သူတို့အိမ်အခန်း (၁၇၁)

ဆူးငှက်

ပေါက်ကွဲေ တော့မည့် မီးတစ်စ
——————————-

ပြည်သူအတွင်း အများဆုံး လည်ပတ်နေသည့် ငွေစက္ကူများကို တရားမဝင်တော့ကြောင်း ရုတ်တရက်ကြေညာလိုက်အပြီး ၁၉၈၇ခု စက်တင်ဘာလအတွင်း တစ်ပြည်လုံးရှိ ကောလိပ်နှင့် တက္ကသိုလ်အသီးသီးတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒပြကာ လှည်းတန်းလမ်းဆုံ တွင်လည်း အုံကြွမှုဖြစ်ခဲ့ပြီး ကမာရွတ်မြို့နယ် ပြည်သူ့ကောင်စီရုံးကို လူထုကဖျက်စီ်ခဲ့သည်။ ထိုနေ့ည ၈နာရီတွင် စာမေးပွဲဖြေဆိုနေဆဲဖြစ်သော တက္ကသိုလ်များအား ၆-၉-၁၉၈၇ နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း မြန်မာ့အသံမှ ကြေငြာလိုက်သည်။ ထိုကျောင်းများအား ၂၆-၁၀-၁၉၈၇ နေ့တွင် ပြန်ဖွင့်၊ စာမေးပွဲဆက်ဖြေခိုင်းပြီး ပိတ်လိုက်ပြန်သည်။

၁၉၈၇ခု စက်တင်ဘာ ၂၂ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်မှ ၄၅ကျပ်တန်နှင့် ၉၀ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်များ စတင်ထုတ်ဝေ။ ၁၉၈၇ခု အောက်တိုဘာ ၂၇ရက်တွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ပြီး နိုင်ဝင်ဘာလဆန်း၌ စစ်တွေ ကောလိပ် တွင် ကျောင်းသားများ ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြန်သည်။ ထို့အတူ ပျဉ်းမနား ရေဆင်း တက္ကသိုလ်တွင် ကျောင်းသားများ ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။ ၁၉၈၇ နိုဝင်ဘာလ ၁၇ရက်နေ့တွင် ရန်ကုန်မြို့၌ ဗုံးတလုံး ပေါက်ကွဲပြီး ရန်ကုန်မြို့ရှိ ချက်ကိုဆလိုဗက် သံရုံးလည်း ဗုံးနှင့်အပစ်ခံရသည်။ ၁၉၈၈ခု မတ်လ ၁၂ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလက ကျောင်းသားအချို့နှင့် ကြို့ကုန်းရပ်ကွက် အတွင်းရှိ လူငယ်တချို့ ‘စန္ဒာဝင်း’ လက်ဘက်ရည်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွားကြ၏။

နောက်ရက် ၁၃ရက်နေ့တွင် ရန်ကုန်စက်မှု တက္ကသိုလ်၌် မကျေနပ်မှု ဖြစ်ပွားနေသော ကျောင်းသားများကို လုံထိန်းများက သေနတ်နှင့် ပစ်ခတ်ဖြေရှင်းသဖြင့် ပဉ္စမနှစ် ကုန်ထုတ် ဓာတုဗေဒအဓိက ကျောင်းသား ကိုဘုန်းမော် နေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးသွားပြီး (ဆရာများ အပါအဝင်) ကျောင်းသား အများအပြား ဒဏ်ရာရသွားတော့သည်။ နောက်ရက်တွင်လည်း မကျေနပ်မှု ကြီးထွားနေသော ရန်ကုန်စက်မှု တက္ကသိုလ်မှ ကျောင်းသားများအား နေထိုင်ရာ ကျောင်းဝင်းအား စစ်တပ်မှ ဝင်ရောက်စီးနင်းကာ ကျောင်းသားအများ အပြားအား ဖမ်းဆီးပြီး ည ၈နာရီ မြန်မာ့အသံမှ ရန်ကုန်စက်မှုတက္ကသိုလ်အား ရက်အကန့်အသက်မရှိ ပိတ်လိုက်ကြောင်း ကြေငြာလိုက်သည်။

 

လူထုကြားက မကျေနပ်မှုတွေ
—————————

မတ်လ ၁၆ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ကန့်ကွက်ဆန္ဒပြ နေကြသော ကျောင်းသားများအား လုံထိန်း က ဝိုင်းလိုက်သည်။ ဆန္ဒပြကျောင်းသားများ ကျောင်းဝင်းအပြင် ထွက်ပြီး ရန်ကုန်တက္ကသိုလ် (လှိှုင်) သို့ ချီတက်စဉ် လုံထိန်းများက တံတားဖြူတွင် တားဆီးပြီး အကြမ်းဖက်ဖြိုခွဲခဲ့၍ ကျောင်းသားတချို့ သေဆုံး၊ အများအပြား ဒဏ်ရာရ အဖမ်းခံကြရ၏။ ထိုစဉ် တက္ကသိုလ်အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ည ၈နာရီတွင် မြန်မာ့အသံမှ အစိုးရက ကြေငြာလိုက်သည်။ ထို့နောက် မတ်လ ၁၆ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက် ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်းနှင့် ပတ်သတ်ပြီး စုံစမ်း စစ်ဆေးတင်ပြရန် စုံစမ်း ရေးကော်မရှင်ကို နိုင်ငံတော်ကောင်စီကှ အမိန့်ကြော်ငြာစာ အမှတ် ၄၅/၈၈ ဖြင့် ဖွဲကစည်းပေးခဲ့သည်။ အစီရင်ခံစာတွင် ကျောင်းသားတယောက် မည်သည့်သေနတ်ဖြင့်၊ မည်သူ၏ လက်ချက်ဖြင့် သေဆုံးရသည်၊ အလားတူအရေးအခင်းမျိုး ထပ်မံမပေါ်ပေါက်စေရေး ဆောင်ရွက်သင့် သည့်အချက်များအား ကော်မရှင်မှ ၁၇-၄-၁၉၈၈ နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်ကောင်စီသို့ တင်ပြရမည်ဟု ဖော်ပြထားသည်။

ဇူလိုင်လတွင် ရန်ကုန်တွင်း ဆန္ဒပြပွဲများက ဆက်တိုက် ဖြစ်ပေါ်နေ၏။ သွေးထွက်သဲယိုမှုများလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် သြဂုတ်လ တွင် နိုင်ငံတော်ကို ထိပါးနှောင့်ယှက်မည့် အန္တရာယ်မှ ကြိုတင်ကာကွယ်ရန်ဟုဆိုကာ ဗိုလ်မှူးချုပ် ဟောင်းအောင်ကြီး အပါအဝင် (၉)ဦးကို အာဏာပိုင်တို့က ထိန်းသိမ်းလိုက်သည်။ တဆက်တည်းပင် ကျောင်းသူကျောင်းသားများနှင့် ပြည်သူအချို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်း၌ ဆန္ဒပြလှည့်လည်မှုများ ပြုလုပ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အရေးပေါ်အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်သည်။ ဆန္ဒပြမှုများ နေရာကွက်ကျား တွင် ဆက်လက်ဖြစ်ပွားလျှက်ရှိသောကြောင့် ပဲခူး၊ သနပ်ပင်၊ ရေနံချောင်းမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။

 

အရေးပေါ်ပါတီညီလာခံ
—————————

၁၉၈၈ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံအတွင်း အထွေထွေ မငြိမ်သက်မှုများကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၏ အရေးပေါ် ပါတီညီလာခံ ကို ရန်ကုန်မြို့ ကျိုက္ကစံဝင်းအတွင်း ဆရာစံခန်းမတွင် စတင်ကျင်းပသည်။ ထိုညီလာခံတွင် ပါတီဥက္ကဌ ဦးနေဝင်းက ရေဒီယို နှင့် ရုပ်မြင်သံကြားမှတဆင့် တိုင်းပြည်သို့ မိန့်ခွန်းပြောကြားခဲသည်။။ မိန့်ခွန်းတွင် လူထုအနေနှင့် ပါတီစုံနှင့် တပါတီ ဘယ်ဟာကို ကြိုက်နှစ်သက်ကြောင်း၊ တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပပေးရန် ပါတီဥက္ကဌ ဦးနေဝင်းက ပြောဆိုလိုက်ပြီး ပါတီဥက္ကဌအဖြစ်မှ ဦးနေဝင်းက နုတ်ထွကကာ ဦးစိန်လွင် သမ္မတဖြစ်လာ တော့၏။ ထို့ပြင် တဆက်တည်းပင် ဆန္ဒပြမှုများကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်၍ ဦးနေဝင်းက ‘စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်’နှင့် ‘နောင်ကို ဆူဆူပူပူလုပ်ရင် အသက်သာဘူးသာ မှတ်ပေရော့’ ဟူသော ပြောဆိုလိုက်ရာ တစ်ပြည်လုံး အုန်းအုန်းကြွက်ညံသွားတော့၏။ ထို့ပြင် အထူးသဖြင့် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဖြစ်စဉ်က သံဃာတော်များအပေါ် မောက်မောက်မာမာ ဆက်ဆံခဲ့သည့် ဦးစိန်လွင်လိုလူစားမျိုးအား သမ္မတခန့်အပ်ခြင်းကို သံဃာထုက မကျေနပ်ကြောင်း ဟောပြောကြ တော့သည်။

၁၉၈၈ခု သြဂုတ်လ ၈ရက်နေံမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုအုံကြွမှုကြီး ပေါက်ကွဲဖြစ်ပွားသည်။ ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အသီးသီးတွင် ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကြသည်။ ညပိုင်းတွင် ရန်ကုန်မြို့တွင်း၌ ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းခြင်းများ ရှိခဲ့သည်။

 

သြဂုတ်လ ၈ရက် မန္တလေး
—————————–

၁၉၈၈ သြဂုတ်လ ၈ရက်နေ့မှာပဲ အားလုံးချိန်းချက်ထားကြသလို မန္တလေးတွင်လည်း လူထုလှုပ်ရှားမှုတွေ စတင်ပါပြီ။ မန္တလေးက နာမည်ကျော် မြတောင်ကျောင်းတိုက်၏ “အေ” လမ်းဘက်က တံတိုင်းနံရံမှာ ခံစားချက်က ပွင့်အန် ထွက်လာသော ပိုစတာတွေ ကပ်ထားကြပြီ။ အလားတူ အာဇာနည်လမ်းဖက်က ဂွေးချိုတိုက် တံတိုင်းနံရံ၊ မစိုးရိမ်တိုက်သစ် တိုက်ဟောင်း တံခါးတိုင်းနှင့်နံရံများနှင့် ဒက္ခိဏာရာမဘုရားကြီးတိုက်၊ အိမ်တော်ရာဘုရား၊ သကျသီဟဘုရား မုခ်တိုင်များ တွင်လည်း ပိုစတာတွေ ဖွေးဖွေးလှုပ် နေပါပြီ။ နေက်နေ့ ၉ရက်မှသည် ၁၂ရက်အထိ ရှေ့နေတွေ ဆရာဝန်တွေ ကျူရှင်ဆရာတွေ စသည်ဖြင့် လူတန်းစား အသီးသီးလည်း ပါဝင်လာကြသည်။

မနက် ဆွမ်းစားအပြီးမှာတော့ ရဟန်းသံဃာတော်များ၏ ဦးဆောင်မှု ပါဝင်မှု၊ စတင်မှုတွေကြောင့် တစ်မြို့လုံး ဝါဝါထိန်လာ၏။ ထိုအချိန် ဝတ္ထုတိုလှိုင်းသစနှင့် စုစည်းမိနေကြသော မန္တလေး စာရေးဆရာ လူငယ်များက ကြွေးကြော်သံတွေ အုန်းအုန်းကြွက်နေချိန်မှာပဲ ၈၄ လမ်းက လူထုသတင်းစာတိုက်ထဲက အတွင်းဧည့်ခန်းမှာ စာရေးဆရာ သတင်းစာဆရာမကြီး ဒေါ်ဒေါ်လူထုဒေါ်အမာ နှင့်အတူ ရှိနေကြသည်။ ဒေါ်ဒေါ်က သြဂုတ် ၈ ရက်နေ့မှသည်၊ သည်ကနေ့ သြဂုတ် ၁၂ ရက် အထိ လူထုအုံကြွမှုအပေါ် အစိုးရရဲ့ ဖြေရှင်းကိုင်တွယ်ပုံကို စိတ်မချမ်းမသာဖြစ်နေ၏။

ပြည်သူလူထုကိုယ်စား ပြောသင့်ပြောထိုက်၊ တောင်းဆိုသင့် တောင်းဆိုထိုက်တာတွေကို စာပေ သမားတွေက “ပြည်သူ့စကား” လုပ်ရမယဟို ယုံကြည်နေ၏။ ထို့ကြောင့် ဒေါ်ဒေါ် က “မန္တလေးဆိုတာ စာပေတင် မကဘူး၊ သဘင်၊ ဂီတ၊ ပန်းချီပန်းပုစတဲ့ အနုပညာရှင်အသီးသီးက ပြည်သူတွေရဲ့ ဆန္ဒတွေ၊ ပြည်သူတွေရဲ့ လိုလားချက်တွေကို ပြည်သူတွေ ကိုယ်စား ထုတ်ပြန်ကြရမှာကွယ့်၊ ဒီထုတ်ပြန်ချက်ကို ဒို့တစ်တွေအားလုံး လက်မှတ်ထိုးပြီး၊ ကမ္ဘာသိ အောင်၊ တစ်တိုင်းတစ်ပြည်လုံး သိအောင်၊ အာဏာရှိ အစိုးရ၊ အာဏာရှိ ပါတီကအစ သိအောင် ချက်ချင်းဆောင်ရွက်ရမယ်” ဟု ပြောပြသည်။်။

ထို့ကြောင့် ပုံနှိပ်တိုက်က ရိုက်ပျက် စက္ကူချော တစ်ဖက်လွတ်မှာ သဘောထား ကြေညာချက်ကို ရေးသား ကြသည်။

 

မန္တလေးက ဆောင်ရွက်ချက်
—————————-

“မန္တလေးစာပေပညာရှင်များ၊ သဘင်ပညာရှင်များ၊ ဂီတပညာရှင်များ၊ ပန်းချီပန်းပုပညာရှင်များနှင့် ယဉ်ကျေးမှု မျက်နှာစာအသီး သီးမှ ပညာရှင်များ၏ ပြည်သူများ ကိုယ်စားတောင်းဆိုချက်” ဟု ခေါင်းစီးတင်လိုက်သည်။ ဘာ့လို့ ဒီလိုတောင်းဆိုတာလဲ။ ဒါကို ဒီလို နိဒါန်းချီလိုက်၏။

“မန္တလေးမြို့ရှိ၊ စာပေ သဘင် ဂီတ ပန်းချီ ပန်းပု စသော ယဉ်ကျေးမှု မျက်နှာစာအသီးသီးမှ ပညာရှင်များ ဝါသနာရှင်များ ဖြစ်ကြ သော အောက်တွင် လက်မှတ်ရေးထိုးထားသူများက ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ရန်ကုန်မြို့နှင့် အခြားနယ်မြို့ကြီး၊ မြို့နယ်များနှင့် ကျေးရွာများတွင် ပေါ်ပေါက်ခဲ့သည့် ပြည်သူတို့၏ အုံကြွမှု၊ ဆန္ဒပြမှု အရေးအခင်းများနှင့် ပတ်သက်၍၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့၏ မေတ္တာရပ်ခံ သြဝါဒပေးချက်များနှင့် အညီ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ ပေးအပ်ထားသော ပြည်သူတို့၏ ရပိုင်ခွင့်အရလည်းကောင်း၊ တရားဥပဒေဘောင်အတွင်းမှ အောက်ပါအတိုင်း ဆန္ဒ သဘောထားရှိကြောင်း တင်ပြအပ်ပါသည်”တဲ့။ တင်ပြတဲ့အချက်တွေကိုလည်း အစိုးရက လိုက်နာ ဆောင်ရွက်ပေးပါဟု လေးလေးနက်နက် တောင်းဆိုလိုက်ပါသည်လို့လည်း ပါရှိသည်။

ထိုအချက်များမှာ (၁)ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုတဲ့ အချက်တွေကို အလေးအနက် အသိအမှတ်ပြုရမယ်။ (၂) ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မည်သည့်နည်းနှင့်မျှ လက်နက်နှင့် ဖြေရှင်းခြင်း မပြုရဘူး။ (၃) ပြည်သူတစ်ရပ်လုံးရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို သေးသိမ် စေမယ့် တစ်ဖက်သတ် ဝါဒဖြန့်မှုတွေ၊ မမှန်မကန် လုပ်ကြံ သတင်းလွှင့်မှုတွေ အမြန်ဆုံး ရပ်စဲရမယ်။ (၄) ဆန္ဒပြပွဲအတွင်း လက်နက်နဲ့ မတရား ပစ်ခတ်နှိမ်နင်းလို့ သေဆုံးခဲ့ရသူတွေအတွက် အာဏာရပါတီနဲ့ အစိုးရက ထိုက်တန်စွာ လျော်ကြေး ပေးရမယ်။ (၅) ဆန္ဒပြပွဲတွေ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူ မှန်သမျှ ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရမယ်။ (၆) ဆန္ဒပြမှုအတွင်း ရက်စက်စွာ ဖြိုခွင်းမှု ကြောင့် သေဆုံးသူများ စာရင်းကို အတိကျဆုံး အမြန ်ဖော်ထုတ်ပေးရမယ်။ (၇) တစ်နိုင်ငံလုံးက ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အသေခံ အဖမ်းခံပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တစ်ပါတီစနစ် ဖျက်သိမ်းပြီး ပါတီစုံ စနစ်ထူထောင်နိုင်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ရမယ်” ဟူ၍ ပါရှိသည်။

ထိုအချက်များနှင့်အတူ မန္တလေးနှင့် အနီးဝန်းကျင်ရှိ စာပေပညာရှင်များ အနုပညာရှင်များထံက ထောက်ခံ လက်မှတ်များကို အမြန် ကောက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယက၊ အစိုးရ၊ ပါတီ၊ နိုင်ငံတော်ကောင်စီ၊ ပြည်တွင်းပြည်ပ မီဒီယာများ သတင်းဌာနများ၊ သံရုံးများ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေး ကော်မရှင်စသော အဖွဲ့အစည်း အသီးသီးကို ပေးပို့ တောင်းဆိုခဲ့ကြ၏။ ထိုလုပ်ဆောင်မှုသည် မန္တလေး စာပေနှင့်အနုပညာရှင်များ လုပ်သင့်လုပ်ထိုက်သည်ကို ဘောင်အတွင်းက ကနဦးဆုံး လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။ ထိုတောင်းဆိုချက်ကို စာရေးဆရာ၊ ဆရာမကြီးများသာမက ပညာရှင်များ၊ သဘင်၊ ဂီတ၊ သုခုမ နယ်ပယ်သာမက ပန်းချီ ပန်းပု ပန်းဆယ် မျိုး ပညာရှင်ကြီးများ ကလည်း အားတက်သရော လက်မှတ်ရေးထိုး ကြတော့သည်။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW