ထန်းတပင်က ၅ နှစ်ကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိ

ဇူလိုင် ၆ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းမှာ နေထိုင်တဲ့ KG တက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံကို ဒီကနေ့ ဇူလိုင် ၆ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ် ။
တရားခံက အသက် ၃၃ နှစ်အရွယ် ရဲဝင်းပိုင် ဆိုသူဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်း ၊ နတ်တလင်းမြို့နယ်မှာ ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ နတ်တလင်းမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
” မြို့နယ်ရဲမှူးပါတဲ့အဖွဲ့က မြို့ပေါ်ရပ်ကွက်တွေထဲကို နယ်မြေလုံခြုံရေး ကင်းလှည့်ချိန်မှာ သူကို( တရားခံ) ထွေအုပ်ရုံးရှေ့မှာတွေ့ရတယ်။ အဲဒီမှာသူ့ပုံစံကို မသင်္ကာတာနဲ့ ရဲတပ်ဖွဲ့က ခေါပြီး စစ်ဆေးတော့မှ ကလေးမလေးကိုသတ်ပြီးပြေးလာတဲ့ တရားခံပြေးဆိုတာ သိရတာမျိုးပါ။ အခု လက်ရှိသူ့ကို ချုပ်ထားတယ်။ သက်ဆိုင်ရာ ရဲစခန်းချင်းလည်း ချိတ်ဆက်ဆောင်ရွက်နေတယ် သိရတယ်။ တရားခံက ပန်းတနော်မြို့နယ်ကလို့ သိရတယ်။” လို့ ​လုံခြုံရေးတပ်ဖွဲ့ နီးစပ်သူက ပြောပါတယ် ။
တရားခံကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းမှာရာဇသတ်ကြီးပုဒ်မ – ၃၀၂/၃၉၂ နဲ့အမှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။
ဖြစ်စဥ်က ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းမှာ အသက် ၅ နှစ်အရွယ် KG တက်နေတဲ့ ကလေးငယ် မသော်တာစိုင်းဟာ နေအိမ်ကနေ ပျောက်သွားပြီးနောက် ည ၁၁ နာရီလောက်မှာ တူးချောင်းကျေးရွာ အပြင်ဘက်ရှိ တနေရာမှာ စောင်နဲ့ပတ်ထုတ်ထားပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ကလေးမလေး ရုပ်အလောင်းမှာ ရင်ဘတ်အညိုမဲစွဲဒဏ်ရာတွေရပြီး နားကပ်ကို ဆွဲဖြုတ်ယူထားတဲ့အတွက် ပြတ်လုနီးပါးဒဏ်ရာတွေ့ရသလို အဓမ္မပြုကျင့်ခံထားရတာကိုလည်း စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အခုလို အရွယ်မရောက်သေးတဲ့ကလေးငယ်ကို လူမဆန်စွာ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ တရားခံကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ ပြည်သူတွေက တောင်းဆိုမှုရှိနေပါတယ်။
ဓာတ်ပုံ – မင်းသွေးမောင်

Related posts

Leave a Comment

VOM News

FREE
VIEW