ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသ လုပ်ကြံခံရမှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိ

ဇူလိုင် ၁၃ – ၂၀၂၆
SN (VOM)
နိုင်ငံတော်အဆင့် အခါတော်ပေးနဲ့ ဗေဒင်နက္ခတ်ပညာရှင်အဖြစ် ထင်ရှားခဲ့တဲ့ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသ လုပ်ကြံခံရမှုမှ ကျူးလွန်သူ လေးယောက်ကို ဖမ်းဆီးရမိထားပြီဖြစ်ပြီး ကျန်ရှိနေတဲ့ တယောက်ကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က လုပ်ကြံခံရခြင်းဖြစ်ပြီး ရင်ခွဲ စစ်ဆေးချက်အရ ယာဘက်ရင်ညွန့်ကို ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းခံထားရတဲ့ ဒဏ်ရာကြောင့် အသည်းထုတ်ချင်းပေါက်ကာ ပျံလွန်တော်မူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အမှုဖြစ်ပြီး ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ တရားခံ ငါးယောက်မှာ လေးယောက် ဖမ်းမိတယ်။ မှော်ဘီမြို့နယ်က နှစ်ယောက်၊ ဧရာဝတီတိုင်းက နှစ်ယောက်။ စစ်ဆေးပေါ်ပေါက်ချက်အရ ကျူးလွန်သူ ငါးယောက် လို့ သိရတယ်။ ကျန်တဲ့တယောက်ကို ဖမ်းဆီနိုင်ဖို့လည်း လုပ်နေပါတယ်။ ကျုးလွန်သူ အကုန်လုံးက ကျပမ်း ပန်းရန်သမားတွေလို့ သိရတယ်” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ဆေးချက်အရ ကျူးလွန်သူတွေဟာ ကျောင်းတိုက်အတွင်းက သံချောင်းတွေကို ခိုးယူဖို့ ဝင်ရောက်ခဲ့ချိန် ဆရာတော် တပါးတည်း တရားထိုင်နေတာကို တွေ့ရှိပြီး လုယက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓားနဲ့ စထိုးချိန် ဆရာတော်က ”ပိုက်ဆံလိုပါက ယူကြပါ။ အသက်တော့ချမ်းသာပေးပါ” လို့ ပြောတဲ့အတွက် ဆက်မထိုးဘဲ ထားခဲ့ပြီး ပိုက်ဆံတွေကိုသာ ယူဆောင်သွားခဲ့ပေမယ့် အသည်းအထိ စိုက်ဝင်တဲ့ ဓားချက်ကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ချိန် ဆရာတော်ရဲ့ ခန္ဓာကိုယ်မှာ ရင်ညွန့် ထိုးသွင်းဒဏ်ရာအပြင် ယာဘက်ပေါင် ထိုးသွင်းဒဏ်ရာ တချက်၊ ယာလက်ဖျံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ယာဒူးခေါင်းအထက် ထိုးသွင်းဒဏ်ရာ သုံးချက်၊ ဝဲလက်သန်း ပြတ်ရှဒဏ်ရာ တချက် စတဲ့ ဒဏ်ရာတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါ ရှိနေပြီဖြစ်တယ်လို့ သိရပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှုမှန် ဖော်ထုတ်နိုင်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတွေက အသေးစိတ် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသဟာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်အပြင် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ဗေဒင်ယတြာ အခါတော်ပေးအဖြစ် ထင်ရှားခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသဟာ သက်ရှိထင်ရှား ရှိစဉ်က ဗေဒင်နက္ခတ်၊ ယဉ်ကျေးမှု၊ အတိတ်နိမိတ်နဲ့ အနုပညာဆိုင်ရာ စာပေတွေကို ရေးသားခဲ့ပြီး ထင်ရှားတဲ့ စာအုပ်တချို့ကတော့ မြန်မာ့ပန်းချီကျော် (၁၀၁) ဦး၊ မြတ်နိုးဖွယ်ရာ ပြည်မြန်မာ (ဆောင်းပါးပေါင်းချုပ်)၊ လောကီပညာနဲ့ ဗေဒင်နက္ခတ်ဆိုင်ရာ စာအုပ်တွေဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW