သူတို့အိမ် အခန်း (၁၆၇)

ဆူးငှက်

ဆေးပုလင်းနှင့် ဖလင်လိပ်
—————————

ထိူစဉ်ကာလ မမခင်ဝင်း က ခင်ဝင်းနွယ် အကသင်တန်း အမည်ဖြင့် မန္တလေးတွင် ဖွင့်ဖြစ်သည်။ သူက ဒေါ်သြဘာသောင်း ကဗျာလွတ်ကကွက်များ မှတ်တမ်းကိစ္စများအတွက် စိတ်မော လူမောဖြစ်နေပြီ။ သူတို့ဇနီးမောင်နှံ၏ စီးပွားရေးက ဦးဇော်ဝင်း၏ ဖခင်ကြီး လက်ငုတ် မြန်မာတိုင်းရင်းဆေးတိုက်လုပ်ငန်းဖြစ်သည်။ ဦးဇော်ဝင်း၏ ဖခင်ကြီးက မြန်မာတိုင်းရင်း မျက်စိကု ဆရာကြီး ဆရာလန်းဖြစ်၏။ ဆရာလန်းက မုံရွာ ဘုရားကြီးရပ်ကွက် နဂါးရုံဘုရားအနီးတွင် အလင်းရောင် ဆေးတိုက်အမည်ဖြင့် မြန်မာတိုင်းရင်းဆေးတိုက်ကို ဖွင့်လှစ်ထားသည်။ ဦးဇော်ဝင်း က မန္တလေးတက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သော်လည်း ဖခင်ကြီး၏ တိုင်းရင်းဆေးပညာ အမွေကို ဆက်ခံသည်။ ဖခင်ကြီးမရှိသည့် နောက် အလင်းရောင် ဆေးတိုက်လုပ်ငန်းကို ဦးဇော်ဝင်းက ဆက်လက်လုပ်ကိုင်သည်။ အလင်းရောင်ဆေးတိုက်မှ မျက်စိနှင့် ပတ်သက်သည့် တိုင်းရင်းဆေးများအပြင် အခြား တိုင်းရင်းဆေးများပါ ထုတ်လုပ်ရာ နာမည်ကြီး ဈေးကွက်ဝင် ဆေးများ ဖြစ်ခဲ့၏။

ဦးဇော်ဝင်းလည်း မမခင်ဝင်းနှင့် အကြောင်းပါသည်နှင့် အိမ်ရှိ တိုင်းရင်းဆေးပုလင်းများ ထည့်ကာ ရောင်းချသည့် ဆေးဘီရိုကြီးမျာတွင် ရောင်းစွံသည့် တိုင်းရင်းဆေးပုလင်းများအစား ကဗျာလွတ်အကများကို မှတ်တမ်းတင်ရိုက်ကူးသော ဓာတ်ပုံပေါင်း ထောင်ချီ၏ 120 MM ဖလင်လိတ်ဗူးတွေပဲ အပြည့်နေရာယူတော့သည်။ ဤမျှ ကိုယ်ကျိုးစွန့် ဆောင်ရွက် သော်လည်း အရာမထင်ဘဲ အချိုးနှိမ်ခံရသောအခါ သူတို့ဇနီးမောင်နှံလည်း စိတ်မောလူမော ငွေမောရလေပြီ။ သည်တော့ အကဟူသော အနုပညာအပေါ် စိတ်မကုန်သေးသော မမခင်ဝင်းက မန္တလေးတွင် အကသင်တန်း ဖွင့်လှစ်သည်။ ထိုသင်တန်းအတွက် ဒေါ်ဒေါ်လူထုဒေါ်အမာ နှင့် ဆရာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) တို့က အားပေး သည်။ အကသင်တန်းကို ဈေးချို နာရီစင်မြောက်ဘက်ရှိ ဓာတ်ဆီဆိုင်ဖွင့်လှစ်ထားသည့် တိုက်အပေါ်ထပ်တွင် ဖွင့်လှစ် သည်။ တိုက်က အတော်အတန်ကျယ်ဝန်းသည့် ရှေးဟောင်းတိုက်ကြီး ဖြစ်သည်။ မြောက်ဘက် ကပ်လျက်က ဆရာကြီး ရွှေပြည်ဦးဘတင်နေထိုင်ခဲ့သည့် တိုက်ကြီးရှိသည်။

 

အကသင်တန်းနှင့် စာရေးဆရာများ
—————————————

အကသင်တန်းကို ဖွင့်လှစ်သောအခါ ဒေါ်ဒေါ်လူထုဒေါ်အမာက သူ့မြေး စုစုမာကိုအပ်သည်။ စုစုမာက ဒေါ်ဒေါ့်သမီးကြီး ပါမောက္ခဒေါက်တာဒေါ်သန်းရင်မာ၏ သမီးဖြစ်သည်။ ထို့အတူ ဆရာတက္ကသိုလ်မောင်စောလွင်၏ သမီးကြီး မစောရီဦး၊ ဆရာသိုက်ထွန်းသက်၏ သမီး၂ယောက်ဖြစ်သည့် အိမြဝတီဇော်နှင့် အိရှုမဝဇော်၊ ဦးကာက လက်ဖက်ခြောက်၏ မျိုးဆက် ဒေါ်ခင်စောဦး၏ သမီး စသည်ဖြင့် မြို့မျက်နှာဖုံးများ၊ နာမည်ကြီးအနုပညာရှင်များ၏ သမီးများ မြေးများကို အပ်နှံကြရာ သင်တန်းသူ ၃၀ခန့်အထိ ရှိခဲ့၏။ ခင်ဝင်းနွယ် အကသင်တန်းကို စတင်ဖွင့်လှစ်သောအခါ ဆရာတက္ကသိုလ်မောင်စောလွင် ဦးဆောင်၍ ဆရာကြည်အောင်၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်သင်းပန်၊ နီမောင်(အင်းဝ)၊ ချင်းတွင်းချစ်သွေး၊ စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ တက္ကသိုလ်မြင့်နိုင်၊ ညီပုလေး၊ သိုက်ထွန်းသက်၊ ဝင်းစည်သူ၊ ပြေ(ဆေး-၂)၊ ကိုငယ် (ကျောက်ဆည်)၊ စသည့် စာရေးဆရာ ကဗျာဆရာ ကာတွန်းဆရာများလည်း တက်ရောက် အားပေးကြသည်။

ထိုပွဲတွင် မမခင်ဝင်းက ဆရာများကို ဒေါ်သြဘာသောင်း ကဗျာလွတ်ကကွက်များ တီထွင်ခဲ့ပုံအပြင် နိုင်ငံတော်က မှတ်တမ်းတင်ခြင်း ကိစ္စ အဝဝကို သရုပ်ပြ ကပြ ရှင်းလင်းခဲ့သည်။ ထိုစဉ်ကာလ က မဂ္ဂဇင်းများသာ ရှိသည်မို့ ထိုသတင်းနှင့် ကဗျာလွတ် အရှုပ်တော်ပုံကိစ္စက လူထုကြား ကျယ်ပြန့်စွာ မသိရှိခဲ့ကြချေ။ မမခင်ဝင်းလည်း သူကိုယ်နှိုက်က လူမမယ် ကလေး ၂ယောက်နှင့်မို့ သင်တန်းကို ၁နှစ်ခန့်ပဲ ဖွင့်လှစ်နိုင်ခဲ့၏။ ထို့နောက် မုံရွာအိမ်မှာပဲ အကသင်တန်းကို ဖွင့်လှစ်နိုင်ခဲ့သည်။

ကျွန်တော်လည်း မဂ္ဂဇင်းများတွင် ဆောင်းပါးတွေ ရေးတာ အရှိန်ရနေပါပြီ။ မန္တလေးက စာပေအဝန်းအဝိုင်း နှင့်လည်း ဆရာညီပုလေး ကျေးဇူးကြောင့် ထိတွေ့ဆက်စပ်နေပါပြီ။ အထူးသဖြင့် ကျွန်တော့်မှာ အောက်ဒိုးဓာတ်ပုံ လုပ်ငန်း လုပ်ကိုင် ခဲ့သောကြောင့် နီကွန်ကင်မရာလေးနှင့် ကင်နွန်ကင်မရာလေးရှိသောကြောင့် စာပေနှင့် ပတ်သက်သည့် အခမ်းအနား ပွဲလမ်းတွေကို ဓာတ်ပုံမှတ်တမ်း ယူနိုင်ခဲ့သည်။ ထို့ပြင် တောင်လေးလုံးက စာပေပွဲတွေကိုလည်း သွားရဲလာရဲကာ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်လာပါပြီ။ ဒေါ်ဒေါ်လူထုဒေါ်အမာကိုယ်တိုင်ကလည်း ကျွန်တော့်ကို မျက်မှန်းတမ်းမိရုံ၊ မခင်ဝင်းမောင်လေးဟု သိရှိရုံမက စာရေးသူ တစ်ဦးအနေနှင့်လည်း အသိအမှတ်ပြုလာပါပြီ။

 

ဘူတာနှင့် နီးသော အိမ်
—————————

ကျွန်တော့် စာအုပ်အငှားဆိုင်လေးက အတော်အတန်အလုပ်ဖြစ်ကာ လူသိများလာသည် နှင့်အတူ ဆေးတက္ကသိုလ် ပရိသတ်၊ သူနာပြုသင်တန်းပရိသတ်တို့ ရောက်ရှိလာကာ စာပေနှင့် ဆက်နွယ်သော စာဖတ်ပရိသတ် မိတ်ဆွေများလည်း တိုးပွားလာခဲ့သည်။ ထို့ပြင် မြို့ခံ စာရေးဆရာများကလည်း ညရောက်လျှင် ကျွန်တော့်ဆိုင်လေးဆီ ဦးလှည့်ကာ မဂ္ဂဇင်းလေးတွေ ဖတ်ရင်း စကားဝိုင်းဖွဲ့ဖြစ်ခဲ့ကြ၏။ နွေဒေသစာအုပ်ဆိုင်မှာ အမြဲတွေ့ဖြစ်နေသော ကဗျာဆရာမ မစိမ်းပင် က လည်း ခင်သော်ဇင့်ကိုပါ ရင်းနှီးလာကာ အိမ်သို့ရောက်လာပြီး စာလာဖတ်သည်။ ကျွန်တော့် အိမ်က ဘူတာနှင့် နီးသောအခါ ရန်ကုန်က စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာ အချို့လည်း ဘူတာကအဆင်း ဘူတာသို့ အတက် ခေတ္တဝင်ရောက်လာကြ၏။

စာမူ စာမူခ လက်ဆောင် စာအုပ်ကအစ လူကြုံရှိမှ ပေးနိုင် ပို့နိုင်ကြသောကြောင့် ရန်ကုန်က လာသည့်လူကြုံ၊ ရန်ကုန်သို့ ပြန်မည့် သွားမည့် လူကြုံများကို တကူးတကန့် ရှာဖွေရသောအခါ ဘူတာနှင့် နီးသော ကျွန်တော့်အိမ်က ထိုကိစ္စများအတွက် အဆင်ပြေလှသည်။ နောက်ပိုင်း လူကြုံများက ခေတ္တနားရန်မျှမက အိမ်မှာပင် တည်းကာ စားရေးသောက်ရေးနှင့် လက်မှတ်ကိစ္စကအစ ကျွန်တော်က တာဝန်ယူပေးနေသည်ကို အစ်မကြီး မစိမ်းပင်က သိသွားသောအခါ “ မင်း စာရေးဆရာတွေကို အဲ့လောက် အလိုမလိုက်နဲ့ လေ၊ တော်ကြာ မင်းအိမ်က တည်းခိုခန်းသာမက အလကားရတဲ့ ဘူတာလက်မှတ်ရုံ ဖြစ်သွားမယ်နော်” ဟု သတိပေးဖူး သည်။ မတတ်နိုင် ကျွန်တော်ကလည်း အားနာတတ်သည်လေ၊ တစ်ခါကများ ထိုသို့သော ဧည့်သည် ဆရာများမှာ ဖိနပ်တွေ ပြတ်ကြလို့ အလုပ်ရုံက ဖိနပ်တစ်ရံစီပင် ပေးလိုက်ဖူးပါ၏။ လခထုတ်မှ ထိုဖိနပ်၃ရံဖိုး ဖြတ်စေခဲ့သည်။

ထိုစဉ်ကာလ အတွင်း ကျွန်တော့်ကို အလုပ်ရုံ၏ အလုပ်သမားအစည်းအရုံးကော်မီတီဝင်အနေနှင့် ပါတီဝင်ဖို့ ပိုမိုဖိအားပေးလာသည်။ ထိုနေ့က မြို့နယ်ပါတီယူနစ် ကော်မီတီဝင်၃ဦး က ကျွန်တော်နှင့် တာဝန်ခံ ကို ခေါ်လိုက်၏။ ၈၄လမ်း ကွမ်းခြံရပ်က ရှမ်းမင်းသမီးစားသောက်ဆိုင်ကို နေ့လယ် ၁၂နာရီတဲ့။

 

အခက်အလက်ဖြည့် လက်မှတ်သာ ထိုးလိုက်ပါ
—————————————————–

၈၄လမ်း ကွမ်းခြံရပ်ရှိ ရှမ်းမင်းသမီး စားသောက်ဆိုင်က နံမည်ကြီးသည်။ သူ့ဆိုင်မှာ အမျိုးသမီးစာပွဲထိုး တွေရှိသည်။ ထိုဆိုင်သို့ မွန်းတည့် ၁၂နာရီမတိုင်မီ ကျွန်တော်နှင့် စာရင်းကိုင်တာဝန်ခံ စာရေးကြီးတို့ရောက်ပြီး မကြာမီ ပါတီယူနစ်မှ လူကြီးများ စက်ဘီးကိုယ်စီနှင့် ရောက်လာကြ၏။ အလုပ်ရုံသို့ လာနေကျ ပုဂ္ဂိုလ်များပဲ ဖြစ်သည်။ ပိုက်ကျုံး ရွှေလောင်းရပ်က ကျောင်းဆရာကြီးပါသည်။ ထိုဆရာကြီးက အလွန်ရိုးသားသည်။ စာတွေဖတ်သည်။ အလုပ်ရုံ စာကြည့်တိုက် သို့ အမြဲလာသည်။ နောက်တစ်ယောက်ကလည်း အလုပ်ရုံသို့ အမြဲလာသူဖြစ်သည်။ သူက အာဘောင်အာရင်း သန်သည်။ လူက ခပ်ပုပု ခပ်သေးသေးဖြစ်သည်။ သူ့ဇာတိက ကျောက်ဆည်ဟု သိရသည်။ နောက်တစ်ယောက်ကတော့ ရ်ုးရိုးအေးအေး။ သို့သော် သူ့မိခင်ပါတီအပေါ် အလွန် သစ္စာခံမည့် ပုံစံဖြစ်သည်။ အလုပ်ရုံသို့လာစဉ် ခေတ်စံနစ်အကြောင်း ပြောကြဆိုကြလျှင် သူက ပါတီကို မျက်စေ့မှိတ် ထောက်ခံသည်။ စာအုပ် အနေနှင့်လည်း ပါတီစာအုပ်ကလွဲလျှင် ဘာမှ ဖတ်ပုံမရ။

ဆိုင်က နေ့လယ်ခင်းမို့ လူရှင်းသည်။ ထုံးစံအတိုင်း မှာစရာရှိသည်များ မှာစားကြရင်း စကားပြောဖြစ်ကြသည်။ အကြောင်းရင်းကို ကျောက်ဆည်သား ဆရာက ခပ်သွက်သွက်မို့ သူကပဲ ရှင်းပြသည်။ အဓိက က ကျွန်တော့်ကို ပါတီဝင်ဖို့ ဖိအားပေးခြင်းပဲ ဖြစ်သည်။ ဝန်ထမ်းအဖြစ် အတည်ပြုလည်း ပေးပြီးပြီ။ လုက်သက်လည်း ၃နှစ်ကျော်ပြီ။ အခြေခံ အလုပ်သမားအစည်းအရုံးတွင်လည်း အလုပ်အမှုဆောင်ဖြစ်နေပြီ။ ထို့ကြောင့် ပါတီဝင်ဖို့ လိုအပ်နေပြီ။ ပါတီဝင် လျှောက်လွှာတွင် အချက်အလက်ဖြည့် လက်မှတ်ထိုးပြီး သူတို့လက်ပဲ အပ်လိုက်ပါ။ ပါတီဝင်အမှတ် ချက်ချင်းကျမည်။ ထို့နောက် မြို့နယ်ပါတီယူနစ်အစီအစဉ်ဖြင့် ဗဟိုနိုင်ငံရေးတက္ကသိုလ်သို့ တက်ရောက်စေမည်။ သင်တန်းပြီးဆူံသည်နှင့် မြို့နယ်ပါတီယူနစ်တွင် လူငယ့်ရေးရာပိုင်း၌ တာဝန်ပေးအပ်မည်။ ကိုင်း.. သည်လောက် ကောင်းသည့်အခွင့်အရေး ဘယ်မှာရှိမည်နည်း တဲ့။ ထိုသို့ပြောပြီး လက်ဆွဲအိတ်ထဲက ပါတီဝင်လျှောက်လွှာကို ထုတ်သည်။

 

မမှန်တဲ့သူတွေ ရှေ့တက်
————————–

ကျွန်တော်က အင်းမလှုပ် အဲမလှုပ်။ သူတို့က ကျွန်တော့်ကို အချိန်ပေးသည့်အနေနှင့် စားရင်းသောက်ရင် အခြား စကားတွေ ပြောနေကြသည်။ ကျွန်တော်လည်း စဉ်းစားရတာ ချွေးပြန်နေပါပြီ။ သတင်းတွေ မပြတ်တမ်း နားထောင် နေရလို့ တိုင်းပြည်အခြေအနေက ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပြီ။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေက ဒရစပ်။ ပြည်သူအများစုမှာ စားဝတ်နေရေးကျပ်တည်းကာ အစစအရာရာ မှောင်ခိုကုန်ပစ္စည်းကိုပဲ အားကိုးနေရသည်။ ထိုသို့သော အခြေအနေတွင် ခေါင်းဆောင်ကြီးတွေက မယားပြီးမယား၊ စကားပြီးစကား၊ စပါးပြီး စပါးဟု အသရော် ခံရလောက်အောင် ထင်ရာစိုင်းနေကြသည်။ ပါတီတွင်းတွင်လည်း “မှန်တဲ့သူတွေ ကျကုန်ပြီ။ မမှန်တဲ့သူတွေ ရှေ့တက်” ဆိုသော အငြိမ့်ပြက်လုံးလို ဖြစ်ပျက်နေသည်။

သည်လိုအခြေအနေမှာ ပါတီဝင်ဖို့ဆိုသည်က နဂိုကပင် အယုံအကြည် မရှိလှသည့် အထဲ လက်ခံဖို့ ခက်လှသည်။ သို့သော် သူတို့ ပြောစကားများတွင် ကျွန်တော့် အစ်ကိုဝမ်းကွဲ တစ်ယောက် အရှေ့မြောက်အရပ်ဆီ လွတ်မြောက်သွားသည့်ကိစ္စကို သူတို့ သိကြောင်း မသိမသာ ထည့်ပြောနေသည်။ ထိုအစ်ကိုက ယခုပါလာသည့် တာဝန်ခံ စာရင်းကိုင် ကိုဌေးအောင်နှင့်ရော ကျွန်တော်နှင့်ပါ ၃ဦး စနေနေ့ညတိုင်း အကောင်းကြိုက် ကဖေးတွင် ထိုင်ရင်း နိုင်ငံရေးနှင့် စာပေကိစ္စများကို ပြောဆိုနေကျ ဖြစ်သည်။

ထို အစ်ကိုက ၁၉၈၀ အတွေတွေလွတ်ငြိမ်းချမ်းသာဖြင့် အင်းစိန်တောရက ပြန်လာပြီး မကြာမီ အရှေ့မြောက်အရပ်ဆီ လွတ်မြောက်သွားသူ ဖြစ်သည်။ သူ အင်းစိန်က ပြန်လာအပြီး အလုပ်ရုံသို့လည်း မကြခဏ ဝင်ထွက်ကာ ကျွန်တော်တို့နှင့် တွေ့သည်။ ၁နှစ်ခန့်အကြာ သူလည်း ကျန်းမာရေးအတွက် စိတ်ပြေလက်ပျောက် အနားယူရန် ရန်ကုန်သို့ အလည်အပတ်သွားဦးမည်ဟု ကျွန်တော့်ကိုပြောသည်။ သူသွားမည့်နေ့ ဘူတာသို့ လာခဲ့ပါ။ သူသွားမှာ အခြားသူတွေကို မပြောပါဟုလည်းမှာ၏။

 

မပျော်တစ်ရက်၊ ပျော်တစ်သက်
————————————–

ထိုနေ့ညနေ ဘူတာသို့ ကျွန်တော်တစ်ယောက်တည်းသွားသည်။ ကျွန်တော့်ကို မြင်တော့ သူက တွဲပေါ်က ဆင်းလာပြီး သူ့မိတ်ဆွေထံက ငှားထားသည့် ဖြူသီ၏ မိုင်ပေါင်းကုဋေ တိတ်ခွေနှင့် ဒဂုန်တာရာ၏ စာအုပ်တစ်အုပ်ကို ကျွန်တော်ကတဆင့် ပြန်ပေးဖို့ မှာရင်း တိတ်ခွေနှင့် စာအုပ်ကို ပေးသည်။ ထိုစဉ်ကာလ ကျွန်တော်တို့က ဖြူသီ အသည်းစွဲ ဖြစ်သည်။ သူ့မိတ်ဆွေ ဆိုသည်ကလည်း သူနှင့် အတူ အင်းစိန်ပြန်ပဲ ဖြစ်၏ ထိုမိတ်ဆွေနှင့် ကျွန်တော်ကလည်း ရင်းနှီးသွားကာ သူ့ရုံးရှိရာနှင့် အနီးဆုံး စပယ်ခန်းမနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြရင်း စာအကြောင်း ပေအကြောင်းတွေ ပြောဖြစ်ခဲ့ကြသည်။ ထိုမိတ်ဆွေက ကျွန်တော်နှင့် တွေ့တိုင်း “ပြောစမ်းပါဦးဗျ၊ ခင်ဗျားတို့ စာပေလောကအကြောင်း” ဟုမေးလို့ ကျွန်တော်က ကဗျတပ်မှူးကြီးများကိစ္စ ဂယက်ထနေပုံပြောလျှင် “ အဲ့ဒါက လူပုဂ္ဂိုလ်ကိစ္စတွေပါ၊ အရေးမကြီးပါဘူး၊ အဲ့ဒါတွေ မပြောပါနဲ့၊ အခြား အဓိပ္ပာယ်ရှိတဲ့ စာအကြောင်းတွေပဲ ပြောပါ” ဟု ဆိုသည်။ ကျွန်တော်ကလည်း သည်လိုအမြင်မျိုး သဘောကျလို့ စပယ်ခန်းမနားက လက်ဖက်ရည်ဆိုင်ဆီ မကြာခဏရောက်ကာ ထိုမိတ်ဆွေနှင့် စကားပြောဖြစ်သည်။

ထိုသို့ တွေ့နေကျဖြစ်ကြောင်း အစ်ကိုက သိနေလို့ ထိုမိတ်ဆွေသို့ ပေးရန်ရှိများကို ကျွန်တော့် လက်သို့ အပ်ခြင်း ဖြစ်သည်။ ကျွန်တော် အစ်ကိုပေးသော တိတ်ခွေနှင့် စာအုပ်ကို သံဇကာအောက်မှ ယူရင်း “ ရန်ကုန်မှာ ဘယ်လောက်ကြာဦးမှာလဲဗျ” ဟု အစ်ကို့ကိုမေးတော့ သူက ကျွန်တော့်ကို တစ်ချက် စိုက်ကြည့်ပြီး..” မပျော်တစ်ရက် ပျော် တစ်သက်ပေါ့ကွာ” ဟုပြောကာ မင်းပြန်လိုက်တော့ဟု ဆိုပြီး တွဲပေါ်တက်သွားသည်။

ဒါ သူ့လွတ်မြောက်ခရီး စခြင်းဖြစ်ကြောင်း နောက်မှ သိရ၏။ ထိုသို့ လွတ်မြောက်သွားသည်ကို အစိုးရဖက်က မချိတင်ကဲ ဖြစ်သွားသည်။ ထို့ကြောင့် ပါတီယူနစ်က ပုဂ္ဂိုလ်များက သည်အကြောင်းကို အစဖော်ကြခြင်း ဖြစ်သည်။ အစ်ကို့ စာအုပ်တွေ အတော်များများ ကိုဌေးအောင်နှင့် ကျွန်တော့်အိမ်မှာ သိမ်းထားကြသည်။ ကိုဌေးအောင်လည်း ကျွန်တော် အစဉ်းစား ကျပ်နေမှန်း သိပုံရသည်။ သူက ဘာမှ ဝင်မပြော။ ကျွန်တော်ကတော့ သည်တစ်ခါ ဆုံးဖြတ်ချက်ချရတော့မည်။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW