KKA(VOM)
နိုင်ငံတနိုင်ငံရဲ့ အဓိကမောင်းနှင်အားဟာ ရုပ်ဝတ္ထုပစ္စည်းတွေ မဟုတ်ဘဲ လူသားအရင်းအမြစ် (Human Resources) ပဲဖြစ်ပါတယ်။ အထူးသဖြင့် တက်ကြွလှုပ်ရှားပြီး ဖန်တီးနိုင်စွမ်းရှိတဲ့၊ သင်ယူချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ လူငယ်ထုဟာ တိုင်းပြည်တပြည်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန် ပြည်တွင်းမှာက လုံလောက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ထိုက်တန်တဲ့ လစာနှုန်းထား မရရှိတာက အဖိုးတန်လူငယ်အင်အားစုတွေ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေကြရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများဆုံးနဲ့ အမြန်ဆုံး ဖန်တီးပေးနိုင်ဖို့အတွက် အဓိကကျတဲ့ ကဏ္ဍနှစ်ခုကို အာရုံစိုက်ဖို့ အစိုးရနဲ့ လုပ်ငန်းရှင်ကြီးတွေ အထူးလိုအပ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အခြေခံအလုပ်သမားတွေကစလို့ အင်ဂျင်နီယာတွေ၊ ဗိသုကာပညာရှင်တွေနဲ့ စီမံခန့်ခွဲသူတွေနဲ့ ပန်းရန်၊ လက်သမားနဲ့ ကဏ္ဍစုံက လူသားအရင်းမြစ်တွေကို တပြိုင်နက်တည်း အလုပ်ပေးနိုင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဘိလပ်မြေ၊ သံမဏိနဲ့ သယ်ယူပို့ဆောင်ရေးစတဲ့ ဆက်စပ်လုပ်ငန်းတွေကိုပါ လည်ပတ်စေလို့ အလွှာအသီးသီးကို အလုပ်တွေ ပေးနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံမှာ ၉၀ ရာခိုင်နှုန်းကျော်ဟာ SMEs တွေ ဖြစ်ကြပါတယ်။ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနဲ့ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ SMEs တွေကို မြှင့်တင်ပေးတာက ဒေသတွင်းစီးပွားရေးကို အားကောင်းစေပြီး လူငယ်တွေအတွက် ကိုယ်ပိုင်တီထွင်ဖန်တီးခွင့်နဲ့ လုပ်ငန်းခွင်သစ်တွေကို ဖြစ်ထွန်းစေပါတယ်။
“ကျနော်တို့ပြည်တွင်းမှာပဲ လုပ်ကိုင်စားသောက်ချင်ပါတယ်။ ဒါပေမဲ့ ကိုယ်သင်ယူထားတဲ့ ပညာရပ်နဲ့ ထိုက်တန်တဲ့ လုပ်ငန်းခွင် ရှားပါးနေသလို၊ ရတဲ့လစာကလည်း အခြေခံစားဝတ်နေရေးကို မဖူလုံစေဘူး။ အလုပ်အကိုင်သစ်တွေနဲ့ မျှတတဲ့ လစာအခွင့်အလမ်းသာ ရှိမယ်ဆိုရင် ကိုယ့်မိသားစုနားမှာပဲ အခြေချပြီး တိုင်းပြည်အတွက် စွမ်းအားရှိသရွေ့ ကြိုးစားချင်ပါတယ်ခင်ဗျာ။”လို့ ပြည်ပထွက်ဖို့ ပြင်ဆင်နေတဲ့ စီးပွားရေးနဲ့ဘွဲ့ရထားသူ ကိုသူရအောင်က VOMကိုပြောပါတယ်။
လူငယ်တွေ ပြည်ပကို ထွက်ခွာရတဲ့ အဓိကတွန်းအားက ပြည်တွင်းရှိ ကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့ မမျှတတဲ့ လစာငွေတွေကြောင့်ပဲ ဖြစ်ပါတယ်။ ရုန်းကန်ရသမျှနဲ့ ရရှိတဲ့ဝင်ငွေ မမျှတတဲ့အခါ လူငယ်တွေဟာ အနာဂတ်လှပဖို့၊ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ပြည်ပကို ထွက်ခွာဖို့ အဓိကရွေးချယ်ကြရတာ ဖြစ်ပါတယ်။ပြည်တွင်းမှာ လူမှုစီးပွားဘဝကို ပြည့်စုံအောင်၊ လူငယ်တွေရဲ့ အနာဂတ်လင်းလက်အောင် အဓိက အစိုးရအနေနဲ့ ဖန်တီးပေးထားရင် ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ လူငယ်တွေဟာ ပြည်တွင်းမှာပဲ ရှိနေကြမှာဖြစ်ပါတယ်။
နောက်ထပ်ပြည်ပကို ထွက်ဖို့ပြင်ဆင်နေတဲ့ အင်ဂျင်နီယာ မြို့ပြ ဘွဲ့ရထားသူ ကိုသွင်သူရဦးက”ဘယ်သူမှတော့ ကိုယ့်အိမ်၊ ကိုယ့်မိသားစုနဲ့ ခွဲပြီး တပါးပြည်မှာ သွားပြီး ကျဉ်းကျဉ်းကျပ်ကျပ် မရုန်းကန်ချင်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းက ကုန်ဈေးနှုန်းနဲ့ လစာက လုံးဝမမျှတတော့ အနာဂတ်အတွက် မျှော်လင့်ချက် ပျောက်ဆုံးသလို ခံစားရတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ လူမှုဘဝနဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ပြည်ပထွက်ဖို့ ဆုံးဖြတ်ခဲ့ရတာပဲ။”လို့ VOMကိုပြောပါတယ်။
အလုပ်အကိုင်နဲ့ လစာကောင်းတွေ ဖန်တီးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှာလည်း ကိုယ်စီအခန်းကဏ္ဍတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေပြန်ပါတယ်။
အစိုးရ (Government) က မူဝါဒကောင်းတွေ ချမှတ်ပေးဖို့၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့၊ အခွန်လျှော့ပေါ့ဖို့နဲ့ ကူညီပံ့ပိုးမှုတွေပေးဖို့ လိုအပ်ပါတယ်။ ဒါတွေကလည်း အစိုးရတရပ်အနေနဲ့ ချမှတ်ပြီးသားတွေ ဖြစ်ဖို့များပါတယ်။ အစိုးရက ချမှတ်လုပ်ဆောင်ပေးထားတာတွေကို တာဝန်ရှိသူတွေက မှန်မှန်ကန်ကန် စိစစ်လုပ်ဆောင်အ ကောင်ထည်ဖော်ပေးသွားရင် လုပ်ငန်းရှင်တွေအတွက်ရော အလုပ်အကိုင်လိုအပ်နေသူတွေအတွက်ပါ အဆင်ပြေချောမွှေ့သွားမှာ ဖြစ်ပါတယ်။
သူဌေးတွေ၊ လုပ်ငန်းရှင်တွေဘက်ကလည်း ရေရှည်မျှော်မှန်းချက်နဲ့ ရင်းနှီးမြှုပ်နှံကြဖို့၊ အလုပ်သမားတွေအပေါ် ခေါင်းပုံမဖြတ်ဘဲ ထိုက်တန်တဲ့ လစာပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို ထိုက်တန်တဲ့လစာပေးဖို့အတွက်ကျပြန်တော့လည်း လုပ်ငန်းလည်ပတ်မှုစရိတ် (Running Cost) ကြီးမြင့်တာ၊ စွမ်းအင် (လျှပ်စစ်မီး) နဲ့ ကုန်ကြမ်းရှားပါးတဲ့ စိန်ခေါ်မှုတွေကြောင့် လုပ်ငန်းရှင်တွေဘက်ကလည်း အခက်အခဲ ဖြစ်နေပါတယ်။ ဒါတွေကို အစိုးရနဲ့ ပေါင်းစပ်ညှိနှိုင်းတာတွေ လုပ်နိုင်ကြရင် အခွင့်အလမ်းကောင်းတွေ ပေါ်လာမှာဖြစ်ပါတယ်။
“ကျနော်တို့လည်း ဝန်ထမ်းတွေကို လစာကောင်းကောင်းပေးပြီး ရေရှည်လက်တွဲချင်တာပေါ့။ ဒါပေမဲ့ လက်ရှိမှာ လျှပ်စစ်မီးမမှန်လို့ မီးစက်မောင်းရတဲ့ စရိတ်၊ ကုန်ကြမ်းသယ်ယူပို့ဆောင်ခနဲ့ လည်ပတ်မှုစရိတ်တွေက အဆမတန် မြင့်တက်နေပါတယ်။ အစိုးရဘက်ကသာ မူဝါဒပိုင်း၊ အခြေခံအဆောက်အအုံပိုင်းနဲ့ ကုန်ကြမ်းရရှိမှုကို ကူညီညှိနှိုင်းပေးမယ်ဆိုရင် လုပ်ငန်းလည်ပတ်စရိတ် ကျသွားပြီး လူငယ်တွေကို ပိုမိုထိုက်တန်တဲ့ လစာနဲ့ အလုပ်အကိုင်တွေ တိုးချဲ့ပေးနိုင်မှာ အသေအချာပါပဲ။”လို့ လုပ်ငန်းရှင်တဦးက VOMကိုပြောပါတယ်။
လူသားအရင်းမြစ်ကို အမိအရ ဆုပ်ကိုင်အသုံးချနိုင်ရေးဟာ ဆောင်းပါးတစ်ပုဒ်၊ စကားတစ်ခွန်းနဲ့ မပြီးဘဲ အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ လုပ်ငန်းရှင်တွေရဲ့ လူသားချင်းစာနာပြီး ရေရှည်ကြည့်တတ်တဲ့ အမြော်အမြင်၊ လူငယ်တွေရဲ့ အရည်အချင်း ဒီသုံးဦးသုံးဖလှယ် ပေါင်းစပ်မှုအပေါ်မှာ တည်မှီနေပါတယ်။
အစိုးရနဲ့ သူဌေးလုပ်ငန်းရှင်တွေက ပြည်တွင်းမှာ ဆောက်လုပ်ရေးနဲ့ SME တို့လို ကဏ္ဍကြီးတွေကို တိုးချဲ့ပြီး ရေရှည်ရပ်တည်နိုင်မယ့် လစာကောင်းကောင်း၊ အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးနိုင်မယ်ဆိုရင် ပြည်ပကို ထွက်ခွာနေရတဲ့ မြန်မာ့ရွှေစင်ရွှေခဲ လူငယ်ထုဟာ အမိမြေမှာပဲ အနာဂတ်ပန်းတိုင်ကို လှပစွာ ထုဆစ်နိုင်ကြမှာလည်းဖြစ်ပါတယ်။
