ဇူလိုင်-၇-၂၀၂၆
KKA(VOM)
မန္တလေးမြို့ရှိ အိမ်တွင်းမှု တနိုင်တပိုင် လုပ်ငန်းလုပ်ကိုင်နေသူတွေကို အစိုးရအနေနဲ့ အသေးစားချေးငွေများ ထုတ်ပေးစေချင်ကြောင်း အိမ်တွင်းမှု စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေသူ မယမင်းသူက VOM ကိုပြောပါတယ်။
တနိုင်တပိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ကာ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အခုလို ချေးငွေထုတ်ပေးစေချင်ခြင်းဖြစ်ကြောင်း မယမင်းသူက ထပ်လောင်းပြောဆိုပါတယ်။
“တနိုင်တပိုင်ဆိုတာက ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းလေးတွေပေါ် မူတည်ပါတယ်။ ဥပမာ စားသောက်ကုန်တို့၊ မုန့်မျိုးစုံတို့ လုပ်ငန်းတွေပေါ့။ သူတို့ ဈေးကွက်ထဲ ရောက်ဖို့က အရင်းတခုတည်းနဲ့ မရဘူး။ နှစ်ရင်း သုံးရင်း ရှိထားမှ လုပ်ငန်းက လည်ပတ်တာ။ ကိုယ်ရှိတာလေးနဲ့ လုပ်ငန်းစတော့ ကြားထဲ တခုခု အဆင်မပြေဖြစ်သွားရင် လုပ်ငန်းက ရပ်သွားရော။ မရပ်ချင်လို့ အပြင်က အတိုးနဲ့ ချေးတော့လည်း အတိုးပေါ် အတိုးဆင့်ပြီး လုပ်ငန်းက ရှေ့မရောက်တော့ဘူး။ အရှုံးနဲ့ ရပ်လိုက်ရတဲ့ လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒါလေးတွေကို စိစစ်ပြီး ချေးငွေ ထုတ်ပေးစေချင်တာပါ” လို့မယမင်းသူက ပြောပါတယ်။
မန္တလေးမြို့၊ ရပ်ကွက်များအတွင်းရှိ အသေးစားလုပ်ငန်း လုပ်ကိုင်နေသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် စနစ်တကျ စာရင်းကောက်ယူပြီး၊ လိုအပ်တဲ့ အသေးစားလုပ်ငန်းတွေကို စိစစ်ပြီး ချေးငွေစီစဉ်ဆောင်ရွက်ပေးနိုင်လျှင် လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်မယ့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပွင့်လန်းလာမှာဖြစ်ကြောင်း “အောင်” ဆီကြော်မုန့်မျိုးစုံလုပ်ငန်းမှ ကိုအောင်မျိုးကျော်က ပြောပါတယ်။
“ကျွန်တော်တို့တုန်းကလည်း ရုန်းကန်ခဲ့ရတာပါပဲ။ ဈေးကွက်တိုးချဲ့ရတာကော၊ အရင်းခဏခဏ ပျောက်တဲ့ဒဏ်ကော၊ ကုန်ကြမ်းဈေးတွေ တက်တာကော အစုံစုံ အခက်အခဲဖြစ်ခဲ့တာ။ အခုဆိုရင်တော့ ကျွန်တော်တို့ အလျင်မီ အဆင်ပြေသွားပါပြီ။ ကျွန်တော်တို့အနေနဲ့က ချေးငွေတွေ ဘာတွေ မလိုအပ်တော့ပေမဲ့ ဘဝတူတွေ ကိုယ့်လိုမဖြစ်ရအောင် အစိုးရက ချေးငွေစီမံပေးနိုင်ရင်တော့ သူတို့တွေ လုပ်ငန်းလည်ပတ်ဖို့ အဆင်ပြေသွားမှာပါ”လို့ ကိုအောင်မျိုးကျော်က သုံးသပ်ပြောပါတယ်။
တနိုင်တပိုင် စားသောက်ကုန်၊ မုန့်မျိုးစုံနဲ့ယိုမျိုးစုံ ထုတ်လုပ်တဲ့ လုပ်ငန်းအများစုဟာ အိမ်တွင်းမှုလုပ်ငန်းများဖြစ်ပြီး အမျိုးသမီး အများစု လုပ်ကိုင်ကြသလို၊ လုပ်သားများမှာလည်း အမျိုးသမီးများသာ အများဆုံးဖြစ်ကြောင်း သိရပါတယ်။ဒါကြောင့် အဆိုပါ တနိုင်တပိုင် အသေးစားလုပ်ငန်းလေးများ ရေရှည်ရပ်တည်နိုင်မယ်ဆိုပါက အလုပ်လက်မဲ့ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
မြို့နယ်အလိုက် တနိုင်တပိုင် စားသောက်ကုန်လုပ်ငန်း၊မုန့်မျိုးစုံနဲ့ယိုစုံလုပ်ငန်းလုပ်ကိုင်နေတဲ့ အခက်အခဲဖြစ်နေသူတွေကို အကူအညီနဲ့ အကြံဉာဏ်များပေးနိုင်ရန်အတွက် တရားဝင် အဖွဲ့အစည်းလေးတခုဖွဲ့နိုင်ဖို့အတွက်လည်း ရည်ရွယ်ထားတယ်လို့သိရပါတယ်။
