ဇူလိုင် ၁၅၊ ၂၀၂၆
NN(VOM)
လားရှိုးမြို့မှာ အစိုးရတပ်ကကိုယ်စားလှယ်တွေနဲ့ MNDAA တပ်ဖွဲ့တာဝန်ရှိသူတွေ မနေ့ ဇူလိုင် ၁၄ရက်က တွေ့ဆုံကြပြီးနောက် စစ်သုံ့ပန်း ၄၂ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။
ပြန်လွတ်လာတဲ့ စစ်သုံ့ပန်းတွေကို စစ်ဆေးရုံမှာ ဆေးကုသပေးနေပြီး သက်ဆိုင်ရာ တပ်ရင်းတွေကို ပြန်ပို့မယ်လို့လည်း သိရပါတယ်။
“မနေ့က ဆင်နှစ်ကောင်ဟိုတယ်မှာ သူတို့ ပုံမှန်အတိုင်း တွေ့တယ်။ မနေ့ပဲ စစ်သုံ့ပန်း ၄၂ ယောက်ကို ပြန်လွှဲခဲ့တယ်” လို့ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
မနေ့က တွေ့ဆုံပွဲမှာတော့ ဘယ်အချက်တွေကို ဆွေးနွေးခဲ့တယ်ဆိုတာကို အတိအကျ မသိရပါဘူး။
ဒါပေမယ့် ရလဒ်ကောင်းတွေ ရှိခဲ့တဲ့အတွက် စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာ ဖြစ်တယ်လို့ မြို့ခံတွေက ယူဆနေကြပါတယ်။
ပြန်လွတ်လာတဲ့ စစ်သုံ့ပန်းအားလုံးဟာ တပ်မတော်သားတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေး မကောင်းတဲ့သူတွေကိုသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ကျန်းမာသန် စွမ်းတဲ့သူတွေကတော့ ဆက်ပြီး ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ အဖမ်းခံထားရတဲ့သူတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
“ကျမ အမျိုးသားဆို ပြန်မလွတ်သေးဘူး။ ကျန်းမာရေးကောင်းတဲ့သူဆို မလွှတ်ဘူးတဲ့။ နေမကောင်းတဲ့သူပဲ လွတ်တာ။ ဟိုမှာက အစားအသောက် အဆင်မပြေဘူးတဲ့။ သူများတွေလိုပဲ သူ့ကိုလည်း ပြန်လွတ်လာစေချင်တယ်” လို့ စစ်သုံ့ပန်း မိသားစုဝင် တယောက်က ပြောပါတယ်။
တရုတ်အစိုးရ ကြားဝင်ပေးမှုကြောင့် MNDAA နဲ့ အစိုးရတပ်တို့ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း လားရှိုး ဆင်နှစ်ကောင်ဟိုတယ်မှာ တလကို နှစ်ကြိမ် တွေ့ဆုံလေ့ရှိပါတယ်။
တွေ့ဆုံတဲ့ ရလဒ်အပေါ် မူတည်ပြီး MNDAA တပ်ဖွဲ့က စစ်သုံ့ပန်းတွေကို မကြာခဏ ပြန်လွှတ်ပေးနေတာပါ။
ပြီးခဲ့တဲ့လတုန်းကလည်း အစိုးရတပ် စစ်သုံ့ပန်း နှစ်ရာနီးပါးကို MNDAA တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ MNDAA တပ်ဖွဲ့က အစိုးရတပ် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း စစ်သုံ့ပန်း ခြောက်ထောင်ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
လားရှိုးတိုက်ပွဲအပြီးမှာတော့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သုံ့ပန်း ငါးထောင်နီးပါးကို ပြန်လွှတ်ပေးထားပါတယ်။
နောက်ထပ် စစ်သုံ့ပန်း ဘယ်လောက်အထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ် ဆိုတာကိုတော့ အစိုးရဘက်ကရော MNDAA ဘက်ကပါ ထုတ်ပြန်တာ မရှိပါဘူး။
