ထိုင်း မြန်မာနယ်စပ် ၊ မြန်မာဘက်ခြမ်း မင်းလက်ပံ – ဖလူး – ဝေါလေဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲနေ

ဇူလိုင် ၁၁ ၊ ၂၀၂၆
GG (VOM)
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ထိုင်း – မြန်မာနယ်စပ်က မင်းလက်ပံ – ဖလူး – ဝေါလေ ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အစိုးရတပ်တွေက မင်းလက်ပံရွာ နဲ့ ဖလူးရွာကို သိမ်းပိုက်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်း ထောင်နဲ့ချီပြီး စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်နေသလို လက်နက်ကြီးလည်း ပစ်ကူပြီး ​လေ​ေကြာင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ပေးနေတယ်လို့ သိရပါတယ် ။
” ဒီနေ့ဆိုရင် ငါးရက်ရှိပြီ ။ လေယာဥ်နဲ့လည်း နေ့တိုင်းလာကြဲတယ်။ လက်နက်ကြီးတွေလည်း ပစ်တယ်။ မင်းလက်ပံက KK Park အကျော်မှာရှိတာ ။ဖလူးနဲ့ မင်းလက်ပံက မဝေးဘူး ။ အခုတော့ ပစ်ခတ်နေကြတုန်းပဲ ။ထိုင်းနယ်စပ်က ရွာတွေနဲ့လည်း ​သောင်ရင်းမြစ်ပဲခြားတာဆိုတော့ ဟိုဘက်ကလူတွေလည်း ရင်တထိတ်ထိတ်နဲ့ပဲ။ အခုသတင်းတခုကြားရတာတော့ မင်းလက်ပံကို တပ်ဘက်က အသာစီးရနေတယ် သိရတယ်။ အဓိက စစ်တပ်ကလည်း ဝေါလေဗျူဟာကို အင်အားဖြည့်ဖို့က ဒီလမ်းပဲရှိတာ ။ အဲဒီတော့ အင်အားတော်တော် သုံးပြီးတိုက်နေတာ ” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မင်းလက်ပံ နဲ့ ဖလူးကို ဇူလိုင် ၇ ရက်နေ့ကစပြီး အစိုးရတပ်က အင်အားထောင်နဲ့ချီသုံးကာ ထိုးစစ်ဆင်တိုက်ခိုက် လာတာ ဖြစ်ကြောင်း ၊ တိုက်ပွဲ ပြင်းထန်နေတာ ဒီနေ့အထိဆိုရင် ငါးရက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ် ။
မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက စပြီး တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒီလမှာပဲ လက်ခတ်တောင် နဲ့ လေးကေ့ကော်ဒေသတို့ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ ဝေါလေဗျူဟာကို စစ်အင်အားတိုးမြှင့်ဖို့အတွက် မြဝတီ – ဝေါလေ လမ်းမကြီးအတိုင်း အစိုးရတပ်က ဆက်လက် ထိုးစစ်ဆင်ရာမှာ KNLA ပူးပေါင်းတပ်တွေက ဖလူး၊ မင်းလက်ပံကနေ ဟန့်တားတိုက်ခိုက်ခဲ့တာ ဒီကနေ့အထိ ဖြစ်တယ်လို့သိရပါတယ် ။
အဆိုပါ ထိုင်း – မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မင်းလက်ပံ ၊ ဖလူး ၊ ဝေါလေ ဒေသက ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို ထိုင်းနယ်စပ်က ကျေးရွာဘက်တွေကိုလည်း လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲ မှုရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုင်းအာဏာပိုင်တွေက ထိုင်းနယ်စပ်တလျှောက်မှာ လုံခြုံရေးတိုးမြှင့်ချထားပြီး ကင်းလှည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဇွန် ၂ ရက်နေ့ကလည်း မြ၀တီမြို့နယ် ၊ ဝေါလေဗျူဟာဘက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် တာ့ခရိုင် ၊ ဖုတ်ဖရမြို့နယ်၊ ဝါးလေကျေးရွာအုပ်စု၊ မောကဲထိုင်ကျေးရွာ (မူး ၁) ရှိ ငရုတ်သီးစိုက်ခင်းထဲကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် သုံး​ယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ ( တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြင်ကွင်း)

Related posts

Leave a Comment

VOM News

FREE
VIEW