ရွာငံမြို့နယ်မှာ DNDP ပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ လုပ်ငန်းရှင်တဦးကို အမည်မသိလက်နက်ကိုင်လူတစုက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံး

ရွာငံ၊ ဇူလိုင်- ၁၅- ၂၀၂၆
SA(VOM)
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ညောင်ပင်ခွကျေးရွာမှာ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ ဝက်လုပ်ငန်းကုမ္ပဏီလုပ်ကိုင်တဲ့ လုပ်ငန်းရှင် တို့နှစ်ဦးကို ဇူလိုင် ၁၄ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီခဲ့ပြီး ဦးခေါင်းတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
” သူကနေတာ မြင်းကျဒိုးကျေးရွာမှာနေတာ မြောက်ဘက် နှစ်မိုင်လောက်မှာ ညောင်ပင်ခွရွာဆိုတာရှိတယ်၊ အဲ့ဒီရွာရဲ့ ပဌာန်းသိမ်းအောင်ပွဲကို ဖိတ်လို့သွားတာပေါ့၊ သွားရင်းအပြန် အိမ်ဝင်လည်နေရင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်လာပြီးတော့ မြင်းကျဒိုးကလူတွေရှိလားလို့ မေးတယ်လို့ပြောတယ်ဗျ၊ မြင်းကျဒိုးက လူနှစ်ယောက်တွေ့တော့ ဖမ်းခေါ်သွားပြီး အဲ့ဒီအိမ်ရဲ့ အပြင်မှာတင် လက်ပြန်ကြိုးတုတ်ပြီး အနောက်ကနေ ဦးခေါင်းကို သေနတ်နဲ့ပစ်သွားတယ်လို့ သိရပါတယ်” လို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးမင်းလွင်ဦးက VOM ကိုပြောပါတယ်။
သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံရတဲ့ ဦးစံတင့်ဟာ ဓနုတိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီပါတီ မှာ ၂၀၁၉ ခုနှစ်ကတည်းက ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေတာဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်ရှိပြီလို့ သိရပါတယ်။
” ဦးစံတင့်က ကြားညပ်သွားတာနဲ့တူတယ်၊ ပါတီကိုရည်ညွှန်းပြီး တိုက်ခိုက်တာတော့မဟုတ်ပါဘူး၊ ကျနော်ပြန်ကြားတဲ့သတင်းအရတော့ ဦးစံတင့်က မြင်းကျဒိုးသားဖြစ်နေတော့ ဝက်ကုမ္ပဏီအဖွဲ့ကို သူတို့က ရာဇသံပေးထားတယ်လို့ပြောတာပဲ၊ ပါတီကမှန်းလည်းသိပုံမပေါ်ပါဘူး၊ သူ့ကိုလာရှာရင်းနဲ့မှ ကြားညပ်သွားတာဖြစ်မှာပါ လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
ဦးစံတင့်နဲ့ ဝက်ကုမ္မဏီလုပ်ကိုင်သူ ဦးအောင်ဝင်းစိန် သတ်ခံရတဲ့ကိစ္စဟာ ပါတီ ကိစ္စကြောင့်မဟုတ်ပဲ ဝက်လုပ်ငန်းလုပ်သူဖြစ်တဲ့ ဦးအောင်ဝင်းစိန် တို့ ကုမ္ပဏီကို အမည်မသိလက်နက်ကိုင်အဖွဲ့က ရာဇသံပေးထားတာ ကြာပြီဖြစ်ကြောင်းနဲ့ ဒီကိစ္စမှာ ဦးစံတင့်အနေနဲ့ ကြားညပ်သွားတာဖြစ်နိုင်ကြောင်း ဦးမင်းလွင်ဦးက ပြောပါတယ်။
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဟာ ၂၀၁၂ ခုနှစ် ကတည်းက စတင်တည်ထောင်ထားတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ပွဲဥပဒေအရ အသစ်ပြန်ပြီး တည်ထောင်ခဲ့ကာ လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲအတွင်း ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တဦး၊ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တဦး နဲ့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ပါတီမှာ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး အနိုင်ရရှိထားတယ်လို့ သိရပါတယ်။
ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ခံရမှုတွေ ခပ်စိပ်စပ်ပြန်လည်ဖြစ်ပွားနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW