ဇူလိုင် ၁၂ – ၂၀၂၆
SS (VOM)
ထိုင်းနိုင်ငံမှာ ဇူလိုင် ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တပတ်တာကာလအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား အယောက် ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။
မနေ့ ဇူလိုင် ၁၁ ရက်က နခွန်စီထမ္မရာဇ်ခရိုင်အတွင်း ကားသုံးစီးနဲ့ တရားဝမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်နဲ့ ထိုင်းလူမျိုး ငါးယောက်ကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပြီး ၎င်းတို့ဟာ ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ချွန်ဖွန်ခရိုင်ကနေ ဆောင်ခလာခရိုင်ကို သွားရောက်ကြမယ့်သူတွေဖြစ်ကာ အဲဒီကနေတဆင့် တတိယနိုင်ငံကို ဆက်လက် ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။
“ထိုင်းရဲတပ်ဖွဲ့က သတင်းရလို့ စောင့်ဖမ်းတာ။ ‘Fast74 Shadowless Road’ မဟာဗျူဟာနဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ သိရတယ်။ ကားသုံးစီးမှာ တစီးက ရှေ့ပြေး လမ်းကြောင်းရှင်းပေးတဲ့ကား။ အဲဒီကားမှာ ထိုင်းလူမျိုး လမ်းပြ ငါးယောက်ပါတယ်။ နောက်က နှစ်စီးမှာတော့ မြန်မာတွေပါတယ်။ သူတို့က ကားတွေကို တစီးနဲ့တစီး ၂ ကီလိုမီတာလောက် ခွာပြီး မောင်းလာကြတယ်လို့ သိရတယ်” လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
လမ်းပြပို့ဆောင်သူ ထိုင်းလူမျိုးတွေကို စစ်ဆေး မေးမြန်းချက်အရ ၎င်းတို့ဟာ မြန်မာနိုင်ငံသားတွေကို ချွန်ဖွန်ခရိုင်၊ ပထျူးမြို့နယ်ကနေ ဆောင်ခလာခရိုင်၊ ရတ်တာဖွန်မြို့နယ်ကို ပို့ဆောင်ပေးဖို့ တခေါက်ကို အခကြေးငွေ ဘတ် ၇၅၀၀ နဲ့ ငှားရမ်းခြင်းခံရတာဖြစ်ပြီး အခုတကြိမ်အပါအဝင် သုံးကြိမ်တိုင်တိုင် ပို့ဆောင်ဖူးကြောင်း ဝန်ခံ ထွက်ဆိုထားတယ်လို့ သိရပါတယ်။
အဲဒီ ဇူလိုင် ၁၁ ရက်နေ့မှာပဲ မယ်ရမတ်မြို့နယ်၊ ဖလကျေးရွာရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုအရ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ရန် လိုအပ်တဲ့ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင် အထောက်အထား စာရွက်စာတမ်း တစုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ မြန်မာအမျိုးသမီးနှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“အခုက စီမံချက်ကာလဖြစ်တယ်။ နယ်စပ်လမ်းကြောင်းတွေတင်မကဘူး၊ ထိုင်းနိုင်ငံထဲက မြို့ထဲ၊ ရပ်ကွက်တွေထဲမှာပါ အစစ်ဆေးကြမ်းနေတယ်။ အဲဒီတော့ ထိုင်းမှာရှိနေတဲ့ မြန်မာလုပ်သားတွေအနေနဲ့လည်း အထောက်အထားတွေကို ကိုယ်နဲ့မကွာ ဆောင်ထားကြဖို့ လိုတယ်။ မရှိသေးရင်လည်း ရှိအောင် လုပ်ထားကြစေချင်တယ်။ တောလမ်းကနေ လာကြမယ့်သူတွေအနေနဲ့ကလည်း လူမှောင်ခိုသမားတွေရဲ့ အလိမ်အညာစကားတွေကို မယုံကြပါနဲ့။ ဖြစ်ရင် သူတို့ကအရင် လွတ်အောင်ပြေးတာ။ ကိုယ်တွေပဲ ဖမ်းဆီးခံရနိုင်တယ်။ သတိကြီးကြီးထားရမယ့်အချိန် ဖြစ်ပါတယ်” လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
လက်ရှိမှာ မြန်မာရွှေ့ပြောင်းလုပ်သား ဖမ်းဆီးခံရမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာမှာ ဇူလိုင် ၁၀ ရက်နေ့ကလည်း ချွန်ဖွန်ခရိုင်၊ လန်ဆွမ်းမြို့နယ်ရှိ ဒူးရင်းသီးရုံတရုံကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက် စစ်ဆေးရာမှာ လုပ်ငန်းခွင်အတွင်း တရားမဝင် လုပ်ကိုင်နေတဲ့၊ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) နဲ့ မှတ်ပုံတင် ပြသနိုင်ခြင်းမရှိတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်နဲ့ တရုတ်နိုင်ငံသား နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၉ ရက်နေ့ကလည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ သာ့ဆိုင်းလွတ်ကျေးရွာ အုပ်စုအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာမှာ တရားဝင် အထောက်အထား ပြသနိုင်ခြင်းမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုးယောက်ကို တွေ့ရှိပြီး ဖမ်းဆီးခဲ့သလို အဲဒီနေ့မှာပဲ အမှတ် (၁) ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားအနီး၊ တရားမဝင် ခိုးဝင်ကာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသား တယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အဲဒီ ဇူလိုင် ၉ ရက်နေ့မှာပဲ ချွန်ဘူရီခရိုင်၊ ဖနတ်နီခွမ် – ကော့ကျန်နယ်မြေရှိ နေရာ လေးခုကို အလုပ်သမားဌာန တာဝန်ရှိသူတွေက စစ်ဆေးခဲ့တာမှာ မြန်မာနဲ့ တရုတ်လူမျိုးတွေ ပါဝင်တဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၁၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင် ၇ ရက်နေ့ကလည်း ချွန်ဘူရီခရိုင်၊ ဘန်းဘူမြို့နယ်၊ ကလောင်ကိကျေးရွာရှိ ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်မှုပေးတဲ့ ရုံးတရုံးကို တာဝန်ရှိသူတွေက ဝင်ရောက် ရှာဖွေခဲ့ပြီး ပွဲစားအဖြစ် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသား တယောက်နဲ့ အမျိုးသမီး သုံးယောက်၊ စုစုပေါင်း လေးယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၇ ရက်နေ့မှာပဲ ချွန်ဘူရီခရိုင်၊ မောင်းချွန်ဘူရီမြို့နယ်၊ ဘန်းစွမ်းကျေးရွာရှိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးရေးဌာနမှာ မြန်မာပွဲစား နှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက ထပ်မံ ဖမ်းဆီးခဲ့ပြီး အဲဒီ ပွဲစားတွေဟာ မြန်မာအလုပ်သမား ၁၄ ယောက်အတွက် အထောက်အထား စာရွက်စာတမ်းတွေ ပြုလုပ်ပေးဖို့ တယောက်ကို ဝန်ဆောင်ခ ဘတ် ၅၀၀ စီ ကောက်ခံနေချိန် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ဒါအပြင် ဇူလိုင် ၆ ရက်နေ့ကလည်း ကန်ချနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စုရှိ ကျွဲကောသီးခြံအနောက်ဘက်က နယ်စပ်တောလမ်းတွေကို နမ့်ကစ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပူးပေါင်းကင်းလှည့် စစ်ဆေးခဲ့ရာမှာ တောလမ်းမှ ဝင်ရောက်လာတဲ့၊ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင် ၅ ရက်နေ့ကလည်း ချွန်ပူရီခရိုင်၊ သီရိရာချာမြို့နယ်၊ ဘိုဝင်းကျေးရွာအုပ်စုရှိ အိမ်ရာဝန်းတခုအတွင်း တရားမဝင် လည်ပတ်နေတဲ့ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုစက်ရုံကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနနဲ့ ပြည်တွင်းလုံခြုံရေး တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့တာမှာ Work Permit ပြသနိုင်ခြင်းမရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဇူလိုင် ၅ ရက်နေ့မှာပဲ တိုင်ကြားချက်အရ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE) နဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဘန်ကောက်မြို့၊ ပထုံဝမ်ခရိုင်ရှိ ဖျော်ဖြေရေးဆိုင် နှစ်ဆိုင်ကို သွားရောက် စစ်ဆေးခဲ့တာမှာ ဥပဒေနဲ့မညီတဲ့ မြန်မာလုပ်သား ၁၄ ယောက်ကို ဖမ်းဆီးခဲ့သလို ထိုင်းလူမျိုး အလုပ်ရှင် နှစ်ယောက်ကိုလည်း အရေးယူထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်သမားလုပ်ကိုင်ခွင့်လက်မှတ် (Work permit) ရှိရမှာဖြစ်ပြီး ဥပဒေကို လိုက်နာရမှာဖြစ်ကာ ဥပဒေဖောက်ဖျက်ပါက ဘတ် ၅,၀၀၀ ကနေ ငါးသောင်းအထိ ဒဏ်ငွေရိုက်ခံရမှာဖြစ်ပြီး ၎င်းတို့ရဲ့ မူလနိုင်ငံကို ပြန်လည် နှင်ထုတ်ခံရမယ့်အပြင် နှစ်နှစ်အတွင်း အလုပ်သမားလုပ်ကိုင်ခွင့် လက်မှတ်အသစ် ထပ်မံလျှောက်ထားခွင့်လည်း ပိတ်ပင်ခံရမှာဖြစ်တယ်လို့ ထိုင်းအလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားထားပါတယ်။
Photo – CJ
