ဇူလိုင် ၁၅ – ၂၀၂၆
SN (VOM)
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ် က ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းမှာ ပြည်သူ့ဘဏ္ဍာအဖြစ် ဖမ်းဆီး၊ သိမ်းဆည်းထားတဲ့ ကုန်စည်အမှုတွဲ ၁၁ မှုကို လာမယ့် ဇူလိုင် ၁၇ ရက်နေ့၊ မနက် ၉ နာရီခွဲမှာ အဲဒီ စစ်ဆေးရေးစခန်းမှာပဲ လေလံတင်မယ်လို့ လေလံတင်ရောင်းချရေးအဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။
လေလံတင် ရောင်းချမယ့် ကုန်ပစ္စည်းတွေကတော့ Used Phone, Used Copien ယာဉ်၊ စက်အပိုပစ္စည်း၊ ကားတာယာ၊ ဘက်ထရီ၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဖြစ်ကာ မျက်မြင်အတိုင်း ဈေးပြိုင်စနစ်ကို အသုံးပြု၊ ရောင်းချသွားမှာဖြစ်ပြီး လေလံစာရွက် တစုံကို ကျပ် တသောင်းနှုန်းနဲ့ ရုံးချိန်အတွင်း ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လာရောက် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
လေလံစာရွက် ဝယ်ယူသူတွေအနေနဲ့ လေလံစည်းကမ်းချက်ပါ အာမခံ စပေါ်ငွေ ပေးသွင်းမှသာ ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ပစ္စည်းတွေကို ကြည့်ရှု့ခွင့်ပေးမှာဖြစ်ပြီး အသေးစိတ် သိရှိလိုသူတွေအနေနဲ့ ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးစခန်းကို ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက် ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
“ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး အခုလို လေလံတင် ရောင်းချတယ် ဆိုတာဟာ ကုန်သွယ်မှု ကွင်းဆက်အတွက် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကဏ္ဍတွေမှာ ကြီးမားတဲ့ သက်ရောက်မှု များစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အခုလို အဖမ်းအဆီးတွေက ကုန်သည်တွေအတွက်လည်း ထိခိုက်မှုကြီးတယ်။ အများကြီး နစ်နာရတာပါ” လို့ စီးပွားရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
အခုလို အဖမ်းအဆီးတွေဟာ ကုန်သည်တွေအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေအားလုံး ဆုံးရှုံးစေနိုင်ပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့ ခက်ခဲသွားနိုင်သလို တဖက်မှာလည်း ဖမ်းဆီးခံရတဲ့ ကုန်စည်တွေရဲ့ ကုန်ကျစရိတ်တွေကို အစားထိုးနိုင်ဖို့၊ တရားဝင် ကျန်ရှိနေတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို မြှင့်တင် ရောင်းချရတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်လာနိုင်ကာ နောက်ဆုံး ထိခိုက်သူတွေကတော့ စားသုံးသူတွေပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဘယ်သူမှ ခိုးသွင်း၊ ခိုးထုတ် မလုပ်ချင်ကြပါဘူး။ ဒါကြောင့် တကယ်တမ်း ဖြစ်သင့်တာက အမှန်တကယ် ကုန်ရောင်း၊ ကုန်ဝယ် (Export, Import) လုပ်ငန်းရှင် ကြီး/ငယ်မရွေးတွေကို သွင်းကုန်၊ ထုတ်ကုန် လိုင်စင်သာ ပေါပေါများများချပေးလိုက်မယ်ဆိုရင် ကုန်သည်တွေအတွက်လည်း အဆင်ပြေသလို စားသုံးသူတွေအတွက်လည်း ရွေးချယ်စရာတွေ များသွားပြီး ဈေးနှုန်းလည်း သက်သာသွားနိုင်တယ်။ တိုင်းပြည်အတွက်လည်း အခွန်ငွေတွေ အများကြီး ရလာဦးမှာပါ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြည်ပကုန်စည်တွေ တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီး လိုင်စင်ချပေးခြင်းလည်း မရှိတာကြောင့် တရားမဝင်ကုန်သွယ်မှုတွေ ပိုမို ဖြစ်ပေါ်လာပြီး အကျိုးဆက်အနေနဲ့ ကုန်ပစ္စည်းအတုအပတွေ၊ အရည်သွေးပြည့်မီမှုမရှိတဲ့ ကုန်ပစ္စည်းတွေ ပြည်တွင်းကို ဝင်ရောက်လာနိုင်ကာ အခွန်ရရှိမှုလည်း နည်းပါးလာနိုင်တယ်လို့ သူက ပြောပါတယ်။
ပြည်ပသွင်းကုန် တင်သွင်းမှုကို လိုင်စင်ချမပေးဘဲ ပိတ်ဆို့ပြီးတဲ့နောက် မြန်မာပြည်တွင်းမှာ ဆေးဝါး၊ လူသုံးကုန်၊ အခြေခံစားကုန်နဲ့ ကုန်ချောကအစ ကုန်ကြမ်းသွင်းရတဲ့ အသေးစားနဲ့ အလတ်စား (SMEs) လုပ်ငန်းတွေ အခက်အခဲဖြစ်နေသလို ပြည်ပက သွင်းကုန်ပစ္စည်း မျိုးစုံတွေလည်း ဈေးအဆမတန် မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ အရ သွင်းကုန်လိုင်စင်၊ ပါမစ် (ဒါမှမဟုတ်) ကြေညာလွှာမရှိဘဲ ကုန်ပစ္စည်းတင်သွင်းပါက ကုန်ပစ္စည်း အမျိုးအစားအလိုက် စည်းကြပ်တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း၊ ၂၀၀ ရာခိုင်နှုန်း (ဒါမှမဟုတ်) ၃၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးချမှတ်နိုင်ပြီး အချို့ကုန်ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် စည်းကမ်း ချိုးဖောက်မှုတွေအတွက် ဒဏ်ငွေပေးဆောင်စေခြင်း၊ ကုန်ပစ္စည်း သိမ်းဆည်းခြင်းတို့အပြင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ (၁) နဲ့ တရားစွဲဆို အရေးယူနိုင်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်ဖို့၊ ပြည်ပကို နိုင်ငံခြားငွေ အလွန်အကျွံစီးထွက်မှုကို ထိန်းချုပ်နိုင်ဖို့နဲ့ နိုင်ငံတော်ရဲ့ ပို့ကုန်ရငွေပေါ်မူတည်ပြီး သွင်းကုန်တွေကို ဟန်ချက်ညီစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံမှာ သွင်းကုန်မှန်သမျှကို ပိတ်ပင်ကာ ပို့ကုန်သာတင်ပို့မယ့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ အစိုးရက တရားဝင် ကြေညာထားပါတယ်။
Photo – CJ
