နေပြည်တော် ဇူလိုင် ၉ – ၂၀၂၆
KKL(VOM)
၂၆.၆. ၂၀၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကလောမဲဆန္ဒနယ် ဒေါက်တာနန္ဒာလှမြင့်က ပြည်ထောင်စုအစိုးရကိုတိုက်တွန်းခဲ့တဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံကတစ်ဖက်သတ်ချမှတ်ခဲ့တဲ့ သဘောတူညီချက် ၅ ချက် နဲ့ပတ်သက်တဲ့အဆိုကို ကိုယ်စားလှယ် ၃၀ ဦးဆွေးနွေးခဲ့တာမှာ ဒီနေ့အပြီးသတ်ဆွေးနွေးမှုနဲ့အတူ အတည်ပြုပြီးတဲ့နောက် ပြည်ထောင်စုအစိုးရက ဆက်လက်ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ကိုယ်စားလှယ်များရဲ့ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့သဘောထားကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ပြန်ပြီးရှင်းလင်းတင်ပြခဲ့ပြီးအဆိုရှင် ဒေါက်တာနန္ဒာလှမြင့်ကလည်း မြန်မာနိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် အရေးကြီးတဲ့အဆိုဖြစ်တဲ့အတွက် လွှတ်တော်က အတည်ပြုပြီးလိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့တဲ့အတွက်ပြည်ထောင်စုလွှတ်တော်ကလည်း ဆက်လက်ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေရဲ့ဆွေးနွးမှုတွေထဲမှာ တူညီတဲ့အချက်တွေကတော့ သဘောတူညီချက် (၅) ချက်ကအာဆီယံအဖွဲ့ထဲမှာ မြန်မာနိုင်ငံ၏ တန်းတူရည်တူ ရပ်တည်မှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြင်းမပြုရေးဆိုတာကိုချိုးဖောက်ပြီး မြန်မာ့ပြည်တွင်းရေးကိုစွတ်ဖက်မှုသာဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပြီးတော့ လက်ရှိအချိန်အခါအရ ရွေးကောက်ခံ အစိုးရပေါ်ပေါက်နေပြီဖြစ်ပြီးယခင် နိုင်ငံရေးအခြေအနေမျိုးမဟုတ်တော့ပဲ မြန်မာနိုင်ငံဖြစ်ပေါ်တိုးတက်မှုတွေကို မျက်ကွယ်ပြုနေတဲ့အတွက် လက်ရှိအခြေအနေနဲ့ မကိုက်ညီမှုမရှိတဲ့ Five-Point Consensus ကိုပြည်ထောင်စုအစိုးရက ပြန်သုံးသပ်ဖို့ အဆိုကို ထောက်ခံဆွေးနွးခဲ့ကြတာဖြစ်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်မှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ပတ်သက်ပြီး သဘောတူခဲ့တာဖြစ်ပြီး အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးကြား ဆွေးနွေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်ကူညီရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။
