ဇူလိုင် ၇ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်ဒေသရှိ ဝှေခါ နဲ့ အင်းတော်ကြီးလမ်းကြားမှာရှိတဲ့ KIA ထိန်းချုပ်ထားတဲ့ ဝှေလုံရွာမှာ KIA တပ်ဖွဲ့ဝင်နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လို့ ဒေသခံနှစ်ယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။
” ည ၁၂ မှာဖြစ်သွားတာဟုတ်ပါတယ် ။ ဝှေလုံဆိုင်မှာ ဖြစ်ဂိတ်စောင့်နေတဲ့နှစ်ယောက်အောက်ဆင်းလာပြီး ဆိုင်မှာ အကြွေး သောက်စားပြီး အချိန်မတော်သောင်းကျန်းလို့ ပြန်ဖို့ တောင်းပန်တာကို ပြောလို့ဆိုပြီးလက်သီးနဲ့ ထိုးတာ ။ အဲဒီမှာ ထိန်းမရတော့လို့ သူတို့နေတဲ့ ဂိတ်ကအရာရှိကို ထိန်းပေးဖို့သွားမယ်လုပ်တာကို သူတို့က ပိုဒေါသဖြစ်ပြီး ပတ်ရမ်းပစ်လိုက်တာမှာ ထိပြီးသေတာပဲ။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံတယောက်က ပြောပါတယ်။
ဖြစ်စဥ်က ဇူလိုင် ၆ ရင်နေ့ည ၁၂ နာရီလောက်မှာ ဝှေခါရွာကို အရက်လာသောက်တဲ့ KIA တပ်ဖွဲ့ဝင်နှစ်ယောက်ဟာ အရက်မူးပြီး စကားများနေတဲ့အတွက် ဒေသခံတွေနဲ့ အုပ်ချုပ်ရေးမှူးက ဆူပူမှုမပြုလုပ်ဖို့ ပြောကြားရာကနေ ပြဿနာတက်ပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသူ နဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ပစ်ခတ်မှုအတွင်းမှာ KIA ခန့်အပ်ထားတဲ့ ဝှေလုံရွာ အုပ်ချုပ်ရေးမှူး ကိုအိုက်နှောင်း ၊ ဒေါ်ချိုချိုဦးတို့ သေဆုံးပြီး နောက်ထပ်အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံနောက်တယောက်က ” KIA နှစ်ယောက် ဘီယာလာဆင်းသောက်ကြတယ် ။ အရက်မူးပြီး စကားတွေ များတယ်။ အဲဒီအချိန်လာတားတဲ့ ရပ်မိရပ်ဖ ဦးညွှန့်မောင်ကို KIA တပ်သားတဦး က လက်သီးနဲ့ထိုးတယ် ။ မသောင်းကျန်းပါနဲ့ တောင်းပန်ပါတယ် ဂိတ်ကိုပြန်ကြပါတော့ လို့ပြောတယ် ။ အဲဒါကို တားလို့မရဘူး ၊ ထိုးမယ်ဘာညာ လုပ်ကြတော့ ဥက္ကဋ္ဌက သူတို့ကမူးနေပြီတားမရတော့ဘူး။ ညောင်ထောက်ကလူကြီးတွေကို အကြောင်းကြားမှ ရတော့မယ်လို့ပြောတယ်။ အဲဒီမှာ KIA ရဲဘော်တွေက အုပ်ကြီးအဆင့်ကို ပစ်သတ်လိုက်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်တယ် ။ အဲဒီမှာ ရွာသားတချို့က ညောင်ထောက်က လူကြီးတွေကို သွားပြောမယ်အလုပ်မှာ သေနတ်ကိုဘောက်လိုက်ဆွဲပြီးလိုက်ပစ်တာ ။ အဲအချိန်မှာ ဥက္ကဋ္ဌကြီးရယ် ၊ ရပ်မိရပ်ဖရယ် ၊ ဦးစိန်ဝင်းရဲ့ အမျိူးသမီး ရယ် သေနတ်ထိထားပါပြီ အခြားရွာသားတွေလဲ အကုန်ထွက်ပြေးကြရပါတယ်။ နောက်မှ အလောင်းတွေ ပြန်ကောက်ရပါတယ် ။” လို့ ဒေသခံက ပြောပါတယ် ။
အရက်မူးပြီး သေနတ်နဲ့ ပစ်တဲ့ KIA တပ်ဖွဲ့ဝင်နှစ်ယောက်ဟာ ဖားကန့် ဝှေခါ – အင်းတော်ကြီးလမ်းပိုင်းမှာရှိတဲ့ ညောင်ထောက်စစ်ဆေးရေး ဂိတ်က ဖြစ်ပြီး အဲဒီထဲက တယောက်ကတော့ ပစ်ခတ်မှု ဖြစ်စဥ်အပြီးမှာ သေနတ်နဲ့ ကိုယ့်ကိုယ်ကို ပြန်ပစ်ပြီး သေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။
လက်ရှိမှာတော့ ဝှေလုံရွာမှာ ဖြစ်တဲ့ KIA တပ်သားတွေမူးပြီး သေနတ်ပစ်ခတ်မှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး KIA ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို အရေးယူတာမျိုးလည်း မရှိသေးတာကြောင့် ထိရောက်တဲ့အရေးယူမှု ပြုလုပ်ပေးဖို့ ဒေသခံတွေက ဆန္ဒရှိနေကြပါတယ်။
ဓာတ်ပုံ – CJ
