ဇူလိုင် ၁၁ – ၂၀၂၆
SS (VOM)
ချင်းပြည်နယ် (တောင်ပိုင်း) က တိုက်ပွဲတွေပြင်းထန်နေတဲ့ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေမှာ ဇူလိုင် ၉ ရက်ကနေ ၁၁ ရက်အထိ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၁၁ ရက်၊ မနက် ၆ နာရီ ၁၀ မိနစ်ဝန်းကျင်ကနေစပြီး မနက် ၆ နာရီ ၃၅ မိနစ်ဝန်းကျင်အထိ ကန်ပက်လက်မြို့နယ် အရှေ့ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့သလို ဆက်လက်ပြီး မင်းတပ်မြို့နယ် (အရှေ့ဘက်) မှာလည်း မနက် ၆ နာရီ၊ မိနစ် ၄၀ ကနေ မနက် ၇ နာရီ ၁၂ မိနစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက်လည်း လေကြောင်းက ဆက်တိုက် ဖြစ်သွားတာ။ ဒီဖြစ်စဉ်ထဲ ထိခိုက်သူ ရှိ၊ မရှိနဲ့ အဆောက်အအုံ ပျက်စီးမှု ရှိ၊ မရှိကို အတည်ပြုနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အခုက အစိုးရတပ်က မြေပြင်မှာ တိုက်ပွဲ ပြင်းထန်လေ၊ လေကြောင်းကနေ ပိုဖိလေ ဖြစ်နေတယ်။ အခုပုံအတိုင်း ဆိုရင်တော့ တိုက်ပွဲတွေ ပြီးသွားတဲ့အချိန်ဆို ဒီ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့က အကောင်းအတိုင်း မကျန်ခဲ့နိုင်တော့လောက်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ ဇူလိုင် ၁၀ ရက်၊ မနက်ပိုင်းကလည်း မင်းတပ်မြို့နယ် (အရှေ့ခြမ်း) မှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့သလို ကန်ပက်လက်မြို့နယ် (အရှေ့ခြမ်း) မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့၊ မနက်ပိုင်းကလည်း မင်းတပ်မြို့နယ် (အရှေ့ခြမ်း) မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းမှာလည်း အဲဒီ မြို့နယ်မှာပဲ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
“ဒီနေ့ မနက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်နေတဲ့အချိန်မှာ တဖက်က မြေပြင်မှာလည်း အစိုးရတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက ကျောက်တံခါးကျေးရွာဘက်ကို ချီတက်နေတယ်လို့ သိရတယ်။ ပေါက်မြို့နယ် အခြေစိုက် ကပစ – ၂၄ (ကာကွယ်ရေးပစ္စည်းစက်ရုံ) ကနေ ထွက်လာတဲ့ စစ်ကြောင်းပါ။ အင်အား များတယ်၊ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေလည်း သယ်လာတယ်လို့ သိရတယ်။ ရှေ့ပြေးအဖွဲ့ကတော့ ကျောက်တံခါးရွာထဲ ရောက်ပြီးပြီ။ အဲဒီကနေတဆင့် အနောက်ဘက်ကို ဆက်သွားနေတယ်” လို့ သူက ပြောပါတယ်။
စစ်ကြောင်းကနေ ခွဲထွက်လာတဲ့ ရှေ့ပြေးတပ်ဖွဲ့ဟာ ကျောက်တံခါးကျေးရွာကနေတဆင့် ဆက်လက် ထွက်ခွာနေတာမှာ လက်ရှိမှာ ပုံတောင်နတ်ထိပ်အနီး ရောက်ရှိနေပြီဖြစ်တာကြောင့် စစ်ကြောင်းတွေ ဝင်ရောက်ရာ လမ်းတလျှောက်က ဒေသခံတွေအနေနဲ့ သွားလာနေထိုင်ရေး အထူးသတိထားကြဖို့နဲ့ လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက် လေကြောင်းဆိုင်ရာ သတိပေးချက်တွေကို လိုက်နာကြဖို့၊ ပုန်းခိုကျင်းတွေ ခိုင်ခိုင်မာမာ ပြုလုပ်ထားကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက တိုက်တွန်းထားပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ချင်းပြည် (မြောက်ပိုင်း) ရှိ ဖလမ်း၊ တွန်းဇံ၊ ကျီးခါးနဲ့ ဝေဘူလမြို့တွေကို ထိန်းချုပ်ပြီးတဲ့နောက် ချင်းပြည် (တောင်ပိုင်း) က မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ဆက်လက် ထိုးစစ်ဆင်နေတာဖြစ်ပြီး မြေပြင်တိုက်ပွဲ ပြင်းထန်မှုနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကလည်း မင်းတပ်မြို့ရှိ ကျေးရွာဆေးပေးခန်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပြီး ဇူလိုင် ၆ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်နဲ့ တိုက်နယ် (၂) ဘက်က ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့သလို ဇူလိုင် ၅ ရက်နေ့ကလည်း မင်းတပ်မြို့နယ် (အရှေ့ခြမ်း) မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
