မုံရွာမှာ မိဘမဲ့ စစ်ဘေးရှောင် ကလေးငယ်တွေ ပရဟိတဂေဟာမှာခိုလှုံ

မုံရွာ ဇူလိုင်-၁၃-၂၀၂၆
MW(VOM )
စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေဟာ မုံရွာမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှခိုလှုံတဲ့ဦးရေ များလာတယ်လို့ ​ဂေဟာက​နေ သိရပါတယ်။
မုံရွာမြို့ သလ္လာရပ် ပေ၈၀လမ်းမှာရှိတဲ့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှာ ချင်းတွင်းမြစ်အနောက်ဖက်ဒေသတွေဖြစ်တဲ့ ယင်းမာပင်၊ ပုလဲဒေသက စစ်ဘေးရှောင် မိဘမဲ့ကလေးငယ်တွေ လာရောက်ခိုလှုံရင်း ပညာသင်နေကြတာဖြစ်ပါတယ်။
“ပရဟိတဂေဟာ စီမံအုပ်ချုပ်မှုကော်မတီအနေနဲ့ စည်းဝေးတိုင်ပင်ပြီး စစ်ဘေးရှောင်ဒေသကကလေးငယ်တွေကို မတ်လက စတင်လက်ခံခဲ့ရာမှာ လက်ရှိအချိန်မှာ ၅၇ဦးအထိ လက်ခံထားတာဖြစ်ပါတယ်။”လို့ ပရဟိတဂေဟာတာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ဘေးရှောင်ဒေသက အသက်၄နှစ်ကနေ ၁၄နှစ်အတွင်းရှိ မိဘနှစ်ပါးမဲ့၊ အဖမဲ့၊ အမိမဲ့ ကလေးငယ်ယောကျ်ားလေး ၅၄ဦးဟာ ဂေဟာလက်ကျန်၃ဦးနဲ့အတူ ပညာသင်ယူနေကြတာပါ။
ပရဟိတဂေဟာမှာ အရင်က ပအို့ဝ်၊ ပလောင်၊နာဂနဲ့ ဗမာ မိဘမဲ့ကလေး၉၀ နီးပါးကို ပြုစုစောင့်ရှောက်ထားရာက ကိုဗစ်၁၉ နောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် တိုင်းရင်းသားကလေးငယ်တွေဟာ နေရပ်ကိုပြန်သွားကြတာပါ။
ပရဟိတဂေဟာမှာ မူလတန်းကျောင်းသား ၁၇ဦး၊ အလယ်တန်းကျောင်းသား ၃၉ဦးနဲ့ အထက်တန်းကျောင်းသား ၁ဦး ဟာ သလ္လာရပ်ထဲက မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားနေကြတာဖြစ်ပါတယ်။
ပရဟိတဂေဟာကို ဆရာတော်ဦးဇနိတ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ) က ၁၉၅၇ ခုနှစ် နိုဝင်ဘာလ၂၉ရက်နေ့မှာစတင် တည်ထောင်ခဲ့တာဖြစ်ပြီး ၂နှစ်အကြာ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ၂၂ရက်နေ့မှာ လူမှုဝန်ထမ်းဦးစီးဌာနက တတိယအဆင့်ဂေဟာအဖြစ် အသိအမှတ်ပြုခဲ့တာပါ။

Related posts

Leave a Comment

VOM News

FREE
VIEW