ဆူးငှက်
မလွှင့်ခဲ့သော ရုပ်သံအစီအစဉ်များ
—————————————-
ကျွန်တော်နှင့် မမခင်ဝင်း ရန်ကုန်သွားတိုင်း အင်းစိန်ရှိ ဆရာစိန်ခင်မောင်ရီတို့ အိမ်သို့ ရောက်ဖြစ်သည်။ ဆရာဇနီး အန်တီ ဒေါ်သန်းသန်းချက်ကျွေးသော ထမင်းကို အမြဲစားရသည်။ မှတ်မှတ်ရရ ၁၉၈၄ ခုနှစ် သြဂုတ်လ ၁၃ရက်နှင့် ၁၄ရက်နေ့များတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အစီအစဉ်ဖြင့် ကဗျာလွတ်ကကွက် ၁၂၅ ကွက် ကို ရန်ကုန်ပြည်လမ်း၊ မြန်မာ့ ရုပ်မြင်သံကြား၌ ရိုက်ကူးခဲ့သည်။ တစ်ဆက်တည်းပင် ဆရာစိန်ခင်မောင်ရီ၏ အစီအစဉ်ဖြင့် သြဘာသောင်း အလွမ်းပြေကိုလည်း ရိုက်ကူးခဲ့ရာ မမခင်ဝင်းက ရှေးရိုးတပင်တိုင်နှင့် ခေတ်ဆန်းတပင်တိုင်၊ သြဘာသောင်းတင်ဘွဲ့ တေးထပ်တို့ကို ရိုက်ကူးခဲ့သည်။
ထူးခြားသည်မှာ ထိုစဉ်က ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အစီအစဉ်ရော ဆရာစိန်ခင်မောင်ရီ၏ အစီအစဉ်မှ ခေတ်ဆန်း တပင်တိုင်မှလွှဲ၍ ကျန်အစီအစဉ်များ အားလုံးရော ယခုအချိန်ထိ မထုတ်လွှင့်ခဲ့ပေ။ မေးမြန်းသော်လည်း ဘာအကြောင်းပြချက်မှ မယ်မယ်ရရမရှိ။ အထူးသဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကပင် ရုံးစာထွက်ပြီး ခေါ်ယူရိုက်ကူးခဲ့သော အစီအဧဉ်များကိုပင် မထုတ်လွှင့်ခြင်းမှာ အတော်စော်ကားသည့် ကိစ္စဖြစ်သည်။ ဆရာစိန်ခင်မောင်ရီ၏ အစီအစဉ်တွင် အဆိုပိုင်း၌ ဆရာချစ်ဦးညို၊ စောင်းသိန်းဖေ၊ ဒေါ်သန်းသန်းတို့ပင် ပါဝင်ခဲ့သည်။
မန္တလေးကို အလည်လာကြမည်
—————————————–
ဤသို့ရင်းနှီးခဲ့သော ဆရာစိန်ခင်မောင်ရီနှင့် ဇနီးဒေါ်သန်းသန်းတို့က ၁၉၈၇ခုနှစ် နှစ်လယ်လောက်တွင် မန္တလေးသို့ လာကြမယ်တဲ့။ ကျွန်တော်က ဆရာတို့ဇနီးမောင်နှံကို အိမ်မှာပဲ တည်းဖို့ ဖိတ်ခေါ်ထား၏။ မမခင်ရီတို့ ဆောက်ထားသော ကျွန်တော်တို့ အိမ်က အတော်ကျယ်သည်။ ပေ ၄၀× ပေ ၆၀ မြေကွက်ထဲတွင် အိမ်ရှေ့မှာ ၁၅ပေခန့် ချန်ပြီး ဝင်းပြည့် ဆောက်ထားသည့် အာစီ ၂ထပ်တိုက်ဖြစ်သည်။ အိမ်အောက်ထပ်မှာ ဧည့်ခန်းနှင့် ခန်းပေါက် ကွပ်ပျစ်ကြီးရှိသည်။ အောက်ထပ်မှာ အဘနှင့် အမေပဲနေပြီး မီးခံတိုက် အခန်းတစ်ခန်း ပလွတ်ရှိသည်။ အပေါ်ထပ်မှာ နောက်ဖေး ၂ခန်းမှာသာ ကျွန်တော်တို့ မိသားစုနှင့် မမခင်မြမိသားစုနေသည်။ အပေါ်ထပ် မြောက်ဘက်ခြမ်းက ၂ခန်းတွဲကလွတ်နေသည်။ အရင်ကတော့ ကိုလှဘော်၏တူ ဒေါက်တာစောဝင်း၏ မိတ်ဆွေ ဆရာဝန်ဇနီးမောင်နှံ နေကြသော်လည်း အခု သူတို့က အိမ်ခန်းရလို့ ပြောင်းသွားကြပြီ။ ထို့ပြင် ထိုအခန်း အပြင်ဘက် ဘုရားစင်ရှေ့မှာလည်း ကြမ်းခင်း အလွတ်ကြီးဖြစ်သည်။ ဆိုပါစို့ အပေါ်ထပ်က ၃ခန်းပတ်လယ်က လွတ်နေသည်။
ဆရာစိန်ခင်မောင်ရီတို့ လာကြမည်ဟု အကြောင်းကြားသည့် ကာလမှာဘဲ နောက်ရက်ပိုင်း ဩဂုတ်လ ၁၀ရက်မှာ ဦးနေဝင်း၏ ရေဒီယိုမိန့်ခွန်းကို ထုတ်လွှင့်ခြင်း ဖြစ်သည်။ ထိုမိန့်ခွန်းကြောင့် ပြည်သူလူထုအတွင်း အတော်ဂယက်ရိုက်နေသည်။ မကြမီမှာပင် အစိုးရဌာနဆိုင်ရာများ အလုပ်သမားလယ်သမား အောက်ခြေ အစည်းအရုံးများ၊ ပါတီဝင်များအကြားတွင် မိန်ခွန်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲမှားကို ကျိတ်၍ ပြုလုပ်လာသည်။ ဦးနေဝင်း မိန့်ခွန်းမှာ တိုင်းပြည် ဘုန်းဘုန်းလဲကျနေသည့် အနေအထား၊ ပြည်သူလူထုက အစိုးရနှင့် ပါတီအပေါ် အယုံအကြည်မရှိတော့သည့် အနေအထားများနှင့်အတူ ပြည်သူလူထုက တစ်ပါတီစံနစ်ကို မလိုလားတော့ဘဲ ပါတီစုံစံနစ်သို့ သွားလိုကြပုံကို သိသာနေသည့် အနေအထားများကို သူကိုယ်တိုင် စိတ်ပျက်လက်ပျက် ပြောခဲ့ပြီပဲ။ ဘာထပ်ရှင်းလင်းစရာ လိုမလဲဟု ကျွန်တော် တွေးမိသည်။
ဥက္ကဋ္ဌကြီးကို စာနာပါ
————————–
သည်ကြားထဲ အလုပ်ရုံမှာ ပါတီယူနစ်က ပုဂ္ဂိုလ်တွေ အလာစိတ်ကြသည်။ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးစာတမ်းပါ အချက်အလက်နှင့် ရေဒီယိုမှ ပြန်လည်ဖြေရှင်းကာ”အချိန်အခါနှင့် လျော်ညီစွာ ပြောင်းသင့်တာကို ပြောင်းရပါမယ်” ဟု ဝန်ခံခဲ့သော ဦးနေဝင်းအပေါ် မကျေမနပ် ပြောသူလည်း ရှိသည်။ ပါတီတွင်း ထိပ်ပိုင်းက အကွဲအပြဲလားဟု သုံးသပ်သူ သုံးသပ်သည်။ သူတို့ အလာစိတ်လေ၊ ကျွန်တော်က အနေရခက်လေ ဖြစ်နေ၏။ သူတို့ပေးထားသော ပါတီဝင်လျှောက်လွှာကို ကျွန်တော်က ကိုင်၍ပင် မကြည့်ရသေ။ ရုံးစာပွဲ အံဆွဲထဲမှာ သည်အတိုင်း ရှိနေသည်။ သူတို့လည်း သူတို့အပူနှင့်မို့ မပြောသေးသော်လည်း ကျွန်တော့်ဘက်က တုံ့ပြန်မှု မရသေးတာကို မကျေနပ်သည့် အမူအရာပြတာ သေချာသည်။ သည်လိုနှင့် အလုပ်ရုံမှာလည်း ဦးနေဝင်းမိန့်ခွန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ကျင်းပသည်။ အလုပ်သိမ်းချိန် ညနေစောင်းမှာပဲ လုပ်သားများကို အလုပ်ရုံတွင်းမှာ စုဝေးကာ မြို့နယ်ပါတွယူနစ်မှ ရှင်းလင်းသည်။ ရှည်ရှည်ဝေးဝေး မဟုတ်၊ တိုတိုတုတ်တုတ်တုတ်ပါပဲ။
ရှင်းလင်းချက်ကို ချုပ်ရသော် ဦးနေဝင်းသည် ငယ်စဉ်ကတည်း တိုင်းပြည်အကျိုး ရှေ့ရှုပြီး ရဲဘော်၃ကျိပ်ဝင်ခဲ့သည်။ ကိုယ်ကျိုးစွန့် အသက်စွန့်ကာ တပ်မတော်တွင် အမှုထမ်းခဲ့သည်။ တိုင်းပြည်တွင် အရေးပေါ်လိုအပ်သည့် နေရာတွင် တာဝန်ပေးသည်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ တိုင်းပြည်ချောက်ထဲ ကျမည့်အချိန် ကာကွယ်ကယ်တင်ကာ ဆိုရှ.်လစ်လူ့ဘောင်ကို ထူထောင်ခဲ့သည်။ ယခုအခါသူ့ အသက်အရွယ်မှာ ကြီးရင့်ကာ အနားယူရမည့် အချိန်ကာလရောက်သော်လည်း အနားမယူနိုင်သေးဘဲ တိုင်းပြည်အတွက် အရွယ်နှင့်မမျှ ကြိုးပမ်း လုပ်ကိုင ်နေဆဲဖြစ်သည်။ ထို့ကြောင့် ဦးနေဝင်းက နိုင်ငံရေး ဆက်လက် လုပ်ကိုင်နေသည်ကို နားလည်စွာ ဂုဏ်ယူကြရမည် ဟူသော အချက်များပဲဖြစ်သည်။ တိုင်းပြည်ကတော့ အပေါ်မှသည် အောက်ထီ လိမ်ညာနေကြပါပကော၊ သူတို့ မျက်စေ့ စုံမှိတ်၍ သည်ချောက်ထဲ ဆင်းကြလိမ့်ဦးမည်။ တကယ့် ပကတိအခြေအနေကို စုံမှိတ်ငြင်းဆန် နေကြပါပကော။
ထွက်တော်မူ နန်းကခွာထ
————————–
ကျွန်တော် သြဂုတ်လကုန်လုတာနှင့် အစ်ကိုလို ဦးလေးလို ဖြစ်နေသော အလုပ်ရုံ အတွင်းရေးမှူးက တဆင့် အလုပ်က အပြီးတိုင် နှုတ်ထွက်ခွင့် ပြုပါရန် စာတင်လိုက်တော့သည်။ ဦးလေးအပါအဝင် အလုပ်အမှုဆောင်အဖွဲ့ကလည်း ကျွန်တော့်ကို သဘောပေါက်သည်။ ထို့ကြောင့် နှုတ်ထွက်စာကို ချက်ချင်း လက်ခံလိုက်၏။ သည်လိုနှင့် ဘာမှ မဖြည့်ထားသော ပါတီဝင်လျှောက်လွှာ အလွတ် ထည့်ထားသည့် အံဆွဲပါ ၇နှစ်ထိုင်ခဲ့သည့် အလုပ်စာပွဲကို ကျွန်တော် စွန့်ခွာခဲ့တော့သည်။ အလုပ်ထွက်ခဲ့ကြောင်း အိမ်ရောက်မှ အဘနှင့် အမေကို အသိပေးသည်။ ထုံးစံအတိုင်း အဘက မင်းသဘောပဲလေ ဟုလောက်သာ တုံ့ပြန်၏။ ခင်သော်ဇင်က ၂နှစ်အရွယ် သားကိုပွေ့ရင်း မျက်ရည်လည် နေသည်။ လစဉ် ငွေကျပ် ၄၀၀ နီးပါးရခဲ့သည့် အလုပ်က မရှိတော့။ အလုပ်အကိုင်ရှားပါးလှသော ခေတ်ကာလမှာ တစ်လ ငွေကျပ် ၄၀၀နီးပါး လစာက မက်လောက်စရာ ဖြစ်သည်။ ထို့ပြင် လုပ်ငန်းတာဝန် အနေနှင့်ကလည်း ခက်ခက်ခဲခဲမရှိ။ သို့သော် မတတ်နိုင်။ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်။ စာအုပ်ဆိုင်က ဝင်ငွေလေးနဲ့ ချိုးခြံစားကြရုံပေါ့။
မောင် အရင်လိုမဟုတ်တော့ဘူး
———————————–
တကယ်တော့ ဆရာစိန်ခင်မောင်ရီတို့ မန္တလေးလာမည် ဆိုသည်က ရန်ကုန်က ဗီဒီယိုရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့နှင့် အတူ လိုက်ပါလာခြင်းဖြစ်သည်။ ထိုစဉ်ကာလ ဗီဒီယိုဇာတ်ကားသစ်တွေ အများအပြားရိုက်ကူးကြသည့် ကာလဖြစ်သည်။ မင်းသားသစ် မင်းသမီးသစ်တွေလည်း အများအပြား ထွက်လာသည်။ ယခု မန္တလေးလာရိုက်မည့် ဗီဒီယိုကားက မန္တလေးဇာတ်အိမ် အဓိကဖြစ်သည်။ ဝတ္ထုဇာတ်ညွှန်းက စာရေးဆရာ ကာတွန်းဆရာ ကံချွန်ဖြစ်သည်။ ဒါရိုက်တာက ဦးခင်ဇော်၊ တွဲဖက်ဒါရိုက်တာက မောင်နေမျိုး ဖြစ်ပြီး မင်းသားက သုမောင် နှင့် မင်းသားသစ်တစ်လက် ဖြစ်ကာ မင်းသမီးက ချစ်ချစ်ဇော်နှင့် ချယ်ရီသင်းတဲ့။ ဇာတ်ကား နံမည်က မောင်အရင်လို မဟုတ်တော့ဘူး တဲ့။ ဇာတ်ကား ထုတ်လုပ်သူက မင်းသားသစ်လေး ဖြစ်၏။ သူက ပဲခူးက ဖြစ်သည်။ မန္တလေးဇာတ်အိမ်နောက်ခံတွင် တောင်ပြုန်းပွဲလည်း ပါသောကြောင့် တောင်ပြုန်းပွဲကျင်းပသည့် ဝါခေါင်လဆန်းနှင့် ချိန်၍ ရိုက်ကူးကြ၏။
ထုတ်လုပ်သူ မင်းသားလေးက သူ့ရိုက်ကွင်းသို့ ဆရာစိန်ခင်မောင်ရီကို လိုက်ပါကြည့်ရှု အကြံဉာဏ်ပေး စေချင်သည်။ ထို့ကြောင့် ဆရာတို့ဇနီးမောင်နှံကို မန္တလေးသို့ ခေါ်ဆောင်ခဲ့သည်။ ရိုက်ကူးရေးအဖွဲ့တွင် ဒါရိုက်တာ မင်းသား မင်းသမီးနှင့် သရုပ်ဆောင်များက လမ်း၃၀ ဗထူးကွင်းတောင်ဘက်ရှိ ဆောက်လုပ်ရေး တည်းခိုရိပ်သာမှာ တည်းကြမည်။ စက်အဖွဲ့က ထုံးစံအတိုင်း မန္တလေးတောင်ခြေ ဘုန်းကြီးကျောင်းပေါ့။ ထိုသို့ စီစဉ်ထားရာ ဆရာစိန်ခင်မောင်ရီတို့ ဇနီးမောင်နှံက ကျွန်တော့်အိမ်မှာပဲ တည်းမည်ဟု စီစဉ်ထားသည်။
ထိုအစီအစဉ်က လချီ၍ ကြိုတင်ပြင်ဆင်ထား သောကြောင့် ကျွန်တော့် စာအုပ်ဆိုင်မှာလည်း လချီ၍ ဗီဒီယိုကား ကြော်ငြာ ပိုစတာက ချတ်ဆွဲထားလို့ စာအုပ်ဆိုင် လာသူတိုင်း ထိုဗီဒီယိုကား ဘယ်တော့ရိုက်မလဲဆိုတာ စိတ်ဝင်စားနေကြသည်။ သည်တော့ ဖြေရသည်ပေါ့။ တောင်ပြုန်းပွဲရောက်ရင် လာရိုက်ကြမှာဟုဆိုတော့ အားလုံးက မျှော်နေကြသည်။ သည်လိုနှင့် ဝါခေါင်လဆန်းမှာပဲ တစ်ဖွဲ့လုံး မန္တလေးသို့ တက်လာကြ၏။ ကြိုတင်ရောက်နှင့်နေသော အဖွဲ့က ဘူတာရထားဆိုက် ချိန်တွင် ဗီဒီယိုကား ကြော်ငြာပိုစတာ ချိတ်ဆွဲထားသည့် ကား၂စီးနှင့် ကြိုကြတော့ ပရိသတ်က စိတ်ဝင်စားကြပြီ။
ဗီဒီယိုဇာတ်ကား ရိုက်တော့မှာတဲ့
————————————
ရထားကဆင်းသည်နှင့် ဘူတာနှင့် အနီးဆုံး ၇၆လမ်းနှင့် ၂၇လမ်း ၂၈လမ်းကြားရှိ ကျွန်တော့်အိမ်သို့ ဆရာစိန်ခင်မောင်ရီတို့ ဇနီးမောင်နှံကို ကြော်ငြာကားနှင့် အရင်ပို့သည်။ အိမ်ရောက်တော့ အိမ်အကျယ်အဝန်းနှင့် အနေအထားကို ဆရာစိန်ခင်မောင်ရီသာမက ဒါရိုက်တာနှင့် အဖွဲ့ကလည်း သဘောကျနေကြ၏။ ဤသို့ဖြင့် ဆရာစိန်ခင်မောင်ရီတို့ ဇနီးမောင်နှံကို အိမ်အောက်ထပ်က မီးခံတိုက် အခန်းတွင် နေရာချထားပေးပြီး ကျန်အဖွဲ့က ကြော်ငြာကား ၂စင်းနှင့် ဆောက်လုပ်ရေး တည်းခိုရိပ်သာသို့ ခရီးဆက်ကြသည်။
ထိုကြော်ငြာကား၂စီး အိမ်သို့ ဝင်လာကတည်းက အရပ်ထဲမှာလည်း သတင်းပြန့်နေပြီ။ ရုပ်ရှင်အဖွဲ့ လာပြီတဲ့။ မကြာပါ နာရီဝက်လောက်နေတော့ ထိုကြော်ငြာကား၂စီးက အိမ်သို့ ပြန်ရောက်လာကြ၏။ ဆောက်လုပ်ရေး တည်းခိုရိပ်သာက ဒါရိုက်တာ မိသားစု၊ လက်ထောက်ဒါရိုက်တာနှင့် မင်းသားသစ်နှင့် မင်းသမီးပဲ နေနိုင်သည်။ ကျန်အဖွဲ့ အဆင်မပြေတဲ့။ သည်တော့ ကျွန်တော်က အိမ်အပေါ်ထပ်က အခန်းရှည်ကြီးမှာ မင်းသားသုမောင် နှင့် အခန်းအပြင်က ဘုရားခန်းမှာ စက်အဖွဲ့နှင့် ဇာတ်ရံ အမျိုးသားများကို နေရာချပေးလိုက်သည်။ ထိုအခါ ဗီဒီယို တစ်ဖွဲ့လုံး နီးနီးနားနား ၂နေရာမှာပဲ တည်းကြရလို့ အဆင်ပြေသွားသည်။
ချယ်ရီကို ချစ်သော ပရိသတ်
——————————–
ရိုက်ကူးရေးမစမီ ကြိုတင်ပြင်ဆင်ညှိနှိုင်း ာကတာက ကျွန်တော့်အိမ်ဖြစ်သည်။ ထို့ကြောင့် မနက်တစ်ကြိမ် ညနေတစ်ကြိမ် အိမ်မှာ ဒါရိုက်တာ မင်းသား မင်းသမီးအစုံအလင်နှင့် ပရိသတ်ကလည်း အပြည့်ဖြစ်၏။ ဒါရိုက်တာ ဦးခငိဇော် က သမီးမင်းသမီး ချစ်ချစ်ဇော်လည်း
ဗီဒီယိုကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်တော့ ဇနီးရော သမီးငယ် လင်းဇာနည်ဇော်ရော ပါလာသည်။ လင်းဇာနည်ဇော်က မင်းသမီးမဖြစ်သေး၊ ၈တန်းကျောင်းသူတဲ့။ ဒါပေမယ့် လင်းဇာနည်ဇော်က အပျိုဖော်ဝင်စ နက်မှောင်ကျော့ရှင်း ဆံပင်ရှည်ကြီးနှင့် လှပ ကျက်သရေရှိလှသည်။ ကျန်အဖွဲ့က အိမ်အောက် ဝည့်ခန်းမှာ ထိုင်ပြီး စကားပြောနေကြချိန် လင်းဇာနည်ဇော်က ကျွန်တော့် တူမ မြမြဝင်းနှင့် အိမ်အပေါ်ထပ် ဝရံတာမှာ ထွက်ရပ်ပြီး စကားပြောနေကြလျှင် အိမ်ရှေ့မှာ ပရိသတ်တရုန်းရုန်း။
ထိုအချိန်တူမ မြမြဝင်းကလည်း ဂတန်းကျောင်းသူ၊ သူကလည်း အတော်ချောသည်။ ထိုသို့ ညပိုင်း အိမ်မှာ စကားပြောကြလျှင် ချစ်ချစ်ဇော်နှင့် ချယ်ရီသင်းက စာအုပ်ဆိုင် ကောင်တာမှာ ဝင်ထိုင်ပြီး ကူကြသည်။ စာအုပ်ငှား ကာလသားများက မပြန်တော့။ ချယ်ရီမဂ္ဂဇင်းကိုပဲ တွင်တွင်မေးနေကြတော့သည်။ ကျွန်တော်တို့က ချယ်ရီကို သိပ်ကြိုက်တာ၊ ဒီည ချယ်ရီရမှ ဖြစ်မှာ၊ ချယ်ရီကို အသည်းစွဲပဲ ဟူသော စကားတွေကို အလုအယက်ပြောကြသည်။ ရွှေမန်းသဘင်က မင်းသမီးချယ်ရီသင်းက ရုပ်ရေရော ကိုယ်လုံးကိုယ်ပေါက်ရော အတော်လှတော့ ဗီဒီယိုဇာတ်ကား တွေမှာလည်း သူက နေရာရနေသည်။
သုမောင် နှင့် မယ်တို့မြေ
—————————–
အိမ်မှာ တည်းသော မင်းသားသုမောင်ကတော့ မနက်လင်းလို့ မျက်နှာသစ်ရန် အိမ်အောက် ဆင်းလာတိုင်း မျက်နှာသုတ်ပုဝါ လည်မှာသိုင်းရင်း ဧည့်ခန်းမှာ ဆေးလိပ်ဖွာသည်။ ထို့နောက် အနားကခုံမှာ တင်ထားသော ကျွန်တော့ အုံးလီးကက်ဆက်လေးနှင့် အနားမှာ အမြဲဖွင့်သည့် ကက်ဆက်တခွေကို ဖွင့်ကာ သီချင်းတစ်ပုဒ်ကိုပဲ အပြန်ပြန်အလှန်လှန် ကြော့ဖွင့်ရင်း သီချင်းကို လိုက်မှတ် လိုက်ဆိုသည်။ ထိုကက်ဆက်ခွေက မြို့မဧည့်ခံတေး အမှတ်၂ ဖြစ်ပြီး သူအပြန်ပြန်ဖွင့် နားထောင်သည့်သီချင်းက ဆရာမြို့မငြိမ်းရေးသားပြီး မာမာအေး သီဆိုသည့် မယ်တို့မြေ သီချင်း ဖြစ်သည်။ သူက ဒီသီချင်းကို အခုမှကြားဖူးတာတဲ့။ သိပ်ကြိုက်တာတဲ့။ သူက သီချင်းကို အပြနါပြန်နားထောင်ပြီး နောက်ဖေးဝင်တော့ ဖြတ်သွားရသည့် မီးဖိုတဲမှာ ဟင်းချက်နေသည့် အဘကို တရိုတသေ နှုတ်ဆက် စကားဝင်ပြောသည်။ အဘကလည်း သူ့ကို အားမနာဖို့ လိုတာပြောဖို့ စကားပြန်၏။ တကယ်တော့ သုမောင်ရော အဘရော နားလေးကြလို့ တစ်ယောက်နှင့် တစ်ယောက် ဘာပြောမှန်းမသိကြ။ ထင်ကြေးနှင့် ပြန်လှန်ပြောနေကြခြင်း ဖြစ်သည်။
ဗီဒီယိုကားကို တောင်ပြုန်းပွဲ ချိုးရေတော်သုံးသည့်နေ့မှာ စရိုက်သည်။ ဆုတောင်းပြည့်ဘုရားမှာရော နတ်နန်းမှာရော တိုးမပေါက်သည့် အချိန်ရိုက်ရတော့ အဆင်မပြေ၊ မင်းသမီး၏ မိတ်ကပ်ဆရာမာမီနှင့် မင်းသမီးဘေး ဇွတ်တိုးဝှေ့နေသည့် အမူးသမားတစ်ယောက်တို့ ခိုက်ရန်ဖြစ်ပြီး ရိုက်ကွင်း ဖျက်လိုက်ရသည်။ နောက်ရက်တွေ စစ်ကိုင်းတောင်မှာလည်း ရိုက်သည်။ တောင်သမန်အင်းနှင့် ဦးပိန်တံတားမှာလည်း ရိုက်သည်။ ဈျေးချိုမှာလည်းရိုက်သည်။ ရန်ကင်းတောင်မှာလည်း ရိုက်သည်။ ရိုက်ကွင်းတိုင်းသို့ ကျွန်တော်လိုက်ရသည်။ ကျွန်တော်က ထိုဗီဒီယိုဇာတ်ကား၏ စတေ ဓာတ်ပုံဆရာပေါ့။ ရုပ်သေဓာတ်ပုံ – ကျော်ဆန်း(အောင်ရတနာ) ပေါ့။ သည်တော့ အလုပ်ရုံက အလုပ်ထွက်ပြီးတာနှင့် ဗီဒီယို ဇာတ်ကား စတေဓာတ်ပုံဆရာဆိုတော့ ဣန္ဒြေ မပျက်လှဟု ဆိုရမည်။ ထိုသို့ လိုက်ပါရိုက်ကူးရစဉ် အမှတ်တရ တစ်ခု ရှိခဲ့သည်။ ဇာတ်ဝင်ခန်း တစ်ခန်းမှာပေါ့။
ကျွန်တော့် အိမ်က ဇာတ်ဝင်ခန်း
———————————–
ထိုဇာတ်ဝင်ခန်းက ကျွန်တော့်အိမ်မှာ ဖြစ်သည်။ အိမ်မှာရိုက်ကွင်းဆင်မှာမို့ မရိုက်မီ ရှုတင်မန်နေဂျာနှင့် တွဲဖက်ဒါရိုက်တာက ကြိုတင်ကာ ရိုက်ကွင်းကို ပြင်ဆင်သည်။ ဇာတ်ဝင်ခန်းက မင်းသမီး၏ အိမ်ကို မင်းသားနှင့် သူငယ်ချင်းက လာလည်သည့် အခန်းဖြစ်၏။ မန္တလေးသူ မင်းသမီး၏ အိမ်သို့ တောင်ပြုန်းပွဲလာရင်း ရင်းနှီးသည့် တစ်နယ်သား မင်းသားက လာလည်မည်။ မင်းသားက သူ့သူငယ်ချင်း မြို့ခံနှင့် အတူ ကျုံးဘေးတစ်လျှောက် စက်ဘီးစီးရင်း ကျုံးဘေးနှင့် အနီးက မင်းသမီးအိမ်သို့ လာမည်။ မင်းသမီးအိမ်ရောက်တော့ ဧည့်ခန်းက ထိုင်စောင့်၊ မင်းသမီးက တိုက်အပေါ်ထပ်မှ လှေကားအတိုင်းဆင်းလာ၊ မထင်မှတ်သော ဧည့်သည်မို့ အံ့အားသင့်၊ ဧည့်ခန်းထိုင် စကားပြောသည့် အခန်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော့်အိမ် ဧည့်ခန်းက ဆက်တီတွေမှာ အစွပ်အသစ်တွေလဲ၊ ပန်းအိုးတွေချ၊ ပြတင်းပေါက် လိုက်ကာတွေ လဲ၊ ဆက်တီစာပွဲအောက်က တိုလီမုတ်စတွေ ရှင်း စသည်ဖြင့် တွဲဖက် ဒါရိုက်တာ၏ ညွှန်ကြားချက်အတိုင်း ဆက်တင်မန်နေဂျာက ဆောင်ရွက်သည်။ ထိုစဉ်က ကျွန်တော့်အိမ်မှာ မန္တလေး တက္ကသိုလ်တွင် အဆောင်နေ ကျောင်းတက်ကြသည့် တူမ၂ယောက်၏ ဖီးဆင့် စက်ဘီးက ၂စီး၊ ကျွန်တော်စီးနေကျ ညွန့်ပေါင်း မြင်းခြံဘောင်နှင့် မိန်းမစီး စက်ဘီးက ၁စီးနှင့် ကိုလှဘော် မန္တလေးလာလျှင် စီးသည့် ဟန်းဘားယောက်ျားစီး စက်ဘီးကြီးတစ်စီး ပုံစံစုံ စက်ဘီး၄စီးရှိသည်။ ထိုစက်ဘီးများကို အပေါ်ထပ်မှ ဆင်းလာသည့် လှေကား၏ တစ်ဆစ်ချိုးအောက် လွတ်နေသည့် နေရာမှာ ၄စီးယှဉ်၍ ထောင်ထားသည်။ ထိုစက်ဘီး ၄စီးက ရိုက်ကွင်းမှာ ပါနေသောကြောင့် တွဲဖက်ဒါရိုက်တာက အပြင်ထုတ်ခိုင်းနေ၏။
စက်ဘီးများနှင့် မန္တလေးအိမ်
———————————
ထိုသို့ ပြင်ဆင်နေသည်ကို ကျွန်တော်နှင့် ဆရာစိန်ခင်မောင်ရီက အိမ်ရှေ့မှာ ရပ်ရင်း စကားပြောနေကြရာက မြင်နေရသည်။ စက်ဘီးတွေရှင်းနေတော့ ဆရာက ကျွန်တော့်နား တိုးတိုးကပ်ပြောသည်။ “မောင်ကျော်ဆန်းရေ..၊ အဲ့ဒါသာ ကြည့်တော့ကွ၊ ဒို့က ရေးပြန်ရင်လည်း ဒို့အဆိုးလို့ ပြောကြဦးမှာ၊ မြန်မာဒါရိုက်တာများ အဲ့လောက်ညံ့ကြတာ။ ကြည့်လေ၊ ဇာတ်အိမ်တည်တာ မန္တလေး၊ အခုရိုက်ကွင်းက မန္တလေးက မင်းသမီးအိမ် ရိုက်ကွင်း၊ မန္တလေးက အိမ်တွေဆိုတာ တစ်အိမ်မှာ မရှိဘူးဆိုရင် စက်ဘီးက ၂စီးတော့ရှိကြတာချည်းပဲကွ၊ တဲနဲ့နေသူမှာလည်း စက်ဘီးရှိတာပဲ။ တိုက်နဲ့ နေသူမှာလည်း စက်ဘီးရှိတာပဲ။ စက်ဘီးတွေရှိမှ မန္တလေးအိမ်ပီပြင်မှာပေါ့ကွ။
အခု မင်းအိမ်က လှေကား အောက်မှာ ထောင်ထားတဲ့ စက်ဘီး၄စီးက ဒီအိမ်မှာ ကျောင်းသူ အပျိုလေးတွေ လည်းနေတယ်။ အဒေါ်အရွယ်လည်း နေတယ်။ အဖေလို ဦးလေးလို ယောက်ျားသားလည်း အတူနေတယ်ဆိုတာ ပြောစရာမလိုအောင် သရုပ်ပီတာ၊ ဇာတ်ဝင်ခန်းနဲ့လည်း ကွက်တိ။ ဒီစက်ဘီးတွေ မရှိတောင် သေချာ ရှာထည့်ရမှာ။ အခုတော့ကွာ အသင့်ရှိနေတာတောင် နားမလည်တော့ ရှင်းပစ်နေတာကွ။ ညံ့လိုက်ကြတာ..” ဟု ဆရာစိန်ခင်မောင်ရီက ရှင်းပြသည်။ ထိုစဉ်ကာလ ဆရာစိန်ခင်မောင်ရီက သောင်းပြောင်းထွေလာ မဂ္ဂဇင်းတွင် ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ဟူသော ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးများကို ပယ်ပယ်နယ်နယ်ရေးနေချိန် ဖြစ်သည်။ ဆရာ့ဆောင်းပါးများ လက်စောင်းထက် လိုက်ပုံမှာ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်လိုက်သဖြင့် ထုတ်လုပ်သူက လူမိုက်ငှား၍ ရိုက်မယ်နှက်မယ်အထိ ချိမ်းခြောက်သည် အထိ ဖြစ်သည်။
ဆူးငှက်
