ပဲခူးက မွေးမြူရေးအစာ ထုတ်လုပ်တဲ့ Zheng Bang Myanmar စက်ရုံက ငါးဆီကန်ထဲ အလုပ်သမား သုံးယောက်သေဆုံးမှုဖြစ်

ဇူလိုင် ၁၄ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၈)ရပ်ကွက်၊ စက်မှုဇုန် (၂)ထဲက မွေးမြူရေးအစာ ထုတ်လုပ်တဲ့ Zheng Bang Myanmar ( ကျန်းပန်း မြန်မာ) စက်ရုံရဲ့ ငါးဆီကန်အတွင်းမှာ အလုပ်သမားသုံးယောက် သေဆုံးမှု ဇူလိုင် ၁၃ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်ရုံရဲ့ ကြက်စာ ၊ ဝက်စာအတွက် အစာစပ်ရာမှာ အသုံးပြုတဲ့ ငါးဆီကန်အတွင်း ဆင်းပြီး လုပ်ကိုင်ရာကနေ အလုပ်သမားသုံးယောက်လုံး သေဆုံးခဲ့တာ ဖြစ်ကြောင်း ၊ ငါးဆီကန်က အမြင့် (၁၀)ပေ နဲ့ အကျယ်က (၈)ပေ၊ အနက်က (၁၅)ပေ ရှိတဲ့ သံလှောင် ကန်ဖြစ်် တယ်လို့ သိရပါတယ် ။
” စက်ရုံက စက်ပြင်ဆရာကနေ စကားပြောစက်ကနေ လှမ်းစကားပြောတာမှာ ဘာမှမတုံ့ပြန်လို့ဆိုပြီး သွားကြည့်တော့ အဲဒီငါးဆီကန်ထဲမှာ သုံးယောက်လုံး ပက်လက်လန်အနေအထားနဲ့ တွေ့ရတယ် ။ အဲဒါနဲ့ ကန်ထဲဆင်းပြီး ကြိုးနဲ့ချည်ပြီး အပေါ်ကို သယ်တယ်။ အပေါ်ရောက်လို့ စစ်ကြည့်တော့ သုံးယောက်လုံးက အသက်မရှိတော့ဘူး ။ သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ သက်ဆိုင်ရာစစ်ဆေးနေတယ်။ ကျွန်တော်တို့ ခန့်မှန်းတာတော့ သူတို့အောက်ဆီဂျင်ပြတ်သွားတယ် ထင်ပါတယ်။ ” လို့ ဒေသခံ လူမှုကူညီရေး အသင်းဝင်တယောက်က ပြောပါတယ် ။
သေဆုံးတဲ့ အလုပ်သမားသုံးယောက်ကတော့ ဦးအောင်လင်းဦး ၊ ဦးချမ်းသာ နဲ့ ဝေယံစိုး ဆိုသူတို့ ဖြစ်ကြောင်း သိရပြီး ငါးဆီကန်အတွင်းမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးတာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုမှုတွေရှိပေမယ့် ဆေးရုံနဲ့ ရဲစခန်းဘက်ကတော့ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ သေဆုံးခဲ့တဲ့ အလုပ်သမား သုံးယောက်ကို ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မေ ၂၂ ရက်နေ့ ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်၊ နယ်မြေ ၂ က နေအိမ်တခုရဲ့ မိလ္လာကန်ထဲကို အမျိုးသားနှစ်ယောက်ပြုတ်ကျပြီး အောက်ဆီဂျင်ပြတ်ပြီးသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့ ကလည်း ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး ၊ မြို့ရှောင်လမ်းဘေးမှာ ရပ်ထားတဲ့ ဆီဘောက်ဆာကားရဲ့ ဆီသိုလှောင်ကန်ကို ရှင်းလင်းတဲ့ အမျိုးသားနှစ်​ယောက် အောက်ဆီဂျင်ပြတ် သေဆုံးမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – Thet Phyo Kyaing

Related posts

Leave a Comment

VOM News

FREE
VIEW