မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားခရီးစဉ်ကို ဇူလိုင် ၂၀ရက်မှာ စတင်ပြေးဆွဲမယ်

ဇူလိုင် ၉-၂၀၂၆
KKA(VOM)
ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့နဲ့ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် မြစ်ကြီးနား၊မိုးကောင်းနဲ့မိုးညှင်းကို မြန်မာ့မီးရထားက ဇူလိုင် ၂၀ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်ပြီး စတင်ပြေးဆွဲသွားမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က​နေ သိရပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ စီစဉ် ကြီးကြပ်မှုနဲ့ မီးရထားလမ်း အဆင့်မြှင့်တင်တာ၊ပြုပြင်ထိန်းသိမ်းတာတွေလုပ်ဆောင်နေတာ ရာနှုန်းပြည့် ပြီးစီနေတာဖြစ်တဲ့အတွက် အမှတ်(၄၉) အဆန်၊ အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးကောင်း -မိုးညှင်း ခရီးစဉ်ကို ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
အခုလိုပြေးဆွဲနိုင်ဖို့အတွက် ဇူလိုင် ၉ရက်၊နံနက် ၁ဝနာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး မီးရထားပြေးဆွဲမယ့်ရက်ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
“သံလမ်းတွေ အဆင့်မြှင့်တာတွေ ပြုပြင်တာတွေကို သတ်မှတ်ရက်ပြီးဖို့ အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ရတယ်။ကုန်စည်‌တွေ လွယ်ကူစွာ သယ်ယူပို့‌ဆောင်နိုင်ဖို့နဲ့ခရီးသွာလာတာ အဆင်ပြေစေဖို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ခဲ့တယ်။”လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကပြောပါတယ်။
အခုလမ်းပိုင်းမှာ မီးရထားတွေ ပြေးဆွဲနိုင်ဖို့အတွက် ပြီးခဲ့တဲ့မေလကနေ စတင်ပြီး မိုးကောင်း-မိုးညှင်း ရထားလမ်းပိုင်း (၅၂ ဒဿမ ၂၅)မိုင်ကို စစ်ဆေးပြုပြင်တာ တံတားတွေ တည်ဆောက်ပြုပြင်တာတွေနဲ့ဘူတာရုံတွေကိုလည်း ပြန်လည်ပြင်ဆင် မွမ်းမံတာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
မိုးကောင်းမြို့က သဟာရ ကုန်မျိုးစုံ ဖြန့်ချီရေးလုပ်ကိုင်သူ ကိုအာဝေက
“ကျ​​နော်တို့ဘက်က ရထားလမ်းက အသက်ပဲ။အခုလို ပြန်ပြေးဆွဲတော့မယ်ဆိုတော့ ဝမ်းသာတယ်။ကြိုဆိုပါတယ်။ဒါအားလုံးအတွက်ပါပဲ။ကျွန်တော်တို့က ကုန်ပစ္စည်းသမားတွေလေ သယ်ယူ ပို့ဆောင်တာ လွယ်ကူလေ သုံးစွဲသက်သာလေပဲ။နောက်ဆို လမ်းပိုင်းတွေ အားလုံးပွင့်လာလေ၊ကောင်းလေပေါ့။”ဟု VOM ကိုပြောပါတယ်။
VOMရဲ့‌ မေးမြန်းတာကို မိုးညှင်းဘူတာအနီးမှာနေထိုင်တဲ့ မဂျာဖုန်းဝေက
“ရထားပြန်လည်း ပြေးဆွဲနိုင်တော့မှာဖြစ်တဲ့အတွက် ဘူတာတွေကို မှီပြီး လုပ်ကိုင်ကြတဲ့ စားသောက်ဆိုင်‌တွေ၊ဈေးသည်လေးတွေလည်း အဆင်ပြေသွားမှာဖြစ်သလို ကုန်တင် ကုန်ချလုပ်ကိုင်သူတွေလည်း အလုပ်အကိုင်တွေရလာမယ်။”လို့ပြောပါတယ်။
မန္တ‌လေး၊မြစ်ကြီးနား မီးရထားခရီးစဉ်တွေရပ်နားထားခဲ့ရတာ ခြောက်နှစ်နီးပါးရှိနေတာဖြစ်ပြီး အခုဆိုရင် အစိုးရအဖွဲ့က လမ်းပိုင်းအလိုက် ပြန်လည်ပြေးဆွဲနိုင်ဖို့လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။အခု ဖွင့်လှစ်ပြေးဆွဲမယ့် မြစ်ကြီးနား၊မိုးကောင်း၊မိုးညှင်းလမ်းပိုင်းတလျှောက်ကို လုံခြုံရေး အပြည့်အဝဆောင်ရွက်ထားတယ်လို့လည်းသိရပါတယ်။
ဓါတ်ပုံ၊ကချင်ပြည်နယ်အစိုးရ

Related posts

Leave a Comment

VOM News

FREE
VIEW