အဆိုတော် တသသကို ပြန်လည် ဖမ်းဆီးထားပြီး အမှုဟောင်းနဲ့ပဲ ဆက်လက် အရေးယူမယ်

ဇူလိုင် ၁၃ – ၂၀၂၆
SS (VOM)
မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း အချုပ်ခန်းမှ လွတ်မြောက်ခဲ့တဲ့ အဆိုတော် တသသကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည် ဖမ်းဆီးထားပြီး အမှုဟောင်းနဲ့သာ ဥပဒေအတိုင်း ဆက်လက် အရေးယူမှာဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဆိုတော် တသသကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က သူမ လက်ရှိနေထိုင်ရာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“သူက သူပြန်အဖမ်းခံရမှာ သိတယ်လို့ ပြောတယ်။ ဖမ်းတော့လည်း အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်နဲ့ပဲ အဖမ်းခံပါတယ်။ သူက အမှုဟောင်းဖြစ်တဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ပြဏ်ဒဏ်ကျခံဖို့ ကျန်ရှိနေသေးတဲ့အတွက် အဲဒီအမှုအတိုင်းပဲ ဥပဒေအတိုင်း ဆောင်ရွက်ရမှာပါ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
အဆိုတော် တသသဟာ စဉ့်ကူးမြို့နယ်တရားရုံးရဲ့ တရားစီရင်မှုတခုနဲ့ ပတ်သက်ပြီး တရားရုံးရှေ့နေ တယောက်ကို လူမှုကွန်ရက် စာမျက်နှာကတဆင့် Live လွှင့် ဝေဖန်ခဲ့တာကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခြင်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန် ၁၁ ရက်နေ့က အမှုခေါင်းစဉ်ပြောင်းပြီး တရားရင်ဆိုင်နေရတဲ့ ရုံးချိန်းရှိတာကြောင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို သွားခဲ့ပြီး ရုံးချိန်းအပြီးမှာ စဉ့်ကူးအချုပ်မှာ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။
အဲဒီ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေဟာ စဉ့်ကူးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ချိန် အချုပ်ခန်းကနေ လွတ်မြောက်လာတာဖြစ်ပြီး အဲဒီလို လွတ်မြောက်လာစဉ်ကတည်းက သူမအနေနဲ့ ထောင်ဖောက်ထွက်ပြေးခြင်း မဟုတ်ဘဲ အသက်ဘေးကြောင့်သာ ထွက်ခဲ့ရခြင်းဖြစ်ကာ ဖမ်းချင်ပါက အချိန်မရွေး လာဖမ်းနိုင်တယ်လို့ လူမှုကွန်ရက် စာမျက်နှာတဆင့် အသိပေးခဲ့ဖူးပါတယ်။
ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေ တနှစ်နဲ့ ငါးလကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ စဉ့်ကူးမြို့ကို အစိုးရတပ်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – တသသ (FB) (စဉ့်ကူးမြို့ရဲစခန်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့စဉ်)

Related posts

Leave a Comment

VOM News

FREE
VIEW