ဇူလိုင် ၁၀ – ၂၀၂၆
SS (VOM)
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ ကချင်ပြည်နယ် ကံပိုင်တည်မြို့နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မိုင်းပေါက်၊ မိုင်းခတ်မြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီကနေ့ မနက် ၉ နာရီ၊ မိနစ် ၄၀ ဝန်းကျင်မှစတင်ကာ ညောင်ဝိုင်းရပ်ကွက်၊ ညောင်ဝိုင်းကွက်သစ်ရှိ နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားနေပြီး နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာ ရွှေတောင်ဦးဘုရားကုန်းပေါ် ကူညီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း မိုးသည်းထန်မှုကြောင့် ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင်ကစပြီး ကန်သာယာရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာတွေက နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားနေတာကြောင့် မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရေဘေးသင့် အိမ်ထောင်စုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့အပြင် ပဲကြီးကျေးရွာမှာ ဒီကနေ့မနက် ၈ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့တာကြောင့် ချောင်းကမ်းနား ကပ်လျက်ရှိတဲ့ လူနေအိမ် သုံးလုံးကို မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ ရွှေ့ပြောင်းမှုတွေ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
“ရွှေတံငါချောင်း ရေတက်တာ။ ရေကြီးတာက ကမ်းမမြင်လမ်းမမြင် ဖြစ်နေပြီ။ နှမ်းခင်းတွေ အကုန်ရေမြုပ်တယ်။ သဘာဝဘေးဆိုတော့လည်း ဘာမှလုပ်မရဘူး။ တနှစ်စာ ဝမ်းစာ ကြိုးစားခဲ့သမျှ အလကားဖြစ်ကုန်တယ်” လို့ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးရွာ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလိုပဲ ကချင်ပြည်နယ်၊ ကံပိုင်တည်မြို့နယ်မှာလည်း မိုးရက်ဆက် ရွာသွန်းမှုကြောင့် တောင်တွေနဲ့ လမ်းပိုင်းနေရာတွေမှာ မြေပြိုကျမှု၊ လမ်းပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး မြို့အတွင်းမှာလည်း ရေဝင်ရောက်မှုတွေ ရှိနေတာကြောင့် သွားလာရ ခက်ခဲနေတယ်လို့ သိရပါတယ်။
‘ဝ’တပ်ဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပေါက်မြို့နယ်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် မနေ့ ဇူလိုင် ၉ ရက်နေ့၊ ညပိုင်းမှစတင်ကာ တောင်ပြိုမှု၊ ကမ်းပြိုမှုတွေနဲ့အတူ တောင်ကျရေတွေ စီးဆင်းလာပြီး မြို့ပေါ် ရပ်ကွက်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မှာလည်း ကျိုင်းပင်းကျေးရွာအနီးရှိ နမ့်ခတ်ချောင်းရေ မြင့်တက်မှုကြောင့် ကျိုင်းပင်းတံတား ရေကျော်မှုဖြစ်ပွားပြီး ကျိုင်းတုံ – မိုင်းခတ်သွား ကားလမ်းမ မိုင်တိုင် အမှတ် (၄၆/၃) နဲ့ (၄၆/၄) ကြားမှာ ရေကျော်မှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါအပြင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားကုတ်ကျေးရွာမှာလည်း မနေ့ ဇူလိုင် ၉ ရက်၊ မနက် ၉ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ မနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့် ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ မနက်ပိုင်းကနေစပြီး ဇူလိုင် ၁၈ ရက်အထိ ကာလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
“အခုက မိုးလယ်ကာလဖြစ်တယ်။ မုတ်သုံလေလည်း အားကောင်းတယ်။ ဒီကာလမှာ မိုးက အများဆုံး ရွာတာ။ တနှစ်လုံးရဲ့ မိုးရေချိန် ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက်က ဒီကာလမှာ ရွာတာဖြစ်တဲ့အတွက် မြစ်တွေ၊ ချောင်းတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီလိုမျိုး ဘေးအန္တရာယ်တွေကို သတိပြုသင့်တယ်။ နောက်တချက်ကတော့ အခုလိုမျိုး မိုးများလာရင် တောင်ကုန်း၊ တောင်တန်းရှိတဲ့ ဒေသတွေမှာ မြေပြိုမှုအန္တရာယ်တွေ ရှိနိုင်တယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေကိုလည်း သတိပြုဖို့လိုတယ်” လို့ မိုး/ဇလ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မြစ်ရေမြင့်တက်မှုတွေနဲ့ ပတ်သက်လို့ မိုး/ဇလဌာနရဲ့ ဒီကနေ့ နေ့လယ် ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေနဲ့ စစ်တောင်းမြစ်ရေဟာ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက်တရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီကနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရလည်း ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်အောက် ၃ ပေကျော်မှာ ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ သံလွင်မြစ်ရေဟာလည်း လက်ရှိမှာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်မှာ ရောက်ရှိနေပြီး နောက်တရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်သလို ဘီးလင်းမြစ်ရေဟာလည်း ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်မှာ ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
Photo – MFSD/CJ
