အမြင့်စျေးနဲ့တောင် ဝယ်ရခက်တဲ့ စားအုန်းဆီစျေးကွက်ကြောင့် မြေပဲဆီနဲ့ နှမ်းဆီကို ရနိုင်သလောက်ဝယ်ယူနေကြရ

မုံရွာ ဇူလိုင်-၁၀ -၂၀၂၆
MW(VOM )
အစိုးရက စားအုန်းဆီ ခွဲတမ်းကို လျှော့ချလိုက်တာကြောင့် စားအုန်းဆီစျေးတက်သွားသလို လိုသလောက်ဝယ်မရတော့တာကြောင့် အမြင့်စျေးနဲ့အသာစီးရောင်းနေတဲ့ မြေပဲဆီနဲ့ နှမ်းဆီကို ရနိုင်သလောက်ဝယ်ယူနေကြရတယ်လို့ မုံရွာစားသုံးဆီ အသုံးလိုနေသူတွေဆီက သိရပါတယ်။
“အခုရက်ပိုင်း ရပ်ကွက်ရုံးမှာ သက်သာတဲ့စျေးနဲ့ စားအုန်းဆီ၂ဘူးရောင်းပေးတယ်ဆိုတော့ တယ်ဟုတ်ပါလားဆိုပြီးဝမ်းသာနေတာ။ အဲဒီတစ်ခါရောင်းပေးပြီး အသံမကြားရပြန်ဘူး။ အခုစားအုန်းဆီစျေးက ၁၈၀၀၀ လောက်ပေးဝယ်နေရတာ။ ဝယ်ချင်သလောက် ဝယ်မရဘူး။ မရှိမဖြစ် မုန့်ကြော်ဖို့ဝယ်ရတာဆိုတော့ ရှာဝယ်နေရတာပါ။ များသောအားဖြင့် မရောင်းကြတာများနေတာ”လို့ ဆီကြော်မုန့်ရောင်းသူကပြောပါတယ်။
မုံရွာစျေးကွက်မှာ ပြီးခဲ့တဲ့တစ်ပါတ်တာအတွင်း မြေပဲဆန်စျေးဟာ တစ်ပိသာကို ကျပ်၂၀၀၀ လောက်အထိစျေးတက်သွားတဲ့အပြင် ရောင်းဖို့မြေပဲဆန်က ရှားပါးနေတဲ့အတွက် ဝယ်သူများနေပေမယ့် ရောင်းသူမရှိဖြစ်နေတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ မြေပဲဆန်တစ်ပိသာကို အရင်တစ်ပါတ်က ၁၁၅၀၀ ကျပ်ရှိရာက အခုအပါတ်မှာ ၁၃၅၀၀ စျေးရှိလာတာဖြစ်ပါတယ်။
“အခုဟာက တစ်ရက်တစ်စျေးဖြစ်နေတာပါ။ စျေးကတော်တော်မငြိမ်တာပါ။ဆီအရောင်းအများကြီးတွေ လက်မခံနိုင်သေးဘူး။ ပဲကဝယ်မရဘူး။ အခုကပုံမှန်အချိန်မဟုတ်ဘူးဖြစ်နေတာ။ ကျွန်တော်တို့ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အခြေအနေပါဗျာ။ ရောင်းရှုံးဖြစ်နေတာ။ ရှေ့ကရောင်းလိုက် နောက်ကပြတ်သွားလိုက် ရှုံးလိုက်ဖြစ်နေတာ။ ထိန်းရောင်းနေရတာပါ။ ပဲဆန်ကလည်း ပွဲစားတွေက မရှိဘူးကများနေတာ။ ရောင်းတဲ့သူကနောက်ဆုတ်နေတာမျိုးဖြစ်နေတာ။”လို့ မုံရွာစက်မှုဇုန်က ဆီစက်ပိုင်က ပြောပါတယ်။
မုံရွာစက်မှုဇုန်က ဆီစက်တွေအနေနဲ့ မြေပဲဆီ ဆီသားစျေးအနေနဲ့ ၁၀ပိသာကို ကျပ်၂၂၀၀၀၀ ရောင်းချပေးနေပြီး ပုံးအသစ်နဲ့ထည့်ရောင်းရင် ကျပ်၂၃၈၀၀၀ စျေးနဲ့ လတ်တလောမှာရောင်းချပေးနေတာဖြစ်ပါတယ်။ အခုရောင်းနေတဲ့ ဆီစျေးဟာ အရင်က ဒီစျေးအထိမရောက်ဘူးသေးတဲ့စျေးဖြစ်တယ်လို့ ဆီစက်ပိုင်တွေကပြောနေကြပြီး မြေပဲဆန်စျေးကလည်း အခုစျေးလောက် အရင်ကပေးမဝယ်ဘူးကြောင်း ပြောနေကြပါတယ်။
“မြေပဲဆီအမှာ အော်ဒါတွေက ထင်တာထက် များနေတော့ စျေးတက်တက် ကျကျ မြေပဲဆန်ကို ရသလောက်ပေးဝယ်နေရတာ။ မြေပဲဆန်နဲ့ မြေပဲဆီစျေးကတက်မှာလား၊ ကျမှာလားကိုမှန်းမရဘူးဖြစ်နေတာ”လို့ ဆီစက်ကြီးမန်နေဂျာကဆိုပါတယ်။
နှစ်စဥ် မြေပဲအသစ်ဟာ သြဂုတ်လ၊ စက်တင်ဘာလများတွင် ပေါ်လေ့ရှိပြီးတဆက်တည်းမှာ နှမ်းဆက်ပေါ်မှာဖြစ်တဲ့အတွက် လတ်တလောကာလမှာဆီထွက်သီးနှံ တွေဟာ တောင်သူတွေလက်ထဲ လုံးဝမရှိကြတော့သလို လှောင်လက်တွေရဲ့ လက်ထဲမှာလည်း လက်ကျန်မရှိတော့သလောက် နည်းနေတာကြောင့် မုံရွာကဆီစက်သမားတွေဟာ မကွေး၊ မန္တလေးကလက်ကြီးသမားတွေဆီက ရသလောက်စျေးကြီးပေးဝယ်နေရတာတွေရှိနေတယ်လို့သိရပါတယ်။
မုံရွာကုန်စည်ဒိုင်နဲ့ မုံရွာမြို့တွင်း ပဲစျေးကွက်မှာ မြေပဲအရောင်းအဝယ်ဟာပုံမှန်ရှိနေရာက အခုလက်ရှိကာလ စားအုန်းဆီစျေးကွက်အလှည့် အပြောင်းကြောင့် ကုန်ပစ္စည်းရှားပါး စျေးတက်နေတာသိပေမယ့် မဖြစ်မနေမြေပဲရှာဝယ်နေကြတာကြောင့် အရောင်းအဝယ်သွက်လက်နေပါတယ်။
“ရှားလည်း တက်စျေးနဲ့ လှည့်ရှာဝယ်နေကြရတာပါ။ ဆီစက်မှာက ထင်မထားရလောက်အောင် အမှာတွေတက်နေတော့ ကုန်ကြမ်းကရှာရတော့တာပေါ့။ ရှားတဲ့အချိန် ရှာရတာဆိုတော့ ခက်တော့ခက်တယ်။ ဒါပေမယ့်ရအောင်ရှာရင်တော့ မြေပဲကရနိုင်ပါသေးတယ်”လို့ မြေပဲအဝယ်တော်ကရှင်းပြပါတယ်။
မြေပဲရှားနေချိန်မှာ နှမ်းစျေးကလည်းလိုက်တက်နေပါတယ်။ နှမ်းဖြူကတစ်တင်းကို ကျပ်၁၁၅၀၀၀ ကနေ ၁၃၅၀၀၀ အထိစျေးတက်သွားပြီး နှမ်းညိုကတစ်တင်းကို ကကျပ် ၁၃၀၀၀၀ စျေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။
“နယ်သမားက စားအုန်းဆီအဝယ်ရခက်လို့ မြေပဲဆီ၊ နှမ်းဆီဖက်လှည့်လာကြတာရယ်။ စားအုန်းဆီကစျေးလျော့ပြီး ပေါကြည့်ပါလား။ မြေပဲဆီ၊ နှမ်းဆီကိုရှိတယ်ထင်တာမဟုတ်ဘူးရယ်။”လို့ ရပ်ကွက်ထဲက ဆီလက်လီရောင်းသူကပြောပါတယ်။
ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှုကို ၆ ရာခိုင်နူန်းလောက်လျှော့ချ တင်သွင်းလိုက်တာကြောင့် ပြည်တွင်းစားဆီစျေးကွက်မှာ အစိုးရထုတ်စျေးနဲ့ စားအုန်းဆီ ခွဲတမ်းပေးမှုကလည်း လျော့ကျသွားတာဖြစ်ပြီး လက်ရှိမှာစားအုန်းဆီ ခွဲတမ်းဖြန့်ဖြူးမှုလျှော့ချလိုက်တဲ့အတွက် စားသုံးသူတွေ
အဆင်မပြေသလို ပြင်ပဆီစျေးကွက်မှာလည်း နေရာဒေသအလိုက် စားအုန်းဆီ တပိဿာကို ၁၅၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်အတွင်း စျေးဖြစ်လာနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW