မင်းတပ်၊ ကန်ပက်လက်နဲ့ ယောဒေသက စစ်ရှောင်တွေ တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေ

ဇူလိုင် ၁၀ – ၂၀၂၆
SN (VOM)
ချင်းပြည်နယ် (တောင်ပိုင်း) ရှိ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းအတွင်းရှိ ယောဒေသက စစ်ရှောင်တွေဟာ လက်ရှိ မိုးရာသီကာလအတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ ရှိနေပြီး အရေးပေါ်ဆေးဝါးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အစိုးရတပ်ရဲ့ မြေပြင် ထိုးစစ်အပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံ နှစ်သောင်းခွဲဝန်းကျင် နီးစပ်ရာရွာတွေ၊ လယ်တောတွေနဲ့ တောတောင်တွေထဲ စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်တွေဟာ ရာသီတုပ်ကွေးရောဂါအပြင် ရိက္ခာပြတ်လပ်မှု၊ အမိုးအကာ မလုံလောက်မှု စတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“လတ်တလောကလည်း အစိုးရတပ် စစ်ကြောင်းတွေက နေရာအနှံ့ဖြန့်ကျက်ထားတယ်။ သွားလို့လာလို့ မကောင်းဘူးပေါ့။ ဒါကြောင့် လိုအပ်တဲ့ ရိက္ခာတွေ၊ ဆေးဝါးတွေ သယ်ယူနိုင်ဖို့က အတားအဆီးတွေ အများကြီး ရှိနေတယ်။ အခုက မိုးတွင်းကာလလည်းဖြစ်တော့ နေထိုင်ရေးအတွက် အမိုးအကာတွေ လုံလုံလောက်လောက်လည်း မရှိကြဘူး။ ခြင်ပေါက်ဖွားနှုန်းကလည်း များလာတော့ တုပ်ကွေးရောဂါ ဖြစ်တဲ့သူတွေ များလာတယ်။ ဝမ်းရောဂါ ဖြစ်နေတဲ့သူတွေလည်း ရှိတယ်။ အခုအချိန်မှာ စစ်ရှောင်တွေအတွက်က ကျန်းမာရေးပိုင်းအရ‌ရော၊ စားဝတ်နေရေးပိုင်းအတွက်ရော စိန်ခေါ်မှုတွေ အများကြီး ရှိနေတာပါ” လို့ ကူညီပေးနေသူက ပြောပါတယ်။
အစိုးရတပ်တွေဟာ မကွေး၊ ယောဒေသ၊ ဆောနဲ့ ကျောက်ထုမြို့တွေကတဆင့် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှစတင်ကာ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို မေလ ၃၀ ရက်မှာ မင်းတပ်ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် ချင်းတောင်ပိုင်းမှာ ဒီကနေ့အချိန်အထိ လေကြောင်း အဆက်မပြတ် တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
အစိုးရတပ်ရဲ့ ပိတ်ဆို့မှုတွေနဲ့ ထိုးစစ်တွေကြောင့် ဒေသခံတွေ စစ်ရှောင်နေရတာဟာ လက်ရှိမှာ တလကျော် ကြာမြင့်လာပြီဖြစ်တာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်မယ့်အရေးနဲ့ ရင်ဆိုင်နေရသလို စစ်ရှောင်စခန်းတွေက ကလေးငယ်တွေရဲ့ ပညာရေးဟာလည်း အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။
”ကျောက်ထုနဲ့ မင်းတပ်လမ်းပေါ်က ရေစမ်းရွာဝန်းကျင်၊ ဆောမြို့နဲ့ ကန်ပက်လက် လမ်းတွေမှာ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်။ လေကြောင်း၊ လက်နက်ကြီးထိလို့ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေလည်း ရှိတယ်။ ဒါတွေအတွက်လည်း ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် လိုတယ်။ တိုက်ပွဲအခြေအနေကလည်း အခုထိ မငြိမ်သေးတော့ စစ်ရှောင်တွေ ဘယ်နေ့ နေရပ်ပြန်နိုင်မယ်ဆိုတာ မသိသေးဘူး။ စစ်ရှောင်ကာလ ကြာနိုင်သလို စစ်ရှောင်ဦးရေလည်း တိုးလာနိုင်တယ်” လို့ သူက ပြောပါတယ်။
တိုက်ပွဲနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားလျက်ရှိတာမှာ မနေ့ ဇူလိုင် ၉ ရက်၊ မနက် ၁၁ နာရီ ၈ မိနစ်နဲ့ ၁၁ နာရီ ၁၂ မိနစ်က မင်းတပ်မြို့နယ် (အရှေ့ခြမ်း) မှာ လေကြောင်းဖြစ်စဉ် နှစ်ကြိမ် ရှိခဲ့သလို ဇူလိုင် ၆ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW