပြောသည်။
ထိုအခါ မင်းသမီးထဘီ၏ ရေသီနားကို အသားရောင် ခြေအိတ်လေးစွပ်ထားသည့် ခြေသလုံးလေး ပေါ်အောင် ဒူးလေးနားထိ မ တင်ထားသည့် သူမက “ဟာ.. ဟုတ်သားပ၊ဲ ကိုကျော်ဆန်း သက်ဝေဆိုတာ သိပ်ကောင်းတာပဲ၊ ကျွန်မလည်း ကိုကျော်ဆန်းနဲ့ သက်ဝေဆိုရရင် သိပ်အားရှိမှာ”ဟု မျက်တောင်တု နက်မှောင်အောက် က ညို့နေသည့် မျက်ဝန်းလေး လက်သွားသည်အထိ အားတက်သရောပြောသည်။ ကျွန်တော်က လက်၂ဘက်ကို ကာပြီး “ ဟာ… မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ မခင်သီတာရယ်..၊ ကျွန်တော့်ကို စင်ပေါ်အတက်ခိုင်းပြီး ပရိသတ်ကို ဒုက္ခမပေးကြပါနဲ့ဗျာ၊ ကျွန်တော် မတက်ရဲလို့ပါ၊ ကျွန်တော်က စင်အောက်မှာသာ ဟန်ဆောင်ပန်ဆောင် လုပ်တတ်တာပါ၊ စင်ပေါ်မှာ အကုန် ကသောင်းကနင်းဖြစ်လို့ ပွဲပျက်သွားပါ့မယ်၊ တောင်းပန်ပါတယ်ဗျာ..” ဟု ဇွတ်ငြင်းသည်။ ထိုသို့ပြောရင်း နဖူးကလည်း ချွေးသီးများ ကျလာသည်။ ထို့ကြောင့် လွယ်အိတ်ကိုင်းနှင့် ချွေးသုတ်ရသည်။
ကြောက်ရင်လည်း နောက်ဆုတ်အေ..
————————————–
ကိုဇော်လင်းတို့က “ကိုကျော်ဆန်းက သိပ်လျှိုတာပဲဗျာ” ဟု အပြစ်တင်ကြသည်။ လွယ်အိတ်ကိုင်းကြီးနှင့် မဖွယ်မရာ ချွေးသုတ်နေတော့ စဉ့်ကိုင်သူ ခင်သီတာက သူ့လက်ထဲမှာ ကိုင်ထားသည့် လက်ကိုင်ပုဝါလေးကို လှမ်းပေးရင်း “အို.. ဘယ့်နှယ် လွယ်အိတ်ကြီးနဲ့ သုတ်ရတာလဲ၊ ရော့လေ..၊ ဒါလေးယူထား၊ ကဲပါရှင်…စင်ပေါ်မတက်ရဲတဲ့ ဇာတ်ဆရာကြီးရယ်၊ ဒီလောက်လည်း ကြောက်ချွေးပြန်မနေပါနဲ့” တဲ့၊ ခနဲ့စကားလေးနှင့် မျက်စောင်းလေး လှမ်းထိုးသည်။ အခန်းအပြင်ဘက်ရောက်တော့ လက်ထဲမှာပါလာသည့် လက်ကိုင်ပုဝါလေးနှင့် မျက်နှာကို သုတ်မိသည်။ မိတ်ကပ်နံ့လေးအောက်မှ ကိုယ်သင်းနံ့လေး ရလိုက်တော့ ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားသည်။ စင်ပေါ်မှာတော့ ဗွေးဒုတ်ယိမ်း ထွက်နေပြီ။
“ကြောက်ရင်လည်း နောက်ဆုတ်အေ..၊
ချွေးသုတ်ရင်လေ၊ ကစားနေတုန်း
အရှုံးပေးရမလေ..” တဲ့။
(သည်နေရာတွင် ကျွန်တော် ဝန်ခံရပါမည်၊ သို့မှသာ ကိုယ့်ပရိသတ်ကို လေးစားရာ ကျမည်။ ထိုသင်တန်းကို ကျွန်တော် စတင်တက်စဉ်က စိတ်မဝင်စား၊ စိတ်မပါ၊ အထင်အမြင်ပင် သေးခဲ့ကြောင်း ပြောခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ၁လကျော်မျှ အကြာတွင် ကျွန်တော် ပျော်သွားပါသည်။ ထို့နောက် ဇာတ်အဖွဲ့ကြီး ဖွဲ့စည်းလိုက်တော့ သံယောဇဉ် ဖြစ်သွားပါ၏။ ထို့ကြောင့် ဇာတ်ခေါင်းကွဲပြီး သင်တန်းကအပြန် အိမ်ရောက်တော့ သင်တန်းကို သတိရလွန်းသောကြောင့် သင်တန်းရှိ စာသင်ထိုင်ခုံ အတိုင်း စာပွဲလေး၁လုံးကို လက်သမားဆရာ ကိုစိန်မောင်ထံ ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းဆွဲပေးပြီး အပ်နှံခဲ့ပါသည်။ နောက် တလျှောက်လုံး ထိုစာပွဲလေးမှာ ကျွန်တော်စာရေးခဲ့ အလုပ်လုပ်ခဲ့သည်။ ထိုစာပွဲလေးက အခုတိုင် ကျွန်တော့် အိပ်ရာဘေးမှာရှိပါသည်။ ထိုစာပွဲလေး၏ အံဆွဲထဲက အံဝှက်လေးထဲမှာ ပန်းနုရောင် မိန်းမကိုင် လက်ကိုင်ပုဝါလေးလည်း အခုထိရှိသေးပါသည်။ ယခု သူတို့အိမ် – ၂၀၃ ကိုရေးတော့ သတိရလို့ ထုတ်ကြည့်ရန် စဉ်းစားပါသေးသည်။ သို့သော် ကျွန်တော် မဝံ့ရဲပါ။ ထို့ကြောင့် သည်အတိုင်းပဲ ထားလိုက်ပါကြောင်း ပရိသတ်ကို ဝန်ခံခြင်း ဖြစ်ပါ၏။ – ဤကား စကားချပ်)
ဆူးငှက်
