ကလေးမြို့၊ အရာတော်မြို့၊ လွိုင်ကော်မြို့၊ နတ်မောက်မြို့နဲ့ ရမ်းဗြဲ – တောင်ကုတ်လမ်းပေါ်မှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်

ဇူလိုင် ၁၅ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်းအတွင်းက ကလေးမြို့နဲ့ အရာတော်မြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်၊ နတ်မောက်မြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက ရမ်းဗြဲ – တောင်ကုတ်လမ်းပေါ်မှာ နှစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ရှစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကလေးမြို့နယ် (တောင်ပိုင်း) မှာ ဒီကနေ့ ဇူလိုင် ၁၅ ရက်၊ မနက်ပိုင်းကနေစပြီး နေ့လယ်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာမှာ မနက် ၇ နာရီ ၁၉ မိနစ်ဝန်းကျင်ကနေစပြီး မနက် ၇ နာရီခွဲဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့သလို နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်မှာလည်း လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မြိုင်မြို့နယ် (အရှေ့တောင်ပိုင်း) မှာလည်း ဒီကနေ့ နေ့လယ် ၁၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်ကနေ ၁ နာရီဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
အဲဒီလိုပဲ လွိုင်ကော်မြို့နယ် (အရှေ့ဘက်ခြမ်း) မှာလည်း မနေ့ ညနေ ၄ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ တယောက် သေဆုံးခဲ့ပြီး နေအိမ်တချို့နဲ့ ကားတွေလည်း ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
“မနေ့က ညနေ ၄ နာရီ မိနစ် ၂၀ လောက်ကစပြီး ဆင်စခန်းရွာ၊ ပွန်ချောင်းရွာနဲ့ ပါလောင်းရွာဘက်တွေမှာ ကင်းထောက်လေယာဉ်တွေ ဝဲနေတာ။ မကြာဘူး လေကြောင်းတိုက်ခိုက်မှုဖြစ်တယ်။ လေယာဉ်က သုံးစင်းလာတာ။ တယောက်သေတာအပြင် နေအိမ် သုံး၊ လေးလုံးလောက်လည်း ပျက်စီးသွားတယ်။ ဒီနေ့ (ဇူလိုင် ၁၅ ရက်) မှာလည်း မနက်ကတည်းကနေ ခုညနေပိုင်းအထိ လေယာဉ်တွေ ခပ်နိမ့်နိမ့် ပျံဝဲနေတာတွေ့ရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် အရာတော်မြို့နယ် (အရှေ့တောင်ခြမ်း) က ကံရင်းကျေးရွာမှာလည်း မနေ့ ဇူလိုင် ၁၄ ရက်၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် လက်ဘက်ရည်ဆိုင် တဆိုင်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
အရာတော်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက ရမ်းဗြဲ – မအီ – တောင်ကုတ် အဝေးပြေးကားလမ်းမပေါ်ရှိ မင်းကြောင်းတံတားမှာလည်း စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ တံတားကြမ်းခင်းနေရာတွေနဲ့ လက်ရန်းနေရာတွေ ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီတံတားဟာ ရခိုင်ပြည် (မြောက်ပိုင်း) နဲ့ တောင်ပိုင်းဒေသတွေကို ဆက်သွယ်ထားတဲ့ တံတားတစင်းဖြစ်ပြီး ကုန်သွယ်ရေးအတွက်သာမက စစ်ရေးအရပါ အရေးပါတဲ့တံတားဖြစ်ကာ တံတားကြံ့ခိုင်ရေးအတွက် ပြုပြင်မှုတွေ ပြုလုပ်နေချိန် လေကြောင်း တိုက်ခိုက်ခံရတာလို့ သိရပါတယ်။
“ဒီတံတားက ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲ၊ တောင်ကုတ်မြို့တွေကို ဆက်သွယ်ပေးတဲ့ အဓိက တံတားပါ။ ကျောက်ဖြူ စစ်မျက်နှာအတွက် ဗျူဟာအရ အရေးပါတဲ့ တံတားလည်း ဖြစ်တယ်။ စီးပွားရေးပိုင်းအရ ဆိုရင်လည်း ရန်ကုန်၊ တောင်ကုတ်၊ မအီ စတဲ့ ဒေသတွေကနေ ကျောက်ဖြူမြို့ကို ကုန်စည်တွေ ကုန်စည်တွေ သယ်ယူနိုင်ဖို့ ဖြတ်သန်းရတဲ့တံတားပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် နတ်မောက်မြို့နယ်မှာလည်း ကန်လေးကုန်းကျေးရွာ စာသင်ကျောင်းမှာ မနေ့ နေ့လယ် ၁ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး တယောက် သေဆုံးကာ ခုနစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စာသင်ကျောင်းနဲ့ ကျေးရွာအတွင်းရှိ နေအိမ် လေးလုံးထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နတ်မောက်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကလည်း သမန်းကုန်ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် ပွဲချင်းပြီး သေဆုံးပြီး သုံးယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW