ဇူလိုင် ၉-၂၀၂၆
KKA(VOM)
မန္တလေးမြို့ကို အကြောင်းအမျိုးမျိုးနဲ့ပြောင်းရွှေ့လာသူတွေကို ပစ်မှတ်ထားပြီး မက်လုံးပေး အလုပ်အကိုင် ခေါ်ယူတာတွေကို လူမှုကွန်ရက် စာမျက်နှာ(အွန်လိုင်း)ပေါ်ကနေ ပုံစံအမျိုးမျိုးနဲ့ကြော်ငြာပြီး လုပ်ဆောင်တာတွေ ရှိနေတာကြောင့် အလုပ်အကိုင်ရှာဖွေနေတဲ့လူငယ်တွေ အထူးသတိထားဖို့ လိုတယ်လို့ ကမ္ဘာစိုး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူ ဦးစိုးနိုင်ဝင်းကပြောပါတယ်။
“ဒါတွေရှိနေတာကြာပြီ။ အခုနောက်ပိုင်းတော့ ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရတဲ့သဘောပါ။တစ်တော့မှာ အများဆုံးတွေ့ရတာပေါ့။ အဲဒါတွေက ဘယ်ကောင်းမလဲ။ မန္တလေးနဲ့ခြုံပြောရမယ်ဆိုရင်တော့ အများစုက စစ်ရှောင်တွေ ဝင်လာတာများတယ်။ တချို့က ကိုယ့်ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိတော့ မြို့တက်လာကြတယ်။ အဲဒီထဲမှာ အတတ်ပညာတခုခုပါလာတဲ့သူက ပြဿနာသိပ်မရှိဘူး။ ရရာလုပ်မယ်ကွာဆိုတဲ့ လောဘနည်းနည်းရှိတဲ့သူက လူမှုကွန်ရက်က မက်လုံးတွေပေးထားတဲ့ အလိမ်အညာနဲ့တိုးတော့တာပဲ။ တချို့လည်း အဆင်ပြေကောင်းပြေပါလိမ့်မယ်။ မပြေတာတော့များလိမ့်မယ်။ အဲလို မက်လုံးနဲ့ခေါ်တာက နယ်စပ်မြို့တွေ ဖြစ်နေတာတွေ့ရတယ်။ရွှေ့ပြောင်းလူငယ်တွေကို ပြောချင်ပါတယ်။တရားဝင် အေဂျင်စီတွေနဲ့ဆက်သွယ်လုပ်ကိုင်ကြပါ။ ကျွန်တော်တို့က ပြည်တွင်းပါ။ ပြည်တွင်းတောင် မန္တလေးမြို့အဓိကပါပဲ။အလုပ်ရှင်နဲ့ အလုပ်သမား တိုက်ရိုက်ချိတ်ဆက်ပေးပါတယ်။ကျွန်တော်တို့ကကြားခံပါပဲ။နှစ်ဦးနှစ်ဘက် အဆင်ပြေဖို့အလေးထားပါတယ်။”လို့ ဦးစိုးနိုင်ဝင်းက VOMကိုပြောပါတယ်။
လက်ရှိ မန္တလေးမြို့ရဲ့ အလုပ်အကိုင်ဈေးကွက်အတွင်းမှာ ပုံမှန်မဟုတ်တဲ့၊ သဘာဝမကျတဲ့ မက်လုံးတွေနဲ့ အလုပ်သမားခေါ်ယူတာတွေ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ဒါဟာ ရိုးရိုးရှင်းရှင်း အလုပ်ခေါ်ယူမှုမျိုး မဟုတ်ဘဲ မြို့ပြဆီ အခြေချဖို့ ရောက်လာကြတဲ့ မိသားစုတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူ လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။
အရင် အလုပ်ခေါ်ပွဲစားတွေဟာ လူကိုယ်တိုင် ချဉ်းကပ်စည်းရုံးလေ့ရှိပေမယ့် အခုအခါမှာတော့ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာတွေကို တွင်တွင်ကျယ်ကျယ် အသုံးချပြီး ဗြောင်ကျကျ အကွက်ချ စည်းရုံးလာကြပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်စနစ်ရဲ့ လုံခြုံရေးဟာကွက်ကို အသုံးချပြီး ပြစ်မှုကျူးလွန်ဖို့ ခြေလှမ်းပြင်လာကြတာ ဖြစ်ပါတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကျော်က
“အရင်ကဆို အဲဒီပွဲစားတွေ လူကိုယ်တိုင်ချည်းကပ်စည်းရုံး ခေါ်ယူကြတယ်။အဆွယ်ကောင်းကောင်းနဲ့ဆိုတော့ပါသွားတယ်။လူကုန်ကူးတဲ့သဘောပါပဲ။များသောအားဖြင့် ထိုင်း၊တရုတ်နယ်စပ်တွေပို့ကြတာများတယ်။အခုကျ ကျွန်တော်တို့လည်း ဆိုရှယ်ပေါ်တွေ့နေတာပဲ။တချို့ အမှန်အကန်လုပ်နေတာတွေလည်းရှိပါတယ်။အများစုကတော့ မမှန်ကန်ကြဘူး။အထူးသဖြင့် နယ်ကတက်လာတဲ့လူငယ်တွေ အနေနဲ့ သေချာ မှန်မှန်ကန်ကန် ရွေးချယ်ရမယ်။”လို့ VOMကိုပြောပါတယ်။
အထူးသဖြင့် လူမှုကွန်ရက် အလုပ်အကိုင် ကြော်ငြာတွေမှာ ဆယ်ကျော်သက် ဝန်းကျင် အမျိုးသမီးငယ်တွေကို စနစ်တကျ ရွေးချယ်အသုံးချဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ ဒါဟာ ရိုးရိုးအလုပ်သမား ရှာဖွေတာထက် ပိုမိုနက်ရှိုင်းတဲ့ ဒုစရိုက်လုပ်ငန်းစုတွေ (ဥပမာ- နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သို့မဟုတ် အဓမ္မခေတ်သစ်ကျေးကျွန်ပြုမှု) ရဲ့ နောက်ကွယ်က ကွင်းဆက်တွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့လည်း ဦးခင်မောင်ကျော်ကသုံးသပ်ပါတယ်။
တရားဝင် ရုံးခန်း၊ လိပ်စာ အထိုင်မရှိတဲ့ အဖွဲ့အစည်းတွေဆီ အလုပ်ဝင်မိရာကနေ လူပျောက်ဆုံးမှု ပြဿနာတွေ၊ နောက်ကြောင်းခြေရာခံမရအောင် ဖျောက်ဖျက်ခံရတာတွေ မိသားစုနဲ့အဆက်အသွယ်မရတော့တာ တွေက စိုးရိမ်စရာ အဆင့်ဖြစ်ပါတယ်။
လစာငွေ အဆမတန် အများအပြားပေးမယ်ဆိုတဲ့ကမ်းလှမ်းချက်တွေ၊ အခမဲ့အကျိုးဆောင်ဆိုတဲ့ စကားလုံးတွေနဲ့ ပြည်ပထွက်နိုင်ဖို့ ဖန်တီးပေးမယ်ဆိုတဲ့ ကြော်ငြာများဟာ အလုပ်အကိုင် မဟုတ်ဘဲ အန္တရာယ်တွင်းထဲကို ဆွဲသွင်းမဲ့ ဓားစာခံရှာဖွေမှုတွဖြစ်နိုင်တယ်ဆိုတာ လူငယ်တွေအနေနဲ့ သတိချပ်သင့်ပါတယ်။
အခုလို အခြေအနေမျိုးမှာ အလုပ်အကိုင် ရှာဖွေသူ တွေအနေနဲ့ လူမှုကွန်ရက်က ကြော်ငြာတွေ့လို့ ဆက်သွယ်မဲ့ လုပ်ငန်းဟာ နိုင်ငံတော်က တရားဝင် ခွင့်ပြုချက်လိုင်စင် ထုတ်ပေးထားတာ ရှိ၊ မရှိကို ပထမဆုံး စစ်ဆေးရပါမယ်။ရွှေ့ပြောင်းမိသားစုတွေ အနေနဲ့ကလည်း သားသမီးပြောတဲ့စကားနဲ့ မဆုံးသင့်ပဲ မိဘတွေကလည်း စိစစ်ဖို့လိုပါတယ်။
အထူးသဖြင့် အလုပ်သမားဦးစီးဌာနနဲ့ချိတ်ဆက်တာမျိုး နာမည်ရှိ အေဂျင်စီနဲ့ချိတ်ဆက်တာမျိုးတွေလုပ်သင့်ပါတယ်။
မန္တလေးမြို့မှာ ရွှေ့ပြောင်းလာသူတွေနဲ့အလုပ်အကိုင်လိုသူတွေနေနဲ့ အလုပ်ရှင် တိုက်ရိုက်ခေါ်ယူနေတဲ့ လုပ်ငန်းများစွာရှိနေပြီး သင့်တော်မယ့် လုပ်ငန်းကို ကိုယ်တိုင်သွားရောက် လျှောက်ထား လုပ်ကိုင်ခြင်းက အန္တရာယ်ကင်းအကောင်းဆုံးဖြစ်ပါတယ်။
