ဇူလိုင် ၇ ၊ ၂၀၂၆
GG (VOM)
ယခု ဇူလိုင်ပထမပတ် ရက်ပိုင်းအတွင်းမှာ မြို့နယ်တချို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ကိုးခု ဖယ်ရှားခံခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ် ။
မနေ့ကဇူလိုင် ၆ ရက်နေ့ညပိုင်းမှာ ပဲခူးတိုင်းအနောက်ခြမ်း ၊ ဇီးကုန်းမြို့ ၊ ရန်ကုန် – ပြည်ကားလမ်းပေါ် မီးပွိုင့်အနီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံဆီက သိရပါတယ်။
ဇူလိုင် ၅ ရက်နေ့မှာဆိုရင် မကွေးတိုင်းထဲက မင်းဘူးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၊ ကံမမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၊ တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည်ရင်ပြင်မှ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကိုးယောက်ရဲ့ ကြေးရုပ်တုတွေ နဲ့ ရေစကြိုမြို့ရှိ လွတ်လပ်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတွေလည်း ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ် ။
ဇူလိုင် ၁ ရက်နေ့ကနေ ၃ ရက်အတွင်းမှာလည်း ရန်ကုန်တိုင်းထဲက ရွှေပြည်သာမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံအတွင်း ပဒေသာဈေးအနီးရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နဲ့ သာကေတမြို့နယ်၊ မြကန်သာပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တို့ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ် ။
ခုလို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေ ဖယ်ရှားခံရတဲ့အပေါ် အမျိုးသားရေးလှုပ်ရှားသူတယောက်က
” ရုပ်တုတွေဖျက်တာကတော့ ပါဆင်နယ်သဘောပြောရရင် မကြိုက်လှပါဘူး။ ၅ နှစ်တခါ တည်ဆောက်/ဖျက်ဆီးလုပ်နေတာ သဘာ၀မကျပါဘူး ။ ဦးစောရုပ်တု ဆိုရင်တော့ တမျိုးပေါ့ ။ တကယ်သာဖျက်ခဲ့ရင်တော့ ကလေးဆန်လွန်းတယ်လို့ မြင်ပါတယ်။ ” လို့ သူရဲ့အမြင်ကို ပြောပါတယ်။
နိုင်ငံရေးလေ့လာသူတယောက်ကတော့
” NLD ခေတ်က ပါတီထောက်ခံသူတွေက အပြိုင်အဆိုင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေလုပ်ကြတယ် ။ တောင်သာက ရုပ်တုဆိုရင် ဗိုလ်ချုပ်ပုံ မမြင်ဘူးသူလုပ်ထားသလားမှတ်ရတယ် ရုပ်ပျက်ဆင်းပျက်ဗျာ သူ့ထက်ငါ အပြိုင်လုပ်ကြပေမယ့် ဖြစ်သလိုလုပ်ကြတယ် ၊ တချို့ဆို ပန်းခြံထဲ ၂ရုပ် ပြိုင်လုပ်ကြတယ် ။ ကြည်ညိုလို့လုပ်တာက တမင်ပုံဖျက်သလိုခံစားရတယ်။ဒါတွေကို အစိုးရက ပြန်များပြင်ပေးမလို့ ဖျက်လားပေါ့ ကောင်းတဲ့ရည်ရွယ်ချက်ဖြစ်စေချင်တယ်” လို့ ဆိုပါတယ်။
ဇွန်လအတွင်းမှာဆိုရင်လည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှားခံခဲ့ရသလို ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တု နဲ့ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာအဝင်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တု ၊ မုဒုံမြို့နယ် ကန်သာယာပန်းခြံက ဗိုလ်ချုပ်ရုပ်တု လည်း ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ၂၀၂၅ ခုနှစ်ကလည်း နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနဲ့ ပဲခူးမြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ၊ မန္တလေးတိုင်း သာစည်က ရုပ်တုတို့ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။
အခုလို မြို့နယ်တချို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတွေ ဖယ်ရှားမှုပြုလုပ်နေ တဲ့ကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်ကတော့ တရားဝင်စာထုတ် အသိပေး ပြောဆိုတာမျိုး မတွေ့ရှိရသေး ပါဘူး ။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေကို ဘာကြောင့် ဖယ်ရှားသလဲဆိုတဲ့အပေါ် ပြည်ထောင်စုအဆင့်ကိုမေးမြန်းပေမယ့် ဖြေကြားခြင်းမရှိလို့ အတိအကျ မသိရသေးပါဘူး ။
လာမယ့် ဇူလိုင် ၁၉ ရက်နေ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကိုးဦး ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ ဖြစ်ပြီး နှစ်စဥ်အာဇာနည်နေ့ရောက်တိုင်း ရန်ကုန်အပါအဝင် မြို့နယ်တိုင်းမှာ အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်လေ့ရှိပါတယ်။
ဓာတ်ပုံ – CJ ( ဖယ်ရှားမခံရခင်က ပဲခူး ၊ ရေဦးနဲ့ တောင်တွင်းကြီးက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပုံများ မြင်တွေ့ရပုံ)
