ဆူးငှက်
မှတ်မှတ်ရရ စက်တင်ဘာ
————————–
မောင်အရင်လို မဟုတ်တော့ဘူး ဗီဒီယိုကားက အတော်ကြာ အချိန်ယူ ရိုက်သည်။ မန္တလေးကို အခြေခံ၍ အနီး ပတ်ဝန်းကျင်မှ ထင်ရှားသော နေရာဒေသများ၊ တန်ခိုးကြီးဘုရားများ၊ တောင်ပြုန်း ပွဲတော်အပါအဝင် ရာသီပွဲတော် များလည်း ဇာတ်လမ်းအရ ထည့်သွင်း ရိုက်ကူးသည်။ ထို့ကြောင့် တစ်နေ့တာ ရိုက်ကွင်း ပြီးသည်နှင့် ညရောက်လျှင် ကျွန်တော့် အိမ်တွင်စုကာ နောက်ရက်အတွက် ရိုက်ကွင်းသာမက ထပ်မံဖြည့်မည့် ရိုက်ကွက် အတွက် ဇာတ်လမ်းကို တိုင်ပင်ကြသည်။ ထို့ကြောင့် စာအုပ်ဆိုင်က ညတိုင် လူပိုစည်နေ၏။ မင်းသမီး ချယ်ရီသင်းလည်း စာအုပ်အငှား အအပ် စာရင်းမှတ်တာ အတော်ကျွမ်းကျင်နေပါပြီ။ သူကလည်း စာအုပ်ဆိုင် လုပ်အားပေး သက်တမ်း ရက်၂၀ နီးနေပြီလေ။
ထိုနေ့က၊ ထိုနေ့ကို ကောင်းကောင်း မှတ်မိနေပါသည်။ ဒါရိုက်တာတွေရော မင်းသား မင်းသမီးတွေရောကို မင်းသားသစ်၏ မိတ်ဆွေတစ်ဦးက နေ့လယ်စာ ထမင်းကျွေး ဧည့်ခံမည်မို့ ရိုက်ကွင်းနားပြီး ဧည့်ခံမည့် အိမ်သို့ သွားကြသည်။ ဆရာစိန်ခင်မောင်ရီတို့ ဇနီးမောင်နှံလည်း ပါသွားသည်။ ကျွန်တော်ကတော့ လိုက်ပါမသွားဘဲ အိမ်မှာပဲ နားနေရင်း စာအုပ်စင်တွေ ရှင်းနေသည်။ သည်လိုနှင့် နေ့လယ်စာစားပြီးချိန် မွန်းလွဲ ၁နာရီကျော်တော့ ဆရာစိန်ခင်မောင်ရီတို့အဖွဲ့ ကား၂စီးနှင့် ပြန်လာကြကာ ပျာယာခတ်နေကြသည်။
၁၁နာရီ သတင်းမှာ မြန်မာ့အသံက ၇၅ကျပ်တန်၊ ၃၅ကျပ်တန်၊ ၂၅ကျပ်တန် ငွေစက္ကူတွေ တရားမဝင်တော့ကြောင်း အမိန့်အမှတ် ၁/၁၉၈၇ ဖြင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက လက်မှတ်ထိုးကာ ထုတ်ပြန် ကြေညာသွားပြီတဲ့။ ထိုနေ့ကား ၁၉၈၇ခုနှစ် စက်တင်ဘာ ၅ ရက်နေ့၊ ၁၃၄၉ခုနှစ် တော်သလင်းလဆန်း ၁၃ရက်နေ့ ဖြစ်သည်။ ခဏနေတော့ စာအုပ်ဆိုင်မှာလည်း ဖောက်သည်တွေက ထိုသတင်း မှန်မမှန် လာရောက် စုံစမ်းကြသည်။
သည်တစ်ခါ ငွေစက္ကူတွေ တရားမဝင်ကြေငြာတာက ၁၉၈၅ခုနှစ်တုန်းကလို မဟုတ်၊ ပြန်လဲလှယ်ပေးမည့် အစီအစဉ်မပါပေ။ ထို့ကြောင့် အားလုံးကာ အံ့အားတသင့်နှင့် ခြေပစ်လက်ပစ် ဖြစ်သွားကြသည်။ သူဌေးက သင်္ဘောမပျက်ဘဲ သူတောင်းစားက ခွက်ပါပျောက်ပြီဟေ့ဟု ငြီးငြူကြသည်။ ဗီဒီယို အဖွဲ့ကတော့ ညတွင်းချင်း ပြန်ကြဖို့ စီစဉ်သည်။ ဘူတာသို့ ရထားလက်မှတ် အမြန်သွားဝယ်ကြသည်။
ဘူတာမှာလည်း ရထားလက်မှတ်က ခက်ခဲကုန်၏။ တက္ကသိုလ်ကျောင်းသားတွေ အတွက် လက်မှတ်တွေ ချန်ရလို့ အပြင်ကို အပြည့် မရောင်းနိုင်ဘူးတဲ့။ ရသည့် လက်မှတ်ကလည်း ရိုူရိုူတန်းဘဲ ရသတဲ့။ းါလည်း ဒီနေ့ ချက်ချင်းမရ၊ နက်ဖြန်အတွက်ပဲ ရသတဲ့။ အားလုံးမှာ ဒေါသကိုယ်စီနှင့် ခံစားနေကြရသည်။
ရန်ကုန်သူအတွက် မန္တလေးလက်ဆောင်
——————————————–
ထိုညက တက္ကသိုလ်က အဆောင်တွေမှာ ဆူဆူပူပူဖြစ်သတဲ့။ မန္တလေးတက္ကသိုလ်မှာ အဆောင်နေကြသည့် မုံရွာက တူမ၂ယောက်လည်း သူ့သူငယ်ချင်းများနှင့် အထုပ်အပိုးဆွဲကာ အိမ်ရောက်လာကြပြီ။ နောက်ရက်မှာတော့ ညတွင်ရထာဒဆင်းမည့် မင်းသားသုမောင်လည်း အထုပ်အပိုးပြင်ကာ အောက်သို့ဆင်းလာပြီး အဘကို နှုတ်ဆက်သည်။ ထို့နောက် သူ့အမျိုးသမီး (မအေးဘုံ) အတွက် မန္တလေး လက်ဆောင် ဟု ဆိုကာ ကျွန်တော့် ဆိုင်မှာ ရောင်းသော မိန်မစီး ခွာမြင့် ဖိန်တစ်ရံဝယ်ယူ အားပေးသည်။ ထိုစဉ်က ကျွန်တော်သည် စာအုပ်အငှားသာမက အိမ်ထဲမှာ ကောင်တာ၂လုံနှင့် လုပ်အားတံဆိပ် အမျိုးသားစီး အမျိုးသမီးစီး ဖိနပ်၊ ရသာတန်းက ကလေးစီးဖိနပ်နှင့် ရန်ကုန် တောင်ဥက္ကလာက မိန်းမစီး ခွာမြင့် ဒေါက်မြင့် ဖိနပ်များလည်း တင်ရောင်းသည်။ ထိုအခါ ရန်ကုန်ပြန်မည့် သုမောင်က ရန်ကုန်သူ ဇနီးမအေးဘုံအတွက် ရန်ကုန် တောင်ဥက္ကလာထုတ် ခွာမြင့်ဖိနပ်ကို မန္တလေး လက်ဆောင်အဖြစ် မန္တလေးက ရန်ကုန်အပြန် ဝယ်ယူသွားခြင်း ဖြစ်ပါ၏။
အပြန်တွင် ရိုးရိုးတန်းကပဲ ဖြစ်သလိုလိုက်ကာ အများစုက ခုံမဲ့မို့ လူကြီးများနှင့် သုမောင်အတွက် ထိုင်ရတာ အဆင်ပြေဖို့ အိမ်က ခေါင်းအုံးများလည်း ထည့်ပေးလိုက်သည်။ ဤသို့ဖြင့် ဗီဒီယိုဇာတ်ကား စတေဓာတ်ပုံဆရာလည်း ပွဲဦးထွက်မှာပင် လက်စမသတ်ဘဲ ဖျာလိတ်ကာ ပြည်ဖုံးကား ချလိုက်ရပါ၏။ အိမ်မှာက စာအုပ်အငှားဆိုင်မို့ တရားမဝင်ပိုက်ဆံက များများစားစားမရှိ၊ စာအုပ်ငှားခရသည့် ပိုက်ဆံ အတော်များများက အစိတ်တန် ၁ရွက် ၂ရွက်လောက်ပဲ ပါသည်။ အများစုက ကျပ်တန် ၅ကျပ်တန် ၁၀တန် အနုတ်များပဲမို့ ဈေးဖိုးရနေပါသေးသည်။ အိမ်မှာလည်း အဘစုထားသည့် ငွေနည်းနည်းနှင့် ခင်သော်ဇင် စုထားသည့် ငွေနည်းနည်းမှာပဲ ၇၅ကျပ်တန်နှင့် ၃၅ကျပ်တန် အနည်းငယ်ပါသည်။ နဂိုကတည်းက တစ်နေ့လုပ် တစ်နေ့စားမို့ ဣန္ဒြေ မပျက်လှ။ သို့သော် အများစုကြီးက အတော် ဒုက္ခရောက်သွားကြပါပြီ။ သတင်းတွေကလည်း အမျိုးမျိုးပင်။ သေချာတာကတော့ တစ်ပြည်လုံး ပွက်လောညံသွားကာ အဆင်မပြေမှုနှင့် ဒုက္ခများက မကျေနပ်မှု ဒေါသများအသွင် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ရန်ကုန်က အဓိက အချက်အချာမို့ ပိုမိုသိသာသည်။ အုံကြွမှုတွေ ဖြစ်မလား၊ အဓိကရုဏ်တွေဖြစ်မလားနှင့် အခြေအနေက ပေါက်ကွဲလု နီးနီး ဖြစ်နေပြီ။
ငွေစက္ကူနှင့် ငွေဒင်္ဂါးတွေ ထုတ်ဝေခဲ့ပုံ
—————————————–
တကယ်တော့ မြန်မာနိုင်ငံတွင် အသုံးပြုသော ကျပ် ပြား ငွေကြေး စနစ်ကို ၁၉၅၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် တရားဝင် စတင်အသုံးပြုပြီး အသုံးပြုသော ယူနစ်မှာ ၁ ကျပ်မှာ ၁၀၀ ပြားဖြစ်သည်။ မြန်မာနိုင်ငံတွင် အသပြာသုံးစွဲမှုကို ကုန်းဘောင်ခေတ်က စတင်သုံးစွဲခဲ့သည်ဟု သိရပြီး ရတနာပုံခေတ် မင်းတုန်းမင်း လက်ထက်တွင် ငွေဒင်္ဂါးက သွန်းလောင်းကာ စတင်သုံးစွဲခဲ့သည်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေတွင် ၁ ကျပ်တန်၊ ၅ ကျပ် တန်၊ ၁၀ ကျပ်တန်နှင့် ၁၀၀ကျပ်တန် ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဂုဏ်ပြု ထုတ်ဝေခဲ့သည်။
၁၉၈၅ စက်တင်ဘာ ၂၁ ရက်တွင်၂၀ ကျပ်တန်နှင့် ၅၀ ကျပ်တန်များကို ထုတ်ဝေခဲ့ပြီး ၁၉၈၅ခု နိုဝင်ဘာ ၃ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ၂၅ ကျပ်တန်၊ ၁၉၈၅ခု သြဂုတ်လ ၁ရက် မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ၃၅ ကျပ်တန် နှင့် ၁၉၈၅ခု နိုဝင်ဘာ ၁၀ရက် မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ၇၅ ကျပ်တန်များ ကိုထုတ်ဝေခဲ့သည်။ ငွေအကြွေတွေ ဖြစ်သော ၁ပြား၊ ၅ပြား၊ ၁ဝပြား၊ ၂၅ပြား နှင့် ၅ဝ ပြား တို့ကလည်း ၁၉၅၆ ခုနှစ်က စတင် ထုတ်ဝေခဲ့သည်။
ငွေစက္ကူတွေ အခုထုတ်လိုက် အခုဖျက်သိမ်းလိုက်
—————————————————-
၁၉၆၂ခု မတ်လ၂ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။ ထို့နောက် ငွေစက္ကူအချို့ တရားမဝင် ငွေစက္ကူတွေအဖြစ် ပထမဦးဆုံးအကြိမ်အဖြစ် ၁၉၆၄ခု မေလ ၁၅ရက်နေ့တွင် ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို တရားမဝင် ငွေစက္ကူများ အဖြစ် ကြေညာ ဖျက်သိမ်းခဲ့ပြီး ငွေအနည်းငယ်ကို ပြန်လည်လဲလှယ်ပေးခဲ့သည်။ (၃-၁၁-၁၉၈၅ခု နိုဝင်ဘာ ၃ရက်နေ့တွင် ဒုတိယအကြိမ် အဖြစ် ၂၀ကျပ်တန်၊ ၅၀ကျပ်တန် နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ငွေစက္ကူတွေအဖြစ် ထပ်မံ ကြေငြာခဲ့ပြန်သည်။ ထို့နောက် ၁၉၈၇ခုနှစ် စက်တင်ဘာ ၅ရက်တွင် ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန် များကိုလည်း တရားမဝင် ငွေစက္ကူတွေအဖြစ် တတိယအကြိမ် ကြေညာ ဖျက်သိမ်းခဲ့သည်။
ထို ၃၅ကျပ်တန်နှင့် ၇၅ကျပ်တန်များသည် ၁၉၈၅ ခုနှစ်က ထုတ်ဝေခဲ့သောကြောင့် သက်တမ်း ၂နှစ်သာ သုံးစွဲခဲ့ရပြီး တရားမဝင်အဖြစ် ၁၉၈၇ ခုနှစ်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
ဆူးငှက်
