တလကျော်ကာလအတွင်း အုပ်ချုပ်ရေးမှူး​တွေ အပါအဝင် လူ ၁၆ ယောက်ဝန်းကျင် အသတ်ခံရ

ဇူလိုင် ၁၆ – ၂၀၂၆
SS (VOM)
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့မှ အခု ဇူလိုင် ၁၄ ရက်အထိ တလကျော်ကာလအတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၁၆ ယောက်ဝန်းကျင် အသတ်ခံခဲ့ရတယ်လို့ လုံခြုံရေးတပ်ဖွဲ့ပိုင်းဆိုင်ရာ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ညောင်ပင်ခွကျေးရွာမှာ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဒုတိယဥက္ကဋ္ဌ ဦးစံတင့်နဲ့ ဝက်လုပ်ငန်းကုမ္ပဏီ လုပ်ကိုင်တဲ့ လုပ်ငန်းရှင် ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့၊ ည ၇ နာရီဝန်းကျင်က ဖမ်းဆီးခဲ့ပြီး ဦးခေါင်းတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ပစ်ခတ်မှုဖြစ်စဥ်ဟာ ပါတီကိစ္စကြောင့် မဟုတ်ဘဲ ဝက်လုပ်ငန်း လုပ်ကိုင်သူဖြစ်တဲ့ ဦးအောင်ဝင်းစိန်ရဲ့ ကုမ္ပဏီကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ရာဇသံပေးထားတာ ကြာပြီဖြစ်တာကြောင့် ပစ်ခတ်မှုအတွင်း ဦးစံတင့်အနေနဲ့ ကြားညပ်သွားတာ ဖြစ်နိုင်တယ်လို့ DNDP ပါတီ ဥက္ကဋ္ဌ ဦးမင်းလွင်ဦးက VOM ရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားထားပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာရှိ “လပြည့်ဝန်း” လက်ဘက်ရည်ဆိုင်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း (ခ) မင်းမင်း အသက် (၅၃) နှစ်နဲ့ ရွှေဒုံးကျေးရွာတာဝန်ခံ ကိုသန်းဇော် အသက် (၄၅) နှစ်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သူတို့ နှစ်ယောက်က လက်ဘက်ရည်ဆိုင်ထဲမှာ ထိုင်နေတာ။ အဲဒီအချိန် လူငါးယောက်က ဆိုင်ထဲဝင်လာပြီး ပစ်ခတ်ခဲ့တာ။ နှစ်ယောက်လုံး နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာတော့ အခုထိ ဘယ်သူမှ ရေရေရာရာ မသိသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ ဇူလိုင် ၈ ရက်နေ့မှာပဲ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဥယျာဥ်ကျေးရွာက နေအိမ်တအိမ်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် အသက် (၃၆) နှစ်အရွယ်ရှိ သက်နိုင်စိုး (ခ) ကြွက်နီနဲ့ ၎င်းရဲ့ ယောက္ခမဖြစ်သူ အသက် (၄၃) နှစ်အရွယ် ဒေါ်စန်းစန်းအေးတို့ သေဆုံးခဲ့တဲ့အပြင် ကြွက်နီရဲ့ မိန်းမဖြစ်သူ အသက် (၂၇) နှစ်အရွယ်နဲ့ ယောက္ခထီးဖြစ်သူ အသက် (၄၈) နှစ်အရွယ်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အောင်လံမြို့နယ်မှာပဲ ပြလို့တိုက်နယ်၊ ကွမ်းလောင်းကျေးရွာ အဝင်နားမှာ ဇူလိုင် ၅ ရက်နေ့က အသက် (၇၀) ဝန်းကျင်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးအေးဟန် ဆိုသူ ဓားခုတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဦးအေးဟန်ကို ဓားနဲ့ခုတ်သူက ကျောက်စွယ်ကျိုးရွာခံ အသက် ၃၀ ကျော်အရွယ် အမျိူးသား တယောက်ဖြစ်တယ်လို့ သိရတယ်။ ရန်ငြိုးရန်စရှိလို့၊ မကျေနပ်လို့ ဦးအေးဟန် ဆိုင်ကယ်မောင်းပြီး ထွက်လာတဲ့အချိန်၊ ရွာအဝင်ဝမှာ တမင်စောင့်ပြီး ဓားနဲ့ ခုတ်ခဲ့တာ။ သူကတော့ အခုထိ လွတ်မြောက်နေဆဲလို့ သိရတယ်။ ဦးအေးဟန်ကတော့ ဦးခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာတွေရပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲဒီလိုပဲ ဇွန်လ ၁၅ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာရှိ အထက်တန်ကျောင်းခွဲက ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနဲ့ အမျိုးသားဖြစ်သူ ဦးဇော်လတ်တို့ကို အမည်မသိ အဖွဲ့တဖွဲ့က ပစ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ စံသီးကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် (၄၀) ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန်လ ၁၀ ရက်နေ့ကလည်း ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုတ်ဖိုကျေးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဦးတူး ဆိုသူကို အမည်မသိ လူတစုက သတ်ဖြတ်ပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းတွေနဲ့ ဆိုင်ကယ် နှစ်စီးကို ယူဆောင်သွားတယ်လို့ သိရပါတယ်။
ဇွန်လ ၈ ရက်နေ့ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်မှာ အသက် (၅၀) အရွယ် အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင် (ခ) ငလွင်နဲ့ သားဖြစ်သူ အသက် (၂၀) ကျော်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ရဲမာန် ဆိုသူတို့ ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇူလိုင်လ ၆ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေလုံကျေးရွာ၊ ဝှေခါ – အင်းတော်လမ်းပေါ်ရှိ စားသောက်ဆိုင်တဆိုင်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲဘော်တချို့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခန့် အုပ်ချုပ်ရေးမှူးတို့ အချင်းများကြရာမှ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ယောက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို နောက်ထပ် အမျိုးသား နှစ်ယောက်လည်း ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန်လ ၃ ရက်နေ့ကလည်း ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း (ခ) ရှမ်းကြီး ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပြီး အဲဒီ ပစ်ခတ်မှုကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁)၊ တပ်ခွဲ (၄) နဲ့ ပြည်ခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၄) မှ တပ်ဖွဲ့ဝင်တွေက ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
နေအိမ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းကို လက်နက်ကိုင်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးဟာ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကာလအတန်ကြာငြိမ်လာရာက ခုလိုသတ်ဖြတ်တာ​တွေ အုပ်ချုပ်​ရေးမှူးတချို့ကို လက်နက်ကိုင်အဖွဲ့​တွေက ဖမ်းဆီးသွားတာ​တွေ ဒီရက်ပိုင်းပြန်ကြားလာရတာဖြစ်ပါတယ်။
အတည်မပြုနိုင်​သေးတဲ့ သတင်းတခုအရ ပြီးတဲ့ရက်ကဘဲ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်အုပ်စု၊ပိုးတက်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းကို အမည် မသိလက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW