ရေတိုက်စားမှုကြောင့် မင်းပြားမြို့နယ်က နေအိမ်၊ ဆိုင်ခန်း အလုံး ၃၀ ဝန်းကျင် ပျက်စီး

ဇူလိုင် ၁၃ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေးမြို့မြစ်ရေ တိုက်စားမှု၊ မြစ်ကမ်းပါး ပြိုကျမှုတွေကြောင့် နေအိမ်နဲ့ ဆိုင်ခန်း အလုံး ၃၀ ဝန်းကျင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂ ရွာထက်မနည်း ရေဝင်ရောက်နေတာဖြစ်ပြီး အဲဒီမြို့အတွင်းက ဦးစိုးတင့်ရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ လမ်းမတော်ရပ်ကွက်နဲ့ ရွှေပြည်စိုးရပ်ကွက်တွေမှာ နေအိမ်နဲ့ ဆိုင်ခန်းတွေ မြစ်ထဲကျပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“မြစ်ရေကလည်း တက်လာတယ်။ တောင်ကျချောင်းရေတွေကလည်း အရှိန်နဲ့ တဟုန်ထိုး ဆင်းလာတော့ ကမ်းနားတန်းက အိမ်တွေ၊ ဆိုင်တွေ ပျက်စီးကုန်တာ။ ကယ်ဆယ်ရေးအဖွဲ့တွေ အရေးပေါ် ရွှေ့ပြောင်းပေးရတယ်။ တချို့ကတော့ တဝက်တပျက် ကျန်နေတဲ့အိမ်မှာ ဆက်နေနေကြတယ်။ တချို့က အိမ်အလုံးလိုက် ပါသွားတော့ နေစရာမရှိကြတော့ဘူး။ ခုချိန် ရေပြန်ကျနေပြီဆိုပေမယ့် ရေဝင်ထားတဲ့ မြေသားအခြေအနေက စိတ်မချရသေးဘူး။ မြစ်ကမ်းနား နေတဲ့သူတွေ ရွှေ့ပြောင်းထားသင့်တယ်” လို့
မနေ့ ဇူလိုင် ၁၂ ရက်နေ့မှာတော့ မြောက်ဦးမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်က ရေကြီးရေလျှံမှု ဖြစ်ခဲ့တဲ့ မြို့နယ်တချို့ မှာ ရေပြန်ကျလာနေပြီ ဖြစ်ပေမယ့် ‌မြေသားတွေကတော့ နူးအိနေဆဲဖြစ်သလို မြစ်ရေတိုက်စားခဲ့တဲ့ အခြေအနေကြောင့် နေအိမ်တချို့ ယိုင်နဲ့နေတာတွေ ရှိနေပြီး စိတ်ချရတဲ့အခြေအနေမှာ မရှိသေးဘူးလို့ သူက ပြောပါတယ်။
“ကုလားတန်မြစ်ဝှမ်းနဲ့ လေးမြို့မြစ်ဝှမ်း ဒေသတွေဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနဲ့ ဒီရေအတက်အကျရှိတဲ့ ရသေ့တောင်၊ ဘူးသီးတောင်ဘက်မှာ မနေ့ (ဇူလိုင် ၁၂ ရက်) ကစပြီး မိုးအရှိန် လျော့သွားပြီ။ တဖြည်းဖြည်းချင်းတော့ ရေပြန်ကျနေပြီ။ ကျန်တဲ့မြို့တွေလည်း နောက်ပိုင်းရက်တွေမှာ တဖြည်းဖြည်းချင်း ရေပြန်ဆင်းသွားလောက်တယ်” လို့ ဒေသအခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တယောက်က ပြောပါတယ်။
ဒါပေမယ့်လည်း မြို့နယ် ရှစ်မြို့နယ်ထက်မနည်း ရေကြီးပြီး လူပေါင်း တသိန်းကျော်လောက် ရေဘေးသင့်ခဲ့တာကြောင့် ရေအားလုံး ကျဆင်းသွားပြီးနောက်ပိုင်း ပြန်လည် ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်မှာဖြစ်သလို လက်ရှိမှာလည်း ‌ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ အဝတ်အထည်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီ ရေကြီးမှုဖြစ်စဥ်မှာ သောက်သုံးရေကန်တွေ ရေလွှမ်းမိုးခံထားရတာတွေ ရှိတယ်။ အထူးသဖြင့် မင်းပြား၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက ကျေးရွာ ၅၀ ထက်မနည်းမှာရှိတဲ့ သောက်ရေကန်တွေ ရေဝင်ပြီး ပျက်စီးခဲ့တာရှိတယ်။ ရေအားလုံး ကျသွားပြီးရင်တော့ ဒီရေကန်တွေကို ပြန်ပြီး တူးဖော်ရမယ်၊ ဆယ်ယူတာတွေ လုပ်ရမယ်။ အဲဒီအတွက်ကိုလည်း အကူအညီတွေ လိုဦးမှာဖြစ်သလို လောလောဆယ်မှာလည်း သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့အတွက် အလှူရှင်တွေရဲ့ အကူအညီတွေ အများကြီး လိုအပ်နေပါသေးတယ်” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ် ရေကြီးမှုဖြစ်စဉ်အတွင်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ တောင်ကုတ်မြို့နယ်တွေမှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့သလို ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ တချို့မြို့နယ်တွေ ရေပြန်ကျနေပြီ ဖြစ်ပေမယ့် ရခိုင်ပြည်နယ်အတွင်းက ရမ်းဗြဲ၊ သံတွဲနဲ့ ဂွမြို့နယ်တွေ မနေ့ ဇူလိုင် ၁၂ ရက်ကစပြီး အနိမ့်ပိုင်း နေရာတချို့မှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပြီး ဒေသခံတွေကို ဘေးလွတ်ရာ အမြင့်ပိုင်းနေရာတွေဆီ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW