SKY Villa ပိုင်ရှင်ကို ထောင်ဒဏ် ၅ နှစ်ချတဲ့အမှု တရားလိုရော တရားခံရော အထက်အဆင့်ဆင့်ကို ပြင်ဆင်ခွင့်နဲ့ အယူခံတက်ဖို့ နှစ်ဘက်စလုံးကစီစဥ်နေ

မန္တလေး၊ ဇူလိုင်- ၆- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဖမ်းဆီးပြီးနောက် အာမခံပေးထားရာက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်တရားရုံးက ပြန်ကြားရေးအရာရှိ ပြောပြတာက ” ဦးနိုင်ထွန်းလင်းကို ၂၃ ရက် ၆ လ ၂၀၂၆ ခုနှစ်က ၃၀၄-က နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာပါ၊ ကျမတို့ရုံးမှာတော့ ဒီတမှုနဲ့ပဲ စွဲဆိုထားတာပါ၊ ပထမတုန်းကတော့ အာမခံနဲ့ ရင်ဆိုင်ခဲ့ပါတယ်၊ အောင်မြေသာစံခရိုင်တရားရုံးကနေ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉က/၂၀၂၆ အမှုတွဲကိုကြည့်ရှုဖို့ခေါ်ထားတဲ့အတွက် ပေးပို့ထားပါတယ်” VOM ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
ဒီအမိန့်စီရင်ချက်ကို တရားလိုဘက်က အမှုပြင်ဆင်ခွင့်တက်ဖို့ စီစဥ်နေသလို တရားခံဘက်ကလည်း အယူခံတက်ဖို့ ပြင်ဆင်နေတယ်လို့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။
ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ်က အမှတ် ၁ နယ် မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုနဲ့ အမှုဖွင့်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ လ ၁၀ ရက်နေ့က ဖမ်းဆီးအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်အထိ ငါးလအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၇ လောင်း တွေ့ရှိထားကာ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဦးစီးအရာရှိတဦးက တရား စွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ အာမခံနဲ့ အပြင်ကနေ အမှုကိုရင်ဆိုင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ အာမခံရုပ်သိမ်းခံခဲ့ရတယ်လို့သိရပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ မဆင်မခြင် ဒါမှမဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေဆုံးစေခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိနဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။ သေဆုံးနိုင်တယ်ဆိုတာ သိရှိလျက် လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ကွန်ဒိုအတွင်းမှာ လူ ၄၀၀ ကျော် နေထိုင်ခဲ့တယ်လို့ သိရပြီး Sky Villa ပြိုကျမှုဟာ မန္တလေးမှာ ငလျင်အတွင်း လူအသေအပျောက်အများဆုံး အဆောက်အအုံ ပြိုကျမှုတွေထဲက တခု ဖြစ်ခဲ့ပါတယ်။
ငလျင်အပြီး NTL Construction Company က သေဆုံးသူတဦးစီရဲ့ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုတွေကို ကျပ်သိန်း ၁၀၀ စီ နစ်နာ ကြေးပေးခဲ့ပြီး ပထမအသုတ်မှာ သေဆုံးသူ ၇၂ ဦးရဲ့ မိသားစုတွေကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအသုတ်အဖြစ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ သေဆုံးသူ ၇၆ ဦးရဲ့ မိသားစုတွေကို ဆက်လက်ပေးအပ်ခဲ့ပါတယ်။
ငလျင်အတွင်းမှာ NTL Construction Company ကဆောက်လုပ်တဲ့ Sky Villa ကွန်ဒိုအပြင် ၂၂ လမ်း နဲ့ ၂၁ လမ်း လမ်း ၈၀ နဲ့ ၈၁ လမ်းမှာရှိတဲ့ အင်ကြင်းကွန်ဒိုလည်း ပြိုကျခဲ့ပြီး လူ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW