ဆူးငှက်
အင်းဝက ဆရာ
———————
၁၉၇၅ ဝန်းကျင်ကာလများကတည်းက ကျွန်တော်သည် မုန့်ဖိုးထဲမှစု၍ တစ်လ လျှင် မဂ်္ဂဇင်းစာအုပ် ၂ အုပ် ဝယ်ဖြစ်သည်။ မိုးဝေစာပေမဂ်္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ်္ဂဇင်းတို့ဖြစ်သည်။ မဂ္ဂဇင်း ၂ အုပ်စလုံးမှ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတို၊ ဝတ်္ထုရှည်တွေတိုင်းကို သဘောကျသည်။ မဂ္ဂဇင်း မျက်နှာဖုံးတွေကအစ ရင်ခုန်စွာစောင့် မျှော်ဖတ်ရှုရသည်။ မိုးဝေက နိုင်ငံရေး နွယ်ပြီး ရှုမဝက စာပေအနုပညာ နွယ်သည်။ မိုးဝေမှ ကဗျာများက ထိုစဉ်ကာလ လှုပ်ရှား ယိမ်းထိုးနေသည့် ဗီယက်နမ်ပြည်သူ့ လွတ်မြောက်ရေးစစ်ကို အားပေး ဂုဏ်ပြုမှုများနှင့် နယ်ချဲ့စစ်ကို ဆန့်ကျင်မှုများ လွှမ်းသည်။ ရှုမ၀ ကဗျာတွေက လူ့သဘောသဘာဝများမှ ပုံရိပ်များကို ထင်ဟပ်နေသည်။ မည်သည့် မဂ္ဂဇင်းက ကဗျာဖတ်ဖတ် အရသာရှိလှသည်။ ဤသို့သော အဆီအဆိမ့် ကဗျာများထဲမှ ၁၉၇၉ ဝန်းကျင် ရောက်တော့ မိုးဝေမဂ္ဂဇင်းထဲမှာ မြန်မာငါးပိရေကျိုလေးကို တမာရွတ်နု လတ်လတ်ဆတ်ဆတ်လေးနှင့် တို့ကာမြှုပ်ကာ စားလိုက်ရသည့် အရသာမျိုး ကဗျာကို တွေ့လိုက်ရ၏။
၁။ သက်ကယ်ပျစ် စ ဆံရစ်ချ
————————
အပျိုဦး မြဆံရစ်
သက်ကယ်ကိုပျစ်။
ပျစ်ဆံကမတိုမရှည်
မိုးယိုမယ်လေ။
ဆံရစ်ခွေ ညီညာချသလို
သက်ကယ်ဆံတိုရှည်လှအောင်
အပျစ်သင် လက်ရာကျမှ
မယ်မင်းကြီးမ။ ။
၂။ ကြိုးနဲ့ကြိမ် အိုးနဲ့အိမ်
————————–
ရှင်လူထွက် ကြိုးကျစ်လျှင်
လွန်းကြက်ထွန့်ပင်။
ရှင်လူထွက် ကြိမ်သတ်လျှင်
မျှော့ဝမ်းပါးပင်။
ပျိုလေးခင်ရဲ့ သက်လျာလေးရယ်
ကြိုးကြိမ်ပိုင်ဖို့ ခက်ပါသေးတယ်။
အိုးအိမ်နိုင်ဖို့ ရက်သာဝေးတယ်။ ။
. . တဲ့လေ။
ကဗျာဆရာက “ကြည်အောင်“ တဲ့ ။ အလို ကျွန်တော်က ဆရာကြည်အောင်ကို သိသည်က အားကောင်းမောင်းသန် ရဲရဲတောက် ကဗျာဆရာ အဖြစ်လေ။ ပြီးတော့ ဆရာက နာမည်ကျော် အင်းဝ ရွှေမြို့တော်က ဖြစ်သည်။
“……………………………………………..
လမင်းတရာ၊ သည်ကမ်္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုတ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျှင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။” ….တဲ့။
ဆရာကြည်အောင်က သူ၏ နာမည်ကျော် လမင်းတရာကဗျာမှာ ဖွဲ့ဆိုခဲ့သည်။“အသားမဲ (မည်း)သော ခရစ်တော်”ကဗျာတွင်လည်း . . .
“ခရစ်တော်ဓား၊ ပြည်သူ့အားကို
အသားမဲမျိုး၊နီဂရိုးတို့
မြတ်နိုးယုံကြည်၊သွေးစည်းသည်ကြောင့်
တိုင်းပြည်လွတ်မြောက်ကြကုန်အံ့။”ဟုလည်း အတွေးရဲရဲ ရေးစပ်ခဲ့သေးသည်။
ကျွန်တော်တို့သည် ဆရာကြည်အောင်၏ အားမာန်ပါပြီး ခေတ်စနစ်ကို ထင်ဟပ်သော ကဗျာတွေအပေါ် အံကြိတ်ခဲ့ကြ၊ လက်သီးဆုပ်ခဲ့ကြသည်။ ဆရာ ကြည်အောင်နှင့် ပတ်သက်ပြီး မှတ်မိတာ ရှိသေးသည်။ သူ၏ လမင်းတရာ ကဗျာစာအုပ် ထွက်လာတော့ လူထုဒေါ်အမာ က “လမင်းတရာသာလိမ့်မည်” ခေါင်းစီးဖြင့် အမှာစာ ရေးသားသည်။ ဒေါ်ဒေါ်၏ အဆိုပါ စာမှာ “ဤလှိုင်းတံပိုးကြားတွင် လူဖြစ်လာသည့် လူငယ်များအနက် မန္တလေးတက်္ကသိုလ်မှ ဖူးပွင့်လာသည့် တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည် ဟူသော ကဗျာဆရာ လူငယ်သုံးဦးသည် သူများထက် ရဲရဲတွေးပြီး ရဲရဲရေးလာကြသည်။” ဟူသော ရေးသားချက်က အတော် ဂယက်ရိုက်ခတ်ခဲ့တာ မှတ်မိသည်။ ငြင်းကြ ခုန်ကြတာ ဆူညံလို့ပေါ့။ မည်သို့ဆိုစေ ထိုစဉ်ကာလက ကျွန်တော်တို့ လူငယ်များအဖို့ ဒေါ်ဒေါ့်အမှာစာတွင် ဆက်လက်ပါရှိသော “ကဗျာတစ်ပုဒ်ဟူ၍ ဖြစ်ပေါ်လာရာ၌ (၁)စာဆိုသူ ဖြတ်သန်း ကြီးပြင်းလာခဲ့ရသည့် ဘဝခရီး၊ (၂)စာဆိုသူခံယူသည့် ဘ၀ အဘိဓမ္မာနှင့် ဦးတည် ရည်မှန်းချက်၊ သို့မဟုတ်၊ ဘဝနှင့် ပတ်သက်သော သူ့ယုံကြည်ချက်၊ (၃)စာဆိုသူ လက်လှမ်းမီသည့် အသိအမြင် ဗဟုသုတ နှင့် ဝေါဟာရတို့ အပေါ်တွင် အခြေခံလျက် ကဗျာလည်း ပေါက်ဖွားလျက် ရှိပါသည်။” ဟူသော သဘောထားကို လေးနက်စွာ ခံယူကြသည်။
ဒေါ်ဒေါ်က ဆရာကြည်အောင်ကို သုံးသပ်ပြသည့် “မောင်ကြည်အောင်က အနုပညာသည် အနုပညာအတွက် သက်သက် ဆိုသည်ကို လက်မခံ၊ အလှသည် အလှသက်သက်ပင် ဖြစ် မည်ဆိုလျှင် ထိုအလှ၌ ဘာတန်ဖိုးရှိသနည်းဟု သူက ကိုင်ဆွဲထားဟန် ရှိသည်။ အလှသည် အကျိုးရှိသော အလှ၊ လူကို အကျိုးပြုသော ကျေးဇူးပြုသော အလှဖြစ်ရမည်ဟုလည်း ကိုင်ဆွဲထားဟန် ရှိသည်။ သူက သူ့ကဗျာကို လှရုံအတွက် သို့မဟုတ် ကာရန်ပြေရုံအတွက် နားဝင်ပီယံ သက်သက်နှင့် မဖွဲ့ ၊ သူ့ကဗျာသည် တိုလိုက တိုပေမည်၊ ရှည်လိုက ရှည်ပေမည်၊ သို့သော် ထိုအတိုအရှည်တို့၌ သူ့ယုံကြည်ချက် တစ်ကွက် ပါလေသည်ချည်း တွေ့ရသည်။” ဟူသောအချက်ကိုလည်း လေ့လာသင်ယူခဲ့ရ၏။
ထို့ကြောင့်လည်းဆရာကြည်အောင်၏ ဆားတစ်ပွင့်၊ ပျားတစ်ခက်၊ ဓားတစ်လက် ကဗျာကို နှုတ်တက် ရွတ်ဆိုခဲ့ကြသည်။
“ကဗျာထဲမှာ၊ ဆားမပါလဲ
ရသာလွန်စွဲ၊ ငါ့လျှာထဲ။
ကဗျာထဲမှာ၊ ပျားမပါလဲ
ရသာချိုမြဲ၊ ငါ့လျှာထဲ။
ကဗျာထဲမှာ၊ ဓားတော့ပါတယ်
မဟာအောင်ပွဲ၊ ငါ့ရင်ထဲ။” . . . တဲ့။
ထို့ပြင် နောက်ထပ် စွဲမက်နေသေးသည် ဆရာကြည်အောင်၏ ကဗျာတစ်ပုဒ် ရှိပါသေး၏။ ကဗျာခေါင်းစဉ်က “ရေတပေါက်ပေါက်၊ မီးတောက် တဟုန်းဟုန်း” တဲ့။ အားမာန် ပါလှချည့်။ ကဗျာကဒီလို . . .
၁။ အေးအေးလေးနဲ့
ဆွေးမြည့်ပေါက်ကျိုး။
ရေအိုးအောက်ခြေ
“သံကရွတ်ခွေ”။
၂။ တူသံကညံ
မီးလျှံကရဲ
သံခဲထုနှက်
ထက်မြက်အသွား
“သံမဏိဓား”။ ..ဟူလို။
ဆရာကြည်အောင် ဟုဆိုလျှင် အကြောင်းအရာအရ သော်လည်းကောင်း၊ စကားလုံးအရ သော်လည်းကောင်း၊ အားမာန်အပြည့်ပါသော တိုက်ပွဲဝင်သော ကဗျာများရေးဖွဲ့သူဟု စိတ်ထဲတွင် စွဲထင်ထားသည်။ ယခု ရှုမဝမှာ ဖော်ပြ ပါရှိသည့် ကဗျာတွေက ကျေးလက်တေးကဗျာတွေ ဖြစ်နေတော့ အံ့သြမိသည်။ အံ့သြသည်က ပြောင်းလဲသွားလို့ မဟုတ်။ ကျေးလက်ကိုရော၊ မြန်မာစာပေကိုပါ နိုင်နင်းသူမို့ အခုကဗျာတွေကလည်း ထူးခြားလှပနေတော့သည်။ ကနဦးက ပြောသလို အညာကျေးလက် ထမင်းဝိုင်းမှာ မြိန်ရေယှက်ရေ စားလိုက်ရသလို မျိုးပေါ့။ အခုလည်း ကြည့်လေ။ ရှုမဝမဂ္ဂဇင်းမှာ . . .
“မြေရိုင်းထွင်ခြင်းကဗျာ ၂ ပုဒ်
————————
၁။ စားမဦးချ လယ်တီစ
————————-
လယ်တီဖို့တောထွင်
နွယ်ပင်နဲ့ အိုင်ခွက်။
ဖီးထအောင် ခြင်ရိုင်းကိုက်
ကျွံလိုက်တဲ့ ဗွက်။
ကိုက်ပစေလေ
ကျွံပစေတအားတက်။
ကြင်စဦးမောင်နှံပျိုတို့
ဓားမကိုထက်အောင်သွေးပါလို့
လယ်တီမြေပွားအောင်မွေးမယ်ပေါ့
သားမြေးလက်ထက်။
၂။ ဓားသွေးကျောက်
—————————–
အာခြောက်လို့ နေနေ
ရေကိုတော့ မသောက်။
သံသွေးသာသူကသောက်
ဓားသွေးတဲ့ ကျောက်။
မြေယာမဲ့ အဖိုးအို
ဓားမကိုထိုင်ကာသွေး။
ယာသစ်ထွင် မျှော်ရည်တွေး
ခွန်အားကိုမွေး။ . . .တဲ့။
သည့်အရင်ကလည်း ရှုမဝမှာ ကျေးတောသူဖို့ ကဗျာ ၂ ပုဒ်၊ ပျိုလေးတို့အိပ်ခန်းသာ ကဗျာ၂ပုဒ် စတာတွေကိုလည်းဆက်တိုက်ဖတ်ခဲ့ရသည်။ မြေရိုင်းထွင်ခြင်းကဗျာ ၂ ပုဒ် မတိုင်ခင်လမှာ ရှုမဝဖော်ပြခဲ့သည့် မိခင်မာရသွန် အမည်ရှိကဗျာကတော့ အနုပညာအရရော၊ အတွေးအခေါ်အရပါ ထင်ရှားခဲ့သည့် ကဗျာ ဖြစ်သည်။
သားသယ့် အမေ
မိုင်ရှည်တာဝေး
အပြေးသမား။
သားသမီးချစ်
သက်လုံဖြစ်အောင်
ပြောင်းပစ်သလား။ . . . တဲ့။
သားသမီးအပူ၊ သားသမီးဇော၊ သားသမီး ပရိဒေ၀ စသည့် အတိဒုက္ခများ အကြားမှ အမေများစွာကို ကိုယ်စားပြုလိုက်သည့် ကဗျာ ဖြစ်နေသည်။ ကျွန်တော်တို့ ဝန်းကျင်မှာ မိခင်မာရသွန်တွေ အများကြီး။ ထိုကဗျာကို ခေါင်းစီးတပ်၍ ဆရာကြည်အောင်၏ ကဗျာလုံးချင်းစာအုပ် တစ်အုပ်ကိုလည်း ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ လူထုကြီးပွားရေး စာအုပ်တိုက်က ထုတ်ဝေလိုက်သည်။ ဆရာကြည်အောင်၏ ရဲဘော်မိတ်ဆွေ၊ တက်္ကသိုလ်မောင်စောလွင် ၏ ကဗျာစာအုပ်ပါ အမှာစာကလည်း ဟည်းထ ပွက်လောညံသွားပြန်၏။
ကြည်အောင် – သာနိုး
တင်မိုး – စွမ်းရည်
ကိုလေး (အင်းဝဂုဏ်ရည်)တို့ဟာ ကဗျာစာပေတပ်ဦးက တပ်မှူးတွေ ဖြစ်တယ်လို့ ရဲရဲကြီး ဆိုလိုက်ပါတယ်ဟု
ဗိန်းမောင်းတီး ကန့်လန့်ကာဖွင့် လိုက်သော စာသားတွေကြောင့် ဖြစ်သည်။ ထို့ကြောင့် ကရိကြ၊ ခနဲ့ကြ၊ ဆော်ကြ၊ ကလော်ကြသည့် ဆောင်းပါးတွေများ လတ်တလော ပလူပျံနေချိန် ဖြစ်သည်။ စာပေစကားဝိုင်း တိုင်းတွင်လည်း ထို ကဗျာတပ်မှူးကြီးများကိစ္စက ငြင်းခုန်ဆွေးနွေးနေကြဆဲ အချိန်ဖြစ်သည်။
ထိုစဉ်ကာလမှာပဲ ထိုရဲရဲတောက် ကဗျာဆရာကြီးကို ၇၉လမ်းညဈေးတန်း သုံးရောင်ခြယ်စာပေရှေ့တွင် တွေ့လိုက်ရပြီး ကျွန်တော့်ကို “မောင်ရင်က ပျူကို တော်တော်စိတ်ဝင်စားတာလား” ဟု မေးမြန်းကာ အသိအမှတ်ပြု လိုက်သည်။ ထို့နောက် လင်းသူ(ကိုထိန်လင်း) ၏ နွေဒေသမှာ ဝင်သည်။ ကျွန်တော့်ကို ရှိန်ကြီးကဖေးမှ ပလာတာနှင့် ကော်ဖီတစ်ခွက်မှာ သောက်ခိုင်းသည်။ ထို့နောက် ဆရာကြည်အောင် က ပျူဇာတ်လမ်းအချို့ ခင်းကျင်းပြတော့သည်။
နဂါးခေါင်း စောင်းတစ်လက်
—————————–
နဂါးခေါင်းနဲ့
ငါ့စောင်း …
ရှေးဟောင်းပုံပြင်၊ ဝိညာဉ်ဖြူဖြူ
ပျူသီချင်းအို
အဆိုပိုင်ပိုင်၊ တီးခတ်နိုင်။
နဂါးခေါင်းနဲ့
ငါ့စောင်း …
ရဲမောင်းနီစွေး၊ သွေးနဲ့လင်္ကာ
ကာနဲ့တုန်ဟည်း၊ မြင်းစီးစစ်သား ရုပ်ပုံကား
လှုပ်ရှားသက်ဝင်၊ ကြေးမုံပြင်။
နဂါးခေါင်းနဲ့ ငါ့စောင်း …
နွေညောင်းရင့်အို၊ လအပျိုနဲ့
စာဆိုလုလင်၊ ချစ်ပုံပြင်ကို
ထင်မြင်တမ်းတ၊ ဖန်ဆင်းပြ။
နဂါးခေါင်းနဲ့ ငါ့စောင်း …
ပန်းဟောင်းတပွင့်၊ အသစ်ပွင့်စေ
ပြာရင့်မီးခိုး၊ ဝိုးတဝါးဝါး
အတိတ်ကားမှာ ဖမ်းစားပြန်မြင်
ရှင်မွေ့နွန်းလား … မွန်လှလား …
ဒိုင်းခင်ခင်လား … မြနုရီလား … ။
အား … တစ်ညသား
ပျောက်ကွယ်သွားတဲ့
ပျူလူမျိုးများရဲ့
နဂါးခေါင်းနဲ့ စောင်း …
လက်မောင်းရုံးကိုင်
ပိုင်ပိုင်တီးခတ်၊ တဖျပ်ဖျပ်လက်
အိပ်မက်မျိုးမျိုး၊ စောင်းတန်ခိုးနဲ့
ပန်းမိုးရောင်စုံ ရွာစေတယ်။
ကြည်အောင်
၁၉၈၄ ဇူလိုင် ၂၄
အင်းဝ
ဆူးငှက်
