ဇူလိုင် ၉၊ ၂၀၂၀၆။
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရပ်ကွက်တွေထဲကို ဒီနေ့ဇူလိုင်၉ရက် ညနေ ၅ နာရီလောက်က ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီ ကနေ သိရပါတယ်။
“လေးလုံးကျတာဗျ။ ရပ်ကွက် ၁၀ ထဲက အမျိုးသမီးတယောက် ဆုံးသွားတယ်။ ကောင်မ လေးက မင်္ဂလာဆောင်ထားတာ မကြာသေးဘူး၊ အိမ်မှာရှိနေတုန်း ဒုံးကျ လာတာ” လို့ ဖြစ်စဉ်အခြေအနေ သိရှိတဲ့ လားရှိုးမြို့ခံတယောက် က ပြောပါတယ်။
ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲလို့ အမှတ် ၆ ရပ်ကွက်မှာလည်း နေအိမ် တလုံး ပျက်စီးခဲ့ပြီး လူတယောက် အနည်းငယ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“လူတွေက ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တာပေါ့ဗျာ။ ဆီဆိုင်တွေမှာလည်း ဆီတန်းစီတဲ့သူတွေ အပြည့်ပဲ” လို့ လားရှိုးမြို့ခံတစ်ယောက်က ပြောပါ တယ်။
၁၀၂၇ တိုက်ပွဲ အပြီးမှာ တရုတ်အစိုးရကြားဝင်ပေးမှုကြောင့် လားရှိုးမြို့ ပေါ် ရပ်ကွက်တွေကို အစိုးရက ပြန်လည်ထိန်းချုပ်ခဲ့ပြီး မြို့ပတ်လည်မှာတော့ MNDAA တပ်ဖွဲ့တွေက တပ်စွဲထားတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကိုတော့ တိတိကျကျမသိ ရသေးပါဘူး။
ပြီးခဲ့တဲ့ မေလတုန်းကလည်း လားရှိုးမြို့ နေရာအချို့မှာ ရှော့တိုက်ဒုံးကျ ရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
