ဒီ​နေ့တရက်တည်းတင် ရန်ကုန်မှာ YBS နဲ့ အောက်ဆိုက်ကား​တွေရဲ့ ယာဥ်တိုက်မှုသုံးကြိမ်ဖြစ်ပြီး တယောက်သေ ၊ ငါးယောက်ဒဏ်ရာရ

ဇူလိုင် ၁၄ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်မှာ ဒီနေ့ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းမှာတင် YBS အပါအဝင် ​အောက်ဆိုက်လိုင်းကား​တွေ ယာဥ်တိုက်မှု သုံးကြိမ်ဖြစ်ပွားပြီး အမျိုးသမီးတယောက် သေဆုံးကာ နောက်ထပ်လူငါး​ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလုံမြိုနယ် ၊ အောက်ကြည့်မြင့်တိုင်လမ်းမပေါ် ဆင်မင်းစျေးကားမှတ်တိုင်မှာ အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသမီးကို YBS 144 က ဝင်တိုက်မိပြီး အမျိုးသမီးကြီး.သေဆုံးမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
” မနက် ၉ နာရီနောက်ပိုင်းလောက်မှာဖြစ်တာပါ။ အဖွားအိုတယောက် မှတ်တိုင်မှာ ကားတိုက်ခံရတယ်ဆိုပြီး ပတ်ဝန်းကျင်က အကူအညီတောင်းတာနဲ့ သွားတာပါ။ ဖြစ်စဥ်တော့ သေချာမသိဘူး ။ အဖွားကတော့ ကားအောက်ကနေ ဆွဲထုတ်ခဲ့ရတယ်။ ” လို့ မြေပြင်ကူညီ ဆောင်ရွက်ခဲ့တဲ့ ကြီးလေးကြီး လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါ အသက်ကြီးပိုင်း အမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားတာကြောင့် မိသားစုကို ဆက်သွယ်ခဲ့ကြောင်း ၊ သေဆုံးသူဟာ အလုံမြို့နယ်မှာပဲ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဒီနေ့မနက်ပိုင်းမှာ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း နှင့် ကုန်သည်လမ်းထောင့် မှာ Light Truck အောက်ဆိုက်ကား တိမ်းမှောက်ပြီး အမျိုးသားနှစ်ယောက် နဲ့ အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာရ ရှိတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
” တရားဝင် ပြေးဆွဲနေတဲ့ YBS တွေတောင် သူတို့ မထိန်းချုပ်နိုင်တာ အောက်ဆိုက်ကားကို ဘယ်လိုလုပ် ထိန်းချုပ်မလဲ ။ YBS နဲ့ အောက်ဆိုက်ကားက မောင်းတာကလည်း ဗရမ်းဗတာတွေ ။ ကားတစီးနဲ့ တစီး လုမောင်းတာက တမျိုး ။ အပြောအဆိုကြမ်းတမ်းတာက တမျိုး ။ စျေးကို မတန်တဆပေးစီးရတာက ရှိသေးတယ်။ ကျ​နော်တို့မှာ ပိုက်ဆံလည်း တောင်းသလောက်ပေးစီးရပြီး အကုန်ကြောက်နေရတယ်။ ” လို့ ရန်ကုန် ဒေသခံတယောက်က ပြောပါတယ်။
ဓမ္မစေတီလမ်းမှာလည်း ကားတစီး လမ်းလည်ကျွန်းကို ဝင်တိုက်မိပြီး.တိမ်းမှောက်လို့ ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့ သိရပါတယ် ။
ဇူလိုင် ၁၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့မှာ YBS 129 ကားက ဘရိတ်ပေါက်ပြီး.ယာဥ်ကိုးစီးဆင့်တိုက်မှုဖြစ်ပွားကာ လူ ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
YBS ကားတွေအနေနဲ့ ကားတစီးနဲ့တစီး ကျော်တက်မောင်းနှင်ခြင်း မပြုဖို့ ၊ မီးနီဖြတ်မောင်းတာမျိုး မလုပ်ဖို့ ၊ ခရီးသည်ကို ဆဲဆိုခြင်းနဲ့ ကြမ်းတမ်းစွာ ပြောဆိုတာမျိုးမလုပ်ဖို့ ၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာဖို့ စည်းကမ်းထုတ်ထားပေမဲ့လည်း ယာဉ်အများစုက လိုက်နာမှု မရှိသလောက် အလွန်အားနည်းနေတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်းကနေ ၈ သန်းခန့်အကြားမှာ ရှိပြီး YBS ယာဉ်လိုင်းကို နေ့စဉ်အသုံးပြု ခရီးသွားနေရတဲ့ ပြည်သူပေါင်း ၂ သန်းကျော်အထိရှိ တယ်လို့ သိရပါတယ်။
ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ရှိပြီး နေ့စဉ်ပုံမှန် ပြေးဆွဲပေးနေတဲ့ ဘတ်စကား အရေအတွက်က ၃၇၀၀ ဝန်းကျင်ရှိတာကြောင့် ဘတ်စကား အစီးရေနဲ့ ခရီးသွားဦးရေ အချိုးချကြည့်ပါက ဘတ်စကားတ စီးဟာ တရက်မှာ ပျမ်းမျှ ခရီးသည် ၅၇၁ ဦးကို ဝန်ဆောင်မှု ပေးနေရတာကို သိရှိရပါတယ်။
ဒါကြောင့် YBS ယာဉ်အစီးရေနဲ့ ခရီးသွားဦးရေက မမျှတတဲ့အတွက် ခရီးသွားတွေအနေနဲ့ YBS ကားတွေမှာ တိုးဝှေ့ပြီး ကြပ်သိပ်စွာစီးနင်းနေရတဲ့အပြင် တရားမဝင် ပြေးဆွဲနေတဲ့ အောက်ဆိုက်ကားတွေကိုပါ အသုံးပြုနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
အောက်ဆိုက်ကားတွေဟာ ညဘက် YBS ကားတွေ ပြေးဆွဲမှု နည်းပါးသွားချိန်မှာ အဓိက ပြေးဆွဲနေတာဖြစ်ပြီး ယာဥ်စီးခလည်းများသလို ယာဥ်ကို စည်းကမ်းမဲ့ မောင်းနှင်ကြတာဖြစ်လို့ ယာဥ်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။
ဓာတ်ပုံ – ကြီးလေးကြီး / ကိုပူတူး

Related posts

Leave a Comment

VOM News

FREE
VIEW