ဇူလိုင် ၁၄ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ နဘား – ကသာလမ်းပိုင်းက မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား လမ်းကို ဒီကနေ့ ဇူလိုင် ၁၄ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ ပြန်ဖွင့်လိုက်ပေမယ့် ထီးချိုင့် – ကသာလမ်းကတော့ မပွင့်သေးဘဲ မန္တလေးမြို့ဘက်ကို သွားလို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနား – မန္တလေးလမ်းပိုင်းထဲက အင်းတော်မြို့နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာတွေကြောင့် အဲဒီလမ်းပိုင်းမှာ ဇွန် ၃၀ ရက်နေ့ကစပြီး ကုန်တင်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေခဲ့တာပြီး လမ်းပိတ်ဆို့မှု ၁၅ ရက်ဝန်းကျင် အကြာမှာတော့ နဘား – ကသာလမ်းပိုင်းကို ပြန်လည် သွားလာလို့ရပြီလို့ သိရပါတယ်။
“ထီးချိုင့် – ကသာလမ်းပိုင်းမှာ သစ်ပင်တွေလှဲချထားတာ၊ လမ်းကို မြေတူးစက်ကြီးတွေနဲ့ တူးဆွပြီး မြေလှန်၊ ဖျက်စီးထားတာတွေ ရှိတယ်။ အခု အဲဒီလမ်းပိုင်းကိုလည်း သွားလာလို့ရအောင် လုပ်တော့ လုပ်နေတာပဲ။ မနက်ဖြန် (ဇူလိုင် ၁၅ ရက်) နေ့လယ်လောက် (ဒါမှမဟုတ်) ညနေပိုင်းလောက် သွားလို့ရမလားမသိဘူး။ နဘား – ကသာလမ်းပိုင်းကတော့ ကုန်တင်ကား၊ ခရီးသည်တင်ကား၊ ကားပေါင်းစုံ အထက်ပိုင်းကိုတော့ သွားလို့ရပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ နဘားလမ်းဆုံနဲ့ ကသာ လမ်းတဖြတ် ပွင့်သွားတာဖြစ်ပြီး အဆင်းကား အစီးရေ ၅၀ ဝန်းကျင်၊ အတက်ကား အစီးရေ ၅၀ ဝန်းကျင် သွားလာနေပြီဖြစ်ပေမယ့် အတက်ကားတွေကတော့ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးရှိ စီပိန်းကျေးရွာမှာ တဖြတ် ပြန်လည် ပိတ်မိနေပြီး အဆင်းကားတွေဟာလည်း ကသာ၊ ဇတ်ဆိပ်သွားမယ့် လမ်းတွေနဲ့ ထီးချိုင့်တံတားကို သွားမယ့် လမ်းတွေမှာ ကျင်းတွေတူးထားတဲ့အတွက် သွားလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
ဇွန် ၃၀ ရက်နေ့ကစပြီး ကားလမ်းပိတ်ထားစဉ်က ကချင်ပြည်နယ်ဘက်ကဆင်းတဲ့ ကုန်တင်ကားတွေ၊ ခရီးသည်တင် ကားတွေဟာ အင်းတော်မြို့နယ်ထဲက နဘားလမ်းဆုံမှာ အစီးရေ ၅၀၀ ကျော် ပိတ်မိနေခဲ့တာဖြစ်ပြီး မန္တလေးဘက်က တက်လာတဲ့ ကားတွေကတော့ ကသာမြို့ပေါ်နဲ့ အင်းရွာ လှေကူးတို့ဆိပ်မှာ အစီးရေ ထောင်ဂဏန်းဝန်းကျင် ပိတ်မိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မန္တလေးမြို့ကနေ သယ်ဆောင်လာတဲ့ အေးခဲအသား၊ ငါးနဲ့ ကုန်စိမ်းတချို့ ပုပ်သိုးပျက်စီးမှုတွေ ရှိခဲ့ပြီး ကုန်သည်တွေအနေနဲ့ သစ်သီးတွေအပါအဝင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေကို အဲဒီလမ်းပိုင်းက နီးစပ်ရာ ရွာနဲ့ ဈေးတွေမှာ မူလဈေးရဲ့ ထက်ဝက်လောက် လျော့ချပြီး ရရာဈေးနဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
”ကြက်ဥတွေ၊ ဘဲဥတွေ၊ ပန်းတွေ၊ ခရမ်းချဉ်သီးတွေလည်း ပျက်စီးကုန်တာရှိတယ်။ ကြက်ပေါက်လေးတွေလည်း တချို့ သေကုန်တယ်။ ကားသမားတွေ၊ ခရီးသည်တွေ စားသောက်ရေးလည်း ခက်ခဲခဲ့တယ်။ နီးစပ်ရာရွာက လူတွေက ထမင်း၊ ဟင်းတွေ ဝေငှပေးရတယ်။ အခုက ပြန်ရတဲ့သူတွေက ဝမ်းသာနေကြတယ်။ အထက်ဘက်ကို သွားချင်တဲ့ သူတွေကလည်း လမ်းအမြန်ဆုံး ပြန်ပွင့်ဖို့ မျှော်လင့်နေကြတယ်” လို့ ဒေသခံက ပြောပါတယ်။
စစ်ကိုင်း – ကချင်နယ်စပ်မှာရှိတဲ့ အင်းတော်မြို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက အခု ၂၀၂၆ ခုနှစ်၊ ဧပြီလလောက်အထိ နယ်မြေစိုးမိုးထားတာဖြစ်ပေမယ့် ဧပြီလကုန်ပိုင်းနဲ့ မေလ ပထမပတ်မှာပဲ အစိုးရတပ်က မန္တလေး – မြစ်ကြီးနား လမ်းတလျှောက်ရှိ အင်းတော်၊ နဘားလမ်းဆုံ၊ နဘားနဲ့ မော်လူးမြို့တို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး မဲဇာရွာကိုတော့ ဇူလိုင် ၄ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေး – မြစ်ကြီးနား ကားလမ်းပေါ်က နေရာတချို့ကို အစိုးရတပ်က ပြန်လည် သိမ်းပိုက်ပြီးတဲ့နောက် အင်းတော်မြို့အနီးနဲ့ အနောက်ခြမ်းနေရာတွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေ နေ့စဉ် ရှိလာတာဖြစ်ပြီး မန္တလေး – မြစ်ကြီးနားလမ်းကို အသုံးပြု၊ သွားလာနေရတဲ့ ခရီးသွားတွေဟာ ပုံမှန် သွားနေကျ၊ ဧရာဝတီမြစ် အနောက်ဘက်လမ်းဖြစ်တဲ့ မန္တလေး – ကောလင်း – အင်းတော် – မြစ်ကြီးနား လမ်းပိုင်းကို အသုံးပြုခွင့်မရဘဲ မြစ်အရှေ့ဘက်ကမ်း မန္တလေး – သပိတ်ကျင်း – ကသာ – နဘား – မြစ်ကြီးနားလမ်းကိုသာ အသုံးပြုခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူထိခိုက်၊ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့သိရပြီး ဇူလိုင် ၁၀ ရက်နေ့က မဲဇာကျေးရွာမှာ ဒရုန်း ကျရောက်မှုကြောင့် ရှစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇူလိုင် ၇ ရက်နေ့ကလည်း နဘားကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာမှာ ဒရုန်းကျရောက်မှုကြောင့် နှစ်ယောက် သေဆုံးခဲ့တဲ့အပြင် ဇွန်လ ၃၀ ရက်နေ့ကလည်း အင်းတော် – ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ကျရောက်မှုကြောင့် နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
