ဇူလိုင် ၁၅၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့က သီပေါတံတားမှာ ကားတွေ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်တာကြောင့် လားရှိုး-မူဆယ်လမ်းကြောင်းကို အသုံးပြုတဲ့ ခရီးသွားပြည်သူတွေဟာ အခုချိန်အထိ ကားတဆင့် ပြောင်းစီးပြီး သွားလာနေရဆဲဖြစ်တယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
“သီပေါတံတားပေါ်ကနေ အချိန်ကန့်သတ်ပြီး လူတော့ လမ်းလျှောက်ဖြတ်လို့ရတယ်။ ဒါပေမယ့် လမ်းလျှောက်ရတာ ဝေးတယ်။ စက်လှေနဲ့ မြစ်ကူးရင်တော့ လမ်းသိပ်မလျှောက်ရဘူး။ လှေစီးခက တယောက်ကို ကျပ်တသောင်း ပေးရတယ်” လို့ ခရီးသွားပြည်သူတယောက်က VOM ကို ပြောပါတယ်။
စက်လှေနဲ့ မြစ်ကူးဖို့ဆိုရင် အလှည့်ကျ တန်းစီစောင့်ဆိုင်းရတာတွေ ရှိပြီး၊ တံတားပေါ်ကနေ လမ်းလျှောက်ဖြတ်မယ်ဆိုရင်တော့ ပစ္စည်းအနည်းငယ်သာ ပါသူတွေအတွက် ပိုအဆင်ပြေတယ်လို့ သူက ဆိုပါတယ်။
“ပစ္စည်း သယ်ခက ကားဂိတ်က ပေးရတာ။ မြစ်ဆိပ်ကနေ ဆိုရင် ပစ္စည်း သယ်ခပိုသက်သာတယ်။ သူက ကားတစီးစာ အပြတ် ပေးရတာ။ တံတားပေါ်ကနေ ဆိုရင် လူ တယောက် တနိုင်စာ ၅၀၀၀ ပေးရတယ်။ ကုန်ကျစရိတ် ပိုများတယ်” လို့ ခရီးသည်တင်ယာဉ်မောင်းတယောက်က VOM ကို ပြောပါတယ်။
ပစ္စည်းအများအပြား သယ်ဆောင်ရသူတွေအတွက် တံတားပေါ်ကနေ လမ်းလျှောက်ဖြတ်ရင် သယ်ယူစရိတ် ပိုများတာကြောင့် မိုးတွင်းကာလ သွားလာရ ခက်ခဲ ပေမယ့် စက်လှေဆိပ်ကိုပဲ အဓိက အသုံးပြုနေကြတယ်လို့လည်း သိရပါတယ်။
သီပေါတံတားကနေ ကားတွေ ဖြတ်သန်းခွင့် မရသေးတာကြောင့် ခရီးသွားပြည်သူတွေဟာ ခရီးစရိတ် ပိုကုန်ကျနေရသလို ကားအပြောင်းအလဲလုပ်ရတာ၊ စောင့်ဆိုင်းရတာတွေကြောင့် ခရီးစဉ် ကြန့်ကြာမှုတွေလည်း ဖြစ်ပေါ်နေပြီး မိုးတွင်းကာလမှာ ပိုပြီး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
သီပေါတံတားဟာ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်က အရေးပါတဲ့ တံတားတစင်းဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ တံတားပေါ်ကနေ လူတွေကို အချိန်ကန့်သတ်ပြီး ဖြတ်သန်းခွင့်ပြုထားပေမယ့် မော်တော်ယာဉ်တွေကိုတော့ ဖြတ်သန်းခွင့် မပြုသေးတာကြောင့် ခရီးသည်တွေနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အချိန်နဲ့ ကုန်ကျစရိတ် ပိုမိုမြင့်တက်နေတယ်လို့ သိရပါတယ်။
Photo Crd# ပုံဟောင်း
