မန္တလေး၊ ဇူလိုင်- ၁၃- ၂၀၂၆
Voice Of Myanmar
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဥပဒေပုဒ်မ ၃၀၄-က နဲ့ အောင်မြေသာစံမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာကနေ အောင်မြေသာစံခရိုင်တရားရုံးကို ပြင်ဆင်မှုနဲ့ အယူခံတက်တာမှာ ဇူလိုင် ၁၀ရက်နေ့က ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်တိုးပြီး ချမှတ်ခဲ့လို့ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။
” မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရဲ့ ညွှန်ကြားချက်အရ အောင်မြေသာစံမြို့နယ်တရားရုံးနဲ့ ရာဇဝတ်ကြီးအမှု အမှတ် ၅၅/၂၀၂၆ ကို ပြန်လည်စိစစ်နိုင်ဖို့အတွက် အောင်မြေသာစံခရိုင်တရားရုံမှာ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉ (က )၂၀၂၆ ကို ၂၉ ရက် ၆ လ ၂၀၂၆ ရက်နေ့က ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်၊ အလားတူပဲ အထူးစုံးစမ်းစစ်ဆေးရေးဌာနကနေ ပြင်တင်မှုတက်ရောက်ပေးပါရန် အောင်မြေသာစံခရိုင်ဥပဒေရုံးကို လျှောက်ထားတာကြောင့် ၂၀၂၆ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၄၂ ကိုလည်း လက်ခံဆောင်ရွက်ခဲ့ပါတယ်၊ အလားတူ ထောင်မှာ တရားခံဖြစ်တဲ့ နိုင်လင်းထွန်းကနေပြီးတော့မှ အယူခံမှုတက်လာတယ်၊ အဲ့ဒါကနေ အောင်မြေသာစံခရိုင်တရားရုံးက ရာဇဝတ်အယူခံမှုအမှတ် ၂၂ / ၂၀၂၆ ကို လက်ခံဆောင်ရွက်ခဲ့ပါတယ်၊ ပြင်ဆင်မှု ၂ ခုဖြစ်တဲ့ ၃၉ က နဲ့ ၂၀၂၆ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၄၂ ကို ခွင့်ပြုပြီးတော့မှ မူလမြို့နယ်တရားရုံးက တရားခံနိုင်ထွန်းလင်းအပေါ်မှာ ၃၀၄- က အရ စွဲဆိုထးမှုအပေါ် ပြစ်ဒဏ်ချမှတ်တဲ့ အလုပ် နဲ့ ထောင်ဒဏ် ၅ နှစ် အစား အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်ကျခံစေဖို့ ပြင်ဆင်အမိန့်ချမှတ်ခဲ့ပါတယ်၊ မူလရုံးအမိန့်အပေါ် တရားခံကတက်ရောက်လာတဲ့ ရာဇဝတ် အယူခံမှုကိုတော့ ပလပ်ခဲ့ပါတယ် ” လို့ အောင်မြေသာစံခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ဖမ်းဆီးပြီးနောက် အာမခံပေးထားရာကနေ ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ဇွန်လ ၂၃ ရက်နေ့က ဥပဒေပုဒ်မ ၃၀၄-က နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။
ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ်က အမှတ် ၁ နယ် မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုနဲ့ အမှုဖွင့်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ လ ၁၀ ရက်နေ့က ဖမ်းဆီးအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်အထိ ငါးလအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၇ လောင်း တွေ့ရှိထားကာ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဦးစီးအရာရှိတဦးက တရား စွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ အာမခံနဲ့ အပြင်ကနေ အမှုကိုရင်ဆိုင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ အာမခံရုပ်သိမ်းခံခဲ့ရတယ်လို့သိရပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ မဆင်မခြင် ဒါမှမ ဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေဆုံးစေခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိနဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။သေဆုံးနိုင်တယ်ဆိုတာ သိရှိလျက် လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ကွန်ဒိုအတွင်းမှာ လူ ၄၀၀ ကျော် နေထိုင်ခဲ့တယ်လို့ သိရပြီး Sky Villa ပြိုကျမှုဟာ မန္တလေးမှာ ငလျင်အတွင်း လူအသေအပျောက်အများဆုံး အဆောက်အအုံ ပြိုကျမှုတွေထဲက တခု ဖြစ်ခဲ့ပါတယ်။
ငလျင်အပြီး NTL Construction Company က သေဆုံးသူတဦးစီရဲ့ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုတွေကို ကျပ်သိန်း ၁၀၀ စီ နစ်နာကြေးပေးခဲ့ပြီး ပထမအသုတ်မှာ သေဆုံးသူ ၇၂ ဦးရဲ့ မိသားစုတွေကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအသုတ်အဖြစ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ သေဆုံးသူ ၇၆ ဦးရဲ့ မိသားစုတွေကို ဆက်လက်ပေးအပ်ခဲ့ပါတယ်။
ငလျင်အတွင်းမှာ NTL Construction Company ကဆောက်လုပ်တဲ့ Sky Villa ကွန်ဒိုအပြင် ၂၂ လမ်း နဲ့ ၂၁ လမ်း လမ်း ၈၀ နဲ့ ၈၁ လမ်းမှာရှိတဲ့ အင်ကြင်းကွန်ဒိုလည်း ပြိုကျခဲ့ပြီး လူ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
