ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်နဲ့ယန်စီ ကြေးနီစီမံကိန်းက CDM ဝန်ထမ်း ၅၀ ကျော် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်

ဇူလိုင် ၁၃-၂၀၂၆
KKA(VOM)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီတွေက အာဏာသိမ်းမှုဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေထဲက စားဝတ်နေရေး ခက်ခဲနေတဲ့ ဝန်ထမ်း ၅၀ကျော် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေပြီ ဖြစ်တယ်လို့ ညှိုနှိုင်းကူညီဆောင်ရွက်ပေးခဲ့သူ တ၃ဦးက ဇူလိုင် ၁၃ရက်မှာ VOMကိုပြောပါတယ်။
“စားဝတ်နေရေး ခက်လာပြီး ရပ်တည်ဖို့ခက်လာတဲ့အတွက် ကုမ္ပဏီဘက်နဲ့ဆွေးနွေးတာ‌ ‌တွေ အချိန်ပေးပြီး လုပ်ခဲ့ရတယ်။သူတို့က CDM လုပ်ထားတယ်ဆိုပေမယ့် လုပ်ငန်းခွင်ထဲမှာ ပြစ်ချက်တွေမရှိတာရယ် ၊လုပ်သက်ရင့်တွေဖြစ်နေတာရယ်ကြောင့် ငဲ့ညှာပြီး အလုပ်ပြန်ဝင်ခွင့်ရတာဖြစ်တယ်။”လို့ ကူညီဆောင်ရွက်ပေးသူကပြောပါတယ်။
၂၀၂၁ခုနှစ် အာဏာထိမ်းမှုစတင်ကတည်း အဲဒီကုမ္ပဏီက ဝန်ထမ်း ရာချီဟာ CDM ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၆နှစ်နီးပါးရောက်လာချိန်မှာတော့ မိသားစု စားဝတ်နေရေး ကြပ်တည်းတာ၊သားသမီးတွေရဲ့ ပညာရေးစရိတ်ခက်ခဲတာ စတာတွေကြောင့် ဇူလိုင် ၁ရက်နေ့ကစတင်ပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုလို ပြန်လည်ဝင်ရောက်နိုင်ဖို့ ညှိုနှိုင်းဆွေးနွေးတာတွေကို မေလနဲ့ဇွန်လ နှစ်လကြာပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။
CDMလုပ်သူအများစုဟာ တစ်နှစ်ကျော်လောက်သာ တစ်ဖက် အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့တာတွေ ရရှိခဲ့ပါတယ်။အဲဒီနောက်ကနေ ဒီနေ့အချိန်ထိ ကူညီထောက်ပံ့တာ‌တွေ မရှိခဲ့တာကြောင့် အခက်အခဲပေါင်းစုံ ကြုံတွေ့ခဲ့ရတယ်လို့လည်း အလုပ်ပြန်ဝင်လာသူတဦးက VOMကိုရင်ဖွင့်ပါတယ်။
“ခက်တာပေါ့။ အတော်ကို ရုန်းကန်ခဲ့ရတယ်။ ဒုက္ခမျိုးစုံကို ကြုံခံ့တယ်။ ယန်စီမှာလုပ်တုန်းက နေစရာလည်းမပူးရဘူး။ သမီးပညာရေးလည်းမခက်ဘူး။ ကျန်းမာရေးကအစ အားလုံး အိုကေပါပဲ။ အာဏာသိမ်းပြီး CDMလုပ်လိုက်ကြတယ်။ တနှစ်လောက်ကတော့ ဘာမှမပူရတော့ CDM လုပ်ခဲ့တာမှန်တယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း မှန်တယ်လို့ ယုံကြည်ထားတယ်။ ဒါပေမယ့် ကြာလာတာနဲ့အမျှ ယုံကြည်သလို ဖြစ်မလာခဲ့ဘူး။နောက်ဆုံးတော့ ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်တာပဲ။ကြားခံ ကူညီပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။”လို့ အလုပ်ပြန်ဝင်လာသူတစ်ဦးကVOMကိုပြောပါတယ်။
လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လိုသူ ၃၀နီးပါးရှိနေပြီး နောက်ထပ်လာရောက် ဆက်သွယ်လာသူတွေလည်းရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးသူကဆိုပါတယ်။
“နောက်ထပ်ပြန်ဝင်ဖို့ လုပ်နေတာ သုံးဆယ်လောက်ရှိမယ်။ အဲဒီအတွက် ကျ​နော်တို့ ညှိုနှိုင်းတာတွေလုပ်နေတယ်။ နောက်ထပ်ဆက်သွယ်လာတာလည်းရှိတယ်။ ညှိုနှိုင်းတာတွေ အလုပ်ခွင် ကိစ္စတွေ လုပ်ခလစာ‌ တွေ တော့ အသေးစိတ်ပြောမပြနိုင်တာကိုတော့ နားလည်ပေးစေချင်တယ်။”လို့ ကူညီသူက VOMကိုပြောပါတယ်။
လုပ်ငန်းခွင် ပြန်ဝင်သူအများစုဟာ ကုန်ထုတ်နဲ့သယ်ဆောင်တွေဖြစ်ပြီး အထွေထွေ လုပ်သားအချို့လည်း ပါဝင်ပါတယ်။ ယန်စီနဲ့ဝမ်ပေါင် ကုမ္ပဏီ နှစ်ခုစလုံးက ပြန်လည်ဝင်ရောက်လာတဲ့ဝန်ထမ်းတွေကို အရင်က လုပ်ခဲ့တဲ့ မူလနေရာတွေကိုပဲ ပြန်လည်ခန့်ထားပေးတယ်လို့သိရပါတယ်။
အလုပ်ပြန်ဝင်လာတဲ့ သယ်ဆောင် ယာဉ်ကြီးမောင်းတဦးကလည်း
“ကျွန်တော်တို့ ပြန်ဝင်ရမယ်လို့တောင်မထင်ပါဘူး။ပြန်ဝင်ရတော့လည်း ကိုယ့်နေရာ ကိုယ်ပြန်ရတော့ ဝမ်းသာရတယ်။CDMလုပ်နေတုန်းက အပြင်ကားတွေမောင်ဖို့တောင်းတာ CDMမို့ ဘယ်သူမှမပေးဘူး။”လို့ VOMကိုပြောပါတယ်။
CDMလုပ်သွားတဲ့ ဝန်းထမ်းအားလုံး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် ကုမ္ပဏီ နှစ်ခုလုံးက လုပ်ဆောင်နေပြီး အမှန်တကယ် အခက်အခဲဖြစ်တဲ့ ဝန်ထမ်းတွေကို အရင်ဆုံး လုပ်ငန်းခွင်အမြန်ဆုံးဝင်ရောက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကလည်း လုပ်ငန်းခွင် ပြန်လည်ဝင်သွားတဲ့ CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းထားပြီး လိုအပ်သလို အရေးယူတာတွေ လုပ်သွားမယ်လို့ သတင်းဖြန့်ထားတာ‌တွေရှိတယ်လို့ ဒေသခံတဦးက VOMကိုပြောပါတယ်။
ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပအဖ အဖွဲ့‌ တွေအနေနဲ့ ‘ထောက်တိုင် ဖြိုဖျက်ရေး’ မူဝါဒအရ သတိပေးချက်တွေ ထုတ်ပြန်တာလုပ်နေမယ့် ဒေသခံပြည်သူတွေရဲ့ ဝမ်းစာရေးကိုတော့ အစားထိုး ဖြေရှင်းပေးတာတွေ မရှိခဲ့ဘူးလို့ VOMရဲ့ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။
ဆားလင်းကြီးဒေသရှိ ဝမ်ပေါင်-ယန်စီ စီမံကိန်းဟာ စစ်ရေးအရ တိုက်ပွဲ‌တွေအမြဲဖြစ်ပွားရာ ဇုန်ဖြစ်‌ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့နဲ့ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ မကြာခဏထိတွေ့မှုတွေ အမြဲဖြစ်တဲ့နေရာဖြစ်တယ်လို့လည်းသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW