အောင်လံမှာ ပြည်သူ့စစ်အဖွဲ့ဝင်နဲ့မိသားစုတွေ ပစ်ခတ်ခံရလို့ နှစ်ယောက်သေဆုံး နှစ်ယောက်ဒဏ်ရာရ

ဇူလိုင် ၁၀ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဥယျာဥ်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်နဲ့ သူ့မိသားစုဝင်တွေ သေနတ်နဲ့ ပစ်ခတ်ခံရလို့ နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဖြစ်စဥ်က မနေ့က ဇူလိုင် ၉ ရက်နေ့ ၊ မနက်ပိုင်းမှာ ဥယျာဉ်ကျေးရွာမှာ နေထိုင်တဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ဦးသက်နိုင်စိုး(ခ)ကြွက်နီ အပါအဝင် သူ့မိသားစုဝင်တွေကို ဝင်ရောက်ပြီး ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက နေအိမ်အထိ ဝင်ရောက် ပစ်ခတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ပစ်ခတ်မှုအတွင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင် ဦးသက်နိုင် နဲ့ ယောက္ခမဖြစ်သူ ဒေါ်စန်းစန်းအေးတို့ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်အေးစုလှိုင် နဲ့ အဖေဖြစ်သူ ဦးလှငွေတို့ကတော့ ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” မနေ့က မနက် ၈ နာရီလောက်မှာ အိမ်ထဲထိ ဝင်ပစ်တာ ။ သက်နိုင်က ယောက္ခမတွေနဲ့အတူနေတာ။ ခုပစ်ခံရတော့ သက်နိုင်နဲ့ သူ့ယောက္ခမ သေတယ်။ မိန်းမဖြစ်သူနဲ့ ယောက္ခထီးက ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းတယ်လို့တော့ကြားတယ်။ သက်နိုင် နဲ့သူ့မိန်းက အသက်မကြီးသေးဘူး ။ လူငယ်တွေပဲ ရှိသေးတာ ။ သူ့ယောက္ခမ နှစ်ယောက်လုံးမှာ ၄၀ ကျော်ရုံလောက်ရှိသေးတာလေ။ ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဒေါ်အေးစုလှိုင် နဲ့ အဖေဖြစ်သူ ဦးလှငွေတို့ကို အောင်လံပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသတွင်းလက်နက်ကိုင် ဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမတွေ့ရှိရသေးပါဘူး ။
ဇူလိုင် ၁ ရက်နေ့ကလည်း မကွေးတိုင်း ၊ ပြည် – မကွေးကားလမ်း ၊ အောင်လံမြို့ နဲ့ ဆင်ပေါင်ဝဲမြို့အကြားမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ကား နဲ့ အိမ်စီးကား တို့ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်ကျော်လွင် နဲ့ ဆင်ပေါင်ဝဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇေယျ တို့သေဆုံးခဲ့ပါတယ်။
ဒါအပြင် အဲဒီဖြစ်စဥ်မှာ ရဲအုပ်အောင်သန်းဇော် ညာတင်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒုရဲမှူးကြီးဝင်းလှိုင်မှာ ညာလက်ကောက်ဝတ် ကျည်ထိမှန်ဒဏ်ရာတို့ ရရှိခဲ့သလို နောက်ထပ်အသက်ကြီးပိုင်း မျိုးသမီးနဲ့ အမျိုးသားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW