ဇူလိုင် ၁၁ – ၂၀၂၆
SN (VOM)
လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ မိုးရွာသွန်းမှု ပိုမို များပြားလာပြီး ရေထုထည် ပိုပြီးမြင့်တက်လာတာကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေနစ်မြုပ်မှုတွေ ရှိနေပြီး ပိတ်မိနေသူတွေလည်း ရှိနေတဲ့အပြင် သေဆုံးသူ အရေအတွက်လည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဇူလိုင် လဆန်းပိုင်းကတည်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာဖြစ်ကာ ဇူလိုင် ၇ ရက်နေ့မှာတော့ ရေကြီးမှုအခြေအနေ စတင် ဆိုးရွားလာပြီး လက်ရှိမှာတော့ မြို့နယ် ရှစ်မြို့နယ်ထက်မနည်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိကာ ဒေသခံပြည်သူ တသိန်းကျော်ဝန်းကျင် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
လက်ရှိ ရေကြီးမှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးအင်အား မလုံလောက်မှုတွေလည်း ရှိနေတယ်လို့ သိရပြီး အစွန်အဖျားကျေးရွာတွေက နေအိမ်တွေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခြင်း မရှိဘဲ ပိတ်မိနေသူတွေလည်း ရှိနေတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“မင်းပြားဘက်က ကျေးရွာတွေပါ။ ရေစီးကလည်း အရမ်းသန်တော့ ထွက်မရဘဲ ပိတ်မိနေတဲ့သူတွေ ရှိတယ်။ အဲဒီဘက်တွေက အစွန်အဖျားဘက်လည်း ဖြစ်နေတော့ ကယ်ဆယ်ရေး တော်ရုံ မရောက်နိုင်ဘူးပေါ့။ အခုက ရေကလည်း ပိုပြီး တိုးလာနေတယ်။ မိုးရွာတာလည်း မရပ်သေးဘူး။ သူတို့ကို အရေးပေါ် ကယ်ထုတ်နိုင်ဖို့လိုတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရေဘေး အဆိုးရွားဆုံး ကြုံတွေ့နေရတာကတော့ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့ဖြစ်ပြီး မင်းပြားမြို့နယ်မှာဆိုရင် ရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်လျက်ရှိကာ နေအိမ်၊ ဆိုင်ခန်း ခုနစ်လုံးခန့် ရေတိုက်စားပြီး ပြိုပျက်သွားသလို ကျောက်တော်မြို့နယ်မှာလည်း ကျေးရွာ စုစုပေါင်း ၅၀ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိ ရေကြီးမှုဖြစ်စဥ်အတွင်း လူသေဆုံးမှုတွေလည်း ရှိနေတာမှာ ဇူလိုင် ၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်မှာ အမျိုးသမီးတယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့သလို အဲဒီနေ့မှာပဲ ကုလားတန်မြစ်အတွင်း အမည်၊ နေရပ်မသိ ရုပ်အလောင်း သုံးလောင်း မျောပါလာတာကို ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင် ၈ ရက်နေ့ကလည်း Grade – 12 ကျောင်းသား နှစ်ယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့သလို ဇူလိုင် ၇ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ရှောင်အမျိုးသား တယောက် ရေနစ်မြုပ် သေဆုံးခဲ့တာကြောင့် လက်ရှိမှာ စုစုပေါင်း သေဆုံးသူ ငါးယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
“Grade – 12 ကျောင်းသား နှစ်ယောက်က ကုလားတန်မြစ်ထဲ မျောပါလာတဲ့ ထင်းချောင်းတွေကို ဆယ်ယူရာကနေ ရေစီးနဲ့ မျောပါပြီး သေဆုံးသွားတာ။ မြစ်၊ ချောင်းတွေထဲ မျောလာတဲ့ ထင်းတုံးကြီးတွေ၊ သစ်တုံးကြီးတွေ၊ ဝါးတွေကို ဆယ်ယူကြတာက ဒီဘက်မှာ အစဉ်အလာတခုလို ဖြစ်နေတာ။ ပြန်ရောင်းစားလို့လည်း ရသလို၊ အိမ်တွင်း လောင်စာအဖြစ်လည်း သုံးလို့ရတာကိုး။ ရခိုင်လိုဆို အညှာရီပေါက်တာကြောင့် အညှာရီဆယ်ယူတယ် ဆိုတာမျိုးပါ။ ဒါပေမယ့်လည်း ရေအလွန်တက်နေချိန်၊ ရေစီးအရမ်းသန်နေချိန်ဆို အသက်အန္တရာယ် ထိခိုက်နိုင်တာမို့ မလုပ်တာ အကောင်းဆုံးပါပဲ” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ အကူအညီတွေအပြင် ရေကြီးမှုကြောင့် သောက်သုံးရေကန်တွေလည်း ရေလွှမ်းမိုးနေတဲ့အတွက် သောက်သုံးရေ အများအပြား လိုအပ်နေသလို ရေမသန့်ရှင်းမှုရဲ့ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါတွေလည်း ဖြစ်ပွားနိုင်တာကြောင့် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
“ရခိုင်မှာ ရေပြည့်တာ ဒီနေ့နဲ့ဆို ငါးရက်မြောက်ပါပြီ။ မနေ့ (ဇူလိုင် ၁၀ ရက်) နေ့လယ်ပိုင်းလောက်ကစပြီး မိုးရေချိန်များလာတယ်။ မြို့နယ် တော်တော်များများ ရေတွေ ဆက်တိုက် တက်လာတယ်။ တချို့ ကားလမ်းမတွေမှာလည်း ရေတွေကျော်နေလို့ လမ်းကို ယာယီ ပိတ်ထားရတယ်။ ရပ်ကွက်၊ ရွာတွေထဲလည်း ရေတွေအများကြီး ဝင်လာလို့ ကျွဲ၊ နွား၊ ဆိတ် တိရိစ္ဆာန်တွေကို လမ်းမတွေပေါ်မှာ ယာယီ ထားထားရတယ်။ တချို့မြို့တွေမှာဆို ဆိုးဆိုးရွားရွားကို ရေကြီးနေတာ။ မင်းပြားမှာဆို အနည်းဆုံး ၇ ပေ၊ ၈ ပေလောက်ထိ ရေမြုပ်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေ မြင့်တက်မှုတွေကြောင့် ရေကြီးရေလျှံတွေ ဖြစ်ပွားလေ့ရှိပေမယ့်လည်း အခု ၂၀၂၆ ခုနှစ်၊ မိုးရွာသီကာလ ရေကြီးမှုကတော့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွာဆုံး စံချိန်တင် ရေကြီးမှုဖြစ်ပြီး အမြင့်ဆုံး အန္တရာယ်အဆင့်ဖြစ်တဲ့ “ခရမ်းရောင်အဆင့်” နဲ့ “အနီရောင်အဆင့်” ကို ရောက်ရှိနေတယ်လို့ ဥရောပသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှုခန့်မှန်းစနစ် (GloFAS) နဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှုသတိပေးရေးအဖွဲ့တို့က သတိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုလားတန်မြစ်ဝှမ်းနဲ့ လေးမြို့မြစ်ဝှမ်းတလျှောက် ရေကြီးရေလျှံမှုအခြေအနေဟာ ဇူလိုင်လ တတိယပတ် (ဇူလိုင် ၂၃ ရက်မှ ၂၄ ရက်နေ့) အထိ ရေပြန်ကျရန် ခဲယဉ်းပြီး ရေရှည်ရေကြီးခြင်း (Prolonged Flooding) ဖြစ်ပေါ်လာနိုင်တယ်လို့ GloFAS က အသိပေးထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ် (မြောက်ပိုင်း) က ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တလျှောက်ရှိ မြစ်ကမ်းစပ် မြေနိမ့်ပိုင်း ကျေးရွာတွေဟာ ရေဘေးသင့်နိုင်ခြေ “အမြင့်ဆုံးဇုန်” အတွင်း ရောက်ရှိနေတယ်လို့ သိရပါတယ်။
GloFAS ရဲ့ Reporting Points သတိပေးချက်တွေအရ အဓိက စောင့်ကြည့်ရမယ့် အခြေအနေတွေကတော့ မြောက်ဘက် အတွင်းပိုင်းဇုန်ဖြစ်ကာ လာမယ့် ဇူလိုင် ၁၂ ရက်ဝန်းကျင်မှာ ရေကြီးမှု အရှိန်အဟုန် ”အမြင့်ဆုံး” ကို ရောက်ရှိဖို့ အလွန်နီးကပ်နေပြီး ရေအမှတ်ဟာ စိုးရိမ်ရေမှတ်အထက်မှာ ရက်ဆက် တည်ငြိမ်စွာ ရက်ရှည် ရပ်တည်နေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် အထက်ပိုင်းဧရိယာမှာလည်း ရေစီးထွက်မှုပမာဏ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ဇူလိုင် ၂၃ ရက်ဝန်းကျင်မှာ ရေစီးနှုန်း အမြင့်ဆုံးအဆင့် (Peak Discharge) ကို ရောက်ရှိနိုင်ကာ နှစ်နှစ်ပတ်လည် ရေကြီးနိုင်ခြေ ၁၀၀ ရာခိုင်နှုန်းနဲ့ ငါးနှစ်ပတ်လည် ရေကြီးနိုင်ခြေ ၆၀ ရာခိုင်နှုန်း ရှိနေသလို အနောက်ဘက် ချင်းတောင်တန်းနဲ့ ကပ်လျက်ဇုန် ရေစီးထွက်မှုလားရာလည်း မြင့်တက်နေဆဲဖြစ်တာကြောင့် ဇူလိုင်လ ၂၄ ရက်ဝန်းကျင်မှာ ရေစီးနှုန်း အထွတ်အထိပ်ကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အခုလို ရေရှည်ရေကြီးရခြင်းဟာ အထက်ပိုင်း ချင်းပြည်နယ်တောင်တန်းတွေနဲ့ ရခိုင်ရိုးမအထက်ပိုင်း ရေဝေရေလဲဒေသတွေမှာ မိုးရက်ဆက် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့်ဖြစ်ပြီး ကုန်းတွင်းပိုင်းမှ စီးဆင်းလာတဲ့ ရေမျက်နှာပြင်စီးရေ (Surface Runoff) တွေ အောက်ခြေမြစ်ဝှမ်းတွေဆီကို အဟုန်ပြင်းစွာ ဆင်းသက်လာခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်မြောက်ပိုင်း မြစ်မကြီးတွေနဲ့ မြစ်လက်တက်တွေရှိ ရေဆင်းဂရပ် (Discharge Hydrograph) ခန့်မှန်းချက်တွေ အားလုံးဟာ အလွန်စိုးရိမ်ရတဲ့ “ခရမ်းရောင်ဇုန်” အတွင်း အပြည့်အဝ ဝင်ရောက်၊ ကျော်လွန်နေတာကြောင့် လက်ရှိ ရေကြီးမှုဟာ ယာယီမဟုတ်ဘဲ ရက်သတ္တပတ်နဲ့ချီပြီး ကြာမြင့်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ဟိုက်ဒရိုလိုဂျီဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Photo – CJ
