ဇူလိုင် ၁၀ ၊ ၂၀၂၆
GG (VOM)
ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံးကို ဖယ်ရှားတာမျိုးမဟုတ်ဘဲ အချိုးအစားနှင့်ပုံသဏ္ဌာန် မမှန်ကန်တဲ့ ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဒီကနေ့ ဇူလိုင် ၁၀ ရက်မှာ သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို စိစစ်ခဲ့ရာမှာ တချို့ ရုပ်ထုတွေ ရဲ့ အချိုးအစား၊ ပုံသဏ္ဌာန်နဲ့ အနုပညာဖော်ပြမှုတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထားတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အထိမ်းအမှတ်ရုပ်ထုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေ အနေနဲ့ မြန်မာ့သမိုင်း အမွေ အနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
” ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အလွန်အရေးပါတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ အထိမ်းအမှတ်ရုပ်ထုတွေကို ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ထားရှိနိုင်ရေး၊ နောင်လာနောက်သားတွေလည်း သမိုင်းတန်ဖိုးနဲ့ အစဉ်အလာကို မှန်မှန်ကန်ကန် လေ့လာထိန်းသိမ်းနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ” လို့ ဒေါက်တာခိုင်ခိုင်စိုးက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ သတင်းထုတ်ပြန် ပြောဆိုထားတာ ဖြစ်ပါတယ်။
ယခု ဇူလိုင်လ ၁ ရက်ကနေ ၆ ရက်အတွင်းမှာတင် ပဲခူးတိုင်းထဲက ရွှေတောင်မြို့ နဲ့ ဇီးကုန်း မြို ၊မကွေးတိုင်းထဲက မင်းဘူးမြို့ နဲ့ ကံမမြို့ ၊ တောင်တွင်းကြီးမြို့ ၊ ရေစကြိုမြို့ရှိ လွတ်လပ်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတွေ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ် ။
ရန်ကုန်တိုင်းထဲကဆိုရင် ရွှေပြည်သာမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် ၊ သာကေတမြို့နယ် တွေအပါအဝင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုတိုလည်း တို့ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ် ။
ဇွန်လအတွင်းမှာဆိုရင်လည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားခံခဲ့ရသလို ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် နဲ့
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာအဝင်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထု ၊ မုဒုံမြို့နယ် ကန်သာယာပန်းခြံက ဗိုလ်ချုပ်ရုပ်ထု လည်း ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ် ။
အလားတူ ၂၀၂၅ ခုနှစ်ကလည်း နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုနဲ့ ပဲခူးမြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တို့ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။
အခုလို မြို့နယ်တချို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုတွေကို ဖယ်ရှားတဲ့အခါ ညပိုင်းအချိန်တွေမှာသာ အဓိကပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ အခုလို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုတွေ ဖျက်ဆီးခံရမှုအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း.နဲ့ လုပ်ဆောင်ရန်ညွှန်ကြားသူတွေ ၊ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၈ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
လာမယ့် ဇူလိုင် ၁၉ ရက်နေ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကိုးဦး ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ ဖြစ်ပြီး နှစ်စဥ်အာဇာနည်နေ့ရောက်တိုင်း ရန်ကုန်အပါအဝင် မြို့နယ်တိုင်းမှာ အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်လေ့ရှိပါတယ်။
ဓာတ်ပုံ – CJ
